မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၂-၂၀၂၃) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများကိုး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူး ဒေါ်မာမာက အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာန၏သမိုင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင်က စားသုံးသူအခွင့်အရေးနှင့် CICCတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူလိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆွေးနွေးဟောပြောခဲ့မှုများအပေါ် ခြုံငုံ၍ စားသုံး/ထုတ်လုံတာဝန်ခံအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က အနှစ်ချုပ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များမေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၄၃၀)ဦးတို့ တက်ရောက်ခဲ့ကြကာ၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပြီး ကျောင်းစာကြည့်တိုက်တွင်ထားရှိနိုင်ရန်အတွက် ဥပဒေစာအုပ်များ ပေးအပ်ခဲ့ပါသည်။
စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများရရှိလာစေရေးနှင့် မိမိတို့လိုက်နာရမည့်တာဝန်များကို သိရှိလိုက်နာစေရေး၊ မိမိတို့နစ်နာဆုံးရှံးမှုများအပါ် တိုင်ကြားနိုင်သည့် အခွင့်အလမ်းများရရှိစေရေး အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကွေးတက္ကသိုလ်၌ (၇-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ (၁၄-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)