Main menu

အချိန်တိုအတွင်း ဝင်ငွေရရှိနေသော တောင်ငူမြို့မှ မှိုစိုက်ပျိုးရေးလုပ်ငန်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း ဝင်ငွေရရှိနေသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံနှင့် ခြံအကျယ်အဝန်းရှိနေမှုကို အကျိုးရှိစွာအသုံးပြုထားသည်ကို တွေ့ရှိရပါသည်။

     မှိုစိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားသည့်အတွက် မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂)ကို တက်ရောက်ထားသူလည်းဖြစ်ပါသည်။ သင်ယူထားသော မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းပညာကို ကိုယ်ပိုင်အရင်းအနှီးဖြင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     မှိုစိုက်ပျိုးမှုကို လေ့လာရာတွင် ဝါစေ့ခွံ၊ လွှစာမှုန့်၊ ဆားခါး၊ ဖွဲနု၊ ဂလူးကို့စ်၊ ဂျုံနှင့် ထုံးတို့လိုအပ်ပါသည်။ ဝါစေ့ခွံကုန်ကြမ်းများကို တောင်ငူမြို့အရောက် ဝါစေ့ခွံကုန်ကြမ်းတစ်ပိဿာလျှင် ၆၀၀ ကျပ်နှုန်းဖြင့် မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှ  ဝယ်ယူရပါသည်။ ၁၀ ပိဿာဆန့်အိတ်ကြီးဖြင့်ထည့်၍ ကားဖြင့် တင်ပို့ပေးပါသည်။

     လွှစာမှုန့်အဖြစ် ရော်ဘာပင်လွှစာမှုန့်ကိုသာအသုံးပြုပြီး မော်လမြိုင်မြို့မှ မှာယူရပါသည်။ ဆားခါး ၂၅ ကီလိုဂရမ်တစ်အိတ်လျှင် ၃၄၀၀၀ ကျပ်၊ ဂလူးကို့ ၂၅ ကီလိုဂရမ်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဆန်ဖွဲနု ပိဿာ ၂၀ ဝင်တစ်အိတ်လျှင် ၁၉၀၀၀ ကျပ်၊ ဂျုံဖွဲနုတစ်အိတ်လျှင် ၂၂၀၀၀ ကျပ်၊ ထုံးတစ်အိတ်လျှင် ၃၅၀၀ ကျပ်တို့ဖြင့် ဝယ်ယူရပါသည်။

       မှိုမျိုးစေ့များကို တစ်ပုလင်းလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် မြဝတီမှ ဝယ်ယူရပါသည်။  မှိုမျိုးများကိုထုပ်ပိုးရန် (၇''×၁၂'') အိတ်ခွံများအသုံးပြုရပါသည်။ အိတ်ခွံတစ်ပေါင်လျှင် အိတ်ခွံ ၈၀၀ ခန့်ပါဝင်ပြီး ၂၇၀၀၀ ကျပ်ပေးချေရပါသည်။ မှိုပျိုးထုပ်များတွင် ကော်လံကွင်းများကိုထည့်ပေးရသဖြင့် ကော်လံကွင်း ၁၀၀ ခုလျှင် ၁၈၀၀ ကျပ်ပေးရပါသည်။ မှိုမျိုးများမထည့်ခင် ရောစပ်ထားသောသဘာဝမြေထုပ်များကို ၄ နာရီကြာပေါင်းရသည့်အတွက် ထင်းဖိုးတစ်ရက်လျှင် ၁၅၀၀ ကျပ်အသုံးပြုရပါသည်။             

     လုပ်သား ၃ ဦးဖြင့် တစ်ရက်လျှင် မှိုစိုက်ပျိုးရန် အိတ် ၃၀၀ ထုပ်ပါသည်။ လုပ်သားခအဖြစ် တစ်ဦးလျှင် တစ်ရက်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လုပ်သား ၃ ဦးအတွက် ၁၅၀၀၀ ကျပ် ကုန်ကျပါသည်။ စိုက်ပျိုးမှိုတစ်ထုပ်အတွက် အထွေထွေကုန်ကျစရိတ်မှာ ၅၅၀ ကျပ်ကုန်ကျသည်ဟု သိရှိရပါသည်။

       မှိုစိုက်ပျိုးထားသည့်စင်အဖြစ် အိတ် ၃၀၀၀ ဝင်ဆံ့သည့် အဆောက်အဦ ၂ လုံးအား ဆောက်လုပ်ထားပါသဖြင့် မှိုပျိုးထုပ် ၆၀၀၀ခန့်ကိုစိုက်ပျိုးနိုင်ပါသည်။ တစ်ရက်လျှင် အိတ် ၃၀၀ မှ အိတ် ၅၀၀ ပုံမှန်ထည့်သွားပါသည်။ မှိုအပင်ပေါက်ကုန်သွားသည့် အိတ်များကိုလည်း မှိုစိုက်ပျိုးစင်မှ ဖယ်ထုတ်ပါသည်။ မှိုထွက်ရှိနှုန်းအနေဖြင့် တစ်ရက်လျှင် ပိဿာ ၂၀ ခန့်ထွက်ရှိပါသည်။ မှိုတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ထွက်သမျှအားလုံး ခြံသို့လာဝယ်ကြကြောင်း၊ တစ်ရက်လျှင်ဝင်ငွေ ၇၀၀၀၀ ကျပ်ခန့် ပုံမှန်ရှိပါကြောင်းသိရှိရပါသည်။

     မှိုကြိုက်နှစ်သက်သူများအတွက် ရာသီချိန်တွင်ပေါက်သောမှိုများကို တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဝယ်ရပါသည်။ ယခုအခါ မှိုကြိုက်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ မှိုစိုက်ပျိုးခြံအတွက် လုပ်သားလိုအပ်သည့်အနေအထားကြောင့်  ဒေသခံများလည်း အလုပ်အကိုင်များရရှိလာကြပါသည်။ တောင်ငူမြို့တွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်ကြီးများရှိသည့်အတွက် မှိုဝယ်ယူသည့်ဈေးကွက်လည်းရှိနေပါသည်။

        ပျိုးထုပ်တစ်ထုပ်လျှင် ၄၀ ကျပ်သားမှ ၆၀ ကျပ်သားအထိထွက်ရှိသဖြင့် မှိုထွက်နှုန်း ၄၀ ကျပ်သားထွက်လျှင် ရောင်းရငွေ ၁၄၀၀ ကျပ်ရရှိ၍ အရင်း ၅၅၀ ကျပ်ရရှိသည့်အတွက် မှိုပျိုးထုပ်တစ်ထုပ်လျှင် အမြတ် ၈၅၀ ကျပ်ရရှိပါသည်။ ၆၀ ကျပ်သားထွက်လျှင် ရောင်းရငွေ ၂၁၀၀၀ ကျပ်ရရှိသည့်အတွက် အမြတ်ငွေ ၁၅၅၀ ကျပ်ရရှိကြောင်း မှိုစိုက်ပျိုး ရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်၏ မှိုစိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံနှင့် အခြေအနေများအား ရေးသားတင်ပြလိုက်ရပါသည်။ 

DOCA(ပဲခူး)‌