ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးမြင့်အောင်အပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေ(၁၀)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထုကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များထက်ကျော်လွန်အောင် ဒေသနှင့်ကိုက်ညီသည့်နည်းလမ်းများဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးပြီး လုပ်ငန်းအောင်မြင်မှုအခြေအနေများကို လေ့လာဆန်းစစ်နေရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တတိယအကြိမ် ချေးငွေအဆိုပြုချက်များအပေါ် စိစစ်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများ သို့ကွင်းဆင်းခဲ့စဉ် ပြည်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများကစိစစ်ပြီး ပြန်လည်တင်ပြလာခြင်းများအားလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ကယား)