Languages

Main menu

မြန်မာ့သဘာဝရော်ဘာကဏ္ဍ၏ အာရုဏ်ဦးနေ့သစ်ကမ္ဘာ

Powered by Drupal

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီ အလိုက်စိုက်ပျိုးသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များအပြင် နှစ်ရှည်သီးပင်၊ စားပင် များကိုလည်း ဒေသအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အလားတူ စိုက်ပျိုးရေးကို အခြေပြု သည့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်၍ နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိပါသည်။ စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင် အမျိုးအစားဖြစ်သော ရော်ဘာပင်မှရရှိသည့် သဘာဝရော်ဘာထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေး နှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့နှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကဏ္ဍတစ်ရပ်ပင်ဖြစ်ပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ရော်ဘာစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိပါသည်။

          မြန်မာ့သဘာဝရော်ဘာသည် နှစ်ရှည်ပင်အမျိူးအစားဖြစ်သော ရော်ဘာပင်မှ ခြစ်ယူရရှိ သော ရော်ဘာစေးများကို ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ဖြင့် ထုတ်လုပ်ရာမှ ရရှိလာသော သဘာဝရော်ဘာ အမျိုးအစားဖြစ်ပါသည်။ အခြားသော ရေနံဓာတုဒြပ်ပေါင်းများမှ ရရှိသည့် synthetic rubber (ခေါ်) polyisoprene(IR) ရော်ဘာအမျိုးအစားသည်လည်း ကမ္ဘာ့ရော်ဘာ စျေးကွက်တွင် အထိုက်အလျောက်နေရာယူလျက်ရှိပါသည်။ သို့ရာတွင် ထုတ်လုပ်မှုလွယ်ကူ၍ အရည်အသွေးကောင်းမွန်မှုရှိသော သဘာဝရော်ဘာများ၏ အခန်းကဏ္ဍမှာလည်း တွင်ကျယ်လျက် ရှိပါသေးသည်။ မြန်မာ့ပို့ကုန်မဟာဗျူဟာတွင် ရော်ဘာကဏ္ဍသည်လည်း အဓိကပို့ကုန်တစ်ခု အဖြစ်ပါဝင်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် သဘာဝရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုမှ ရော်ဘာတန်ချိန် ၂ သိန်းဝန်းကျင်ခန့်သာ ထုတ်ယူနိုင်ခဲ့ပြီး တန်ချိန် ၈ သောင်းခန့်သာ ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထားချက်တန်ချိန် ၁၇၀၀၀၀ ထက်ကျော်လွန်၍ ပြည်ပသို့ တန်ချိန် (၂)သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပေသည်။ မြန်မာ့ ရော်ဘာထွက်ကုန်များသည် ကုန်ကြမ်းအမျိုးအစားများသာဖြစ်ပြီး စုစုပေါင်းရော်ဘာတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။  မြန်မာ့ သဘာဝရော်ဘာတင်ပို့မှုအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုများပြား လျက်ရှိပြီး အခြားသောဒေသတွင်း အာဆီယံနိုင်ငံအချို့နှင့် ဥရောပစျေးကွက်သို့ အနည်းအကျဉ်း မျှသာတင်ပို့နိုင်သည်ကိုတွေ့ရှိရပါသည်။ သို့ရာတွင်ဂျပန်နိုင်ငံမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံ၍ သတ်မှတ် စံချိန်စံညွှန်းများအတိုင်းထုတ်လုပ်ကာဂျပန်နိုင်ငံသို့ပြန်လည်တင်ပို့မှုများလည်းရှိပါသည်။

      မြန်မာ့ရော်ဘာအရည်အသွေးနှင့်ပတ်သက်၍ ယခင်က TSR (ခေါ်) Technically Specified Rubber များအဖြစ်ထုတ်လုပ်ခဲ့ရာမှ ယခုအခါတွင်နိုင်ငံတကာစံများနှင့်ကိုက်ညီသည့် MSR (ခေါ်) Myanmar Standard Rubber များဖြစ်သည့် MSR-5 ၊ MSR-10 ၊ MSR-20 တို့ကို ပြောင်းလဲ သတ်မှတ်၍ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်းသိရသည်။ MSR ရော်ဘာစံချိန်စံညွှန်းများသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီရေးဆွဲထားသော စံချိန်စံညွှန်းများဖြစ်ပါသည်။ ပြည်ပတင်ပို့မှုတွင် MSR -10 ၊ MSR-20 တို့ကိုတင်ပို့မှုများပြားပြီး Ribbed Smoked Sheet (ခေါ်)  မှိုင်းခံရော်ဘာအမျိုးအစားများဖြစ်သည့် RSS-1 ၊ RSS-2 ၊ RSS-3 ၊ RSS-4 ၊ RSS-5 များကိုလည်း တင်ပို့မှုများပြားပါသည်။ ထို့အပြင်ရော်ဘာကြိတ်ဖတ်များကို အတုံးပြုလုပ်ထားသော Crumb Rubber များကိုလည်း တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် TSR ရော်ဘာများကို ၁၉၆၉ ခုနှစ် ဝန်းကျင်မှစတင်ထုတ်လုပ်ခဲ့သော်လည်း ပုဂ္ဂလိကပိုင်စက်ရုံများအဖြစ် ၁၉၉၀ ဝန်ကျင်ခန့်မှသာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ TSR ရော်ဘာများ စတင်ထုတ်လုပ်စဉ်ကပင် ၎င်းတို့၏ အရည်အသွေးစံချိန်စံညွှန်းများအတွက် ၁၉၆၅ ထုတ် မလေးရှားရော်ဘာ စံချိန်စံညွှန်းများကို အခြေခံ၍ သတ်မှတ်ရေးဆွဲခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ပြောင်းလဲတိုးတက်လာသော စံချိန်စံညွှန်းများ၊ နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် စံချိန်စံညွှန်းနှင့်အရည်အသွေး သတ်မှတ်ချက်ပြုပြင်ပြောင်းလဲမှုများ နည်းပါးခဲ့ပါသည်။

      မြန်မာ့ရော်ဘာများကို ကုန်ကြမ်းများအဖြစ် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းရရှိမှုမှာ အခြားသောနိုင်ငံထွက် ရော်ဘာ များနှင့်နှိုင်းယှဉ်ပါက နည်းပါးမှုများရှိနေပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ မြန်မာ့ ရော်ဘာအရည်အသွေးစံချိန်စံညွှန်းများ အားနည်းခြင်းအပြင် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ် သော ရော်ဘာများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်း(Accreditated Lab) များလိုအပ်ခြင်း၊ စံချိန်စံညွှန်းမီ ရော်ဘာများအတွက် Certification System လိုအပ်ခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။ ထိုသို့သော အချက်များ ကြောင့် နိုင်ငံတကာမှဝယ်လက်များ၏ မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များအပေါ် ယုံကြည်မှုမှာ နည်းပါးလာပြီး စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှုနည်းပါးလာခြင်းဖြစ်ပါသည်။

     ထို့ကြောင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်း (Myanmar Natural Rubber Quality Testing Lab - MNRQTL) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့သဘာဝ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ဂျပန်နိုင်ငံရော်ဘာထုတ်လုပ်သူများအဖွဲ့ ( Japan Rubber Manufacturer Association) တို့ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနရှိ ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management Center - CTQM) လှည်းကူးတွင် တည်ထောင်ခဲ့ပါသည်။ အဆိုပါဓာတ်ခွဲခန်း တည်ထောင်ရန်အတွက် ဂျပန်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry –METI) ၏ ကူညီမှုဖြင့် (Trade Overseas Human Resource and Industry Development Association- HIDA) မှ နည်းပညာပိုင်းဆိုင်ရာ များထောက်ပံ့ပေးခဲ့ပြီး သင်တန်းများလာရောက်ပို့ချပေးခဲ့ပါသည်။ MNRQTL ဓာတ်ခွဲခန်းကို မြန်မာ့သဘာဝရော်ဘာများ၏ အရည်အသွေးနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ စစ်ဆေးချက်လက်မှတ်များ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော MNRQTL စီမံခန့်ခွဲမှု လုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

    MNRQTL ဓာတ်ခွဲခန်းအနေဖြင့် မြန်မာ့သဘာဝရော်ဘာများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာရော်ဘာအသင်း (International Rubber Association – IRA) ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန်လိုအပ်ချက်ရှိနေပါသေးသည်။ ဓာတ်ခွဲစမ်းသပ်ခြင်း(Testing) (ဆေးဘက် ဆိုင်ရာဓာတ်ခွဲစမ်းသပ်ခြင်းမှလွဲ၍)နှင့် စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း (Calibiration) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲခန်းများသည် ပုံမှန်အားဖြင့်ဆိုပါက နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO-17025 Accreditation) ကို နိုင်ငံတကာအသိအမှတ်ပြု Accreditation Body များထံမှ ရယူလေ့ရှိသော်လည်း ရော်ဘာကဏ္ဍတွင် မတူကွဲပြားသော အခြေအနေများရှိနေပါသည်။ နိုင်ငံတကာအသိအမှတ်ပြု သဘာဝရော်ဘာဓာတ်ခွဲခန်း တစ်ခုအနေဖြင့် IRA ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန် အဓိကလိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် IRA ၏ အဖွဲ့ဝင်ဖြစ်ရေးကို ဦးစွာဆောင်ရွက်ခဲ့ရပြီး ၎င်းတို့စေလွှတ်သည့် ကိုယ်စားလှယ်များ၏ ဓာတ်ခွဲခန်းအခြေအနေ စစ်ဆေးမှုများကိုခံယူခဲ့ရပါသည်။ အလားတူ IRA  ၏ အဖွဲ့ဝင်နိုင်ငံများအပေါ် ဝင်ရောက်ဖြေဆိုစေသည့် Proficiency Testing Programme Series များကိုလည်းဝင်ရောက်ဖြေဆိုခဲ့ပါသည်။ Proficiency Testing (PT Test) ဆိုသည်မှာ တိကျစွာတိုင်းတာရေးနည်းပညာ (Metrology) အရ နမူနာ တစ်မျိူးတွင် ပါဝင်ပစ္စည်းများ တိကျစွာထည့်သွင်းပြီး ၎င်းတို့၏ပမာဏကို ဓာတ်ခွဲခန်းများက ပြန်လည်စစ်ဆေး၍ ဖြေဆိုခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။ အဆိုပါ PT Test များကို ရော်ဘာကဏ္ဍ တွင် Round Robin Test ဟုလည်းခေါ်ဆိုကြပါသည်။ သဘာဝရော်ဘာ အရည်အသွေး စစ်ဆေးမှုတွင် အဓိကအားဖြင့် အမှိုက်အမှုန်များစစ်ဆေးမှု (Dirt Content)၊ ပြာဓာတ်စစ်ဆေးမှု (Ash Content)၊ အငွေ့ပျံနိုင်သော ဒြပ်ပေါင်းပါဝင်မှုစစ်ဆေးခြင်း (Volatile Matter)၊ နိုက်ထရိုဂျင် ပါဝင်မှု (Nitrogen Content)၊ ဆွဲဆန့်မှုခံနိုင်ရည်စစ်ဆေးခြင်း (Initial Plasiticity)၊ ပြန်လည်ကျုံ ဝင်နိုင်မှုကိန်းညွှန်း စစ်ဆေးခြင်း (Plasiticity Retention Index) စသည်တို့ပါဝင်ပါသည်။ သဘာဝရော်ဘာ စမ်းသပ်စစ်ဆေးမှုအတွက် PT Test များကို IRA ၏ ကြီးမှူးမှုဖြင့် မလေးရှား ရော်ဘာဘုတ်အဖွဲ့ (MRB) မှတာဝန်ယူစစ်ဆေးပေးကြောင်းသိရှိရပါသည်။ IRA ၏အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန် PT Test များကို (၄) ကြိမ်ဆက်တိုက် အောင်မြင်ရန်လိုအပ်ပြီး အဆိုပါ PT Test များကို (၆) လလျှင် (၁)ကြိမ် ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။

  MNRQTL ဓာတ်ခွဲခန်းအနေဖြင့် PT Test များကို 118th Series Proficiency Testing Programme မှစတင် ဝင်ရောက်ဖြေဆိုခဲ့ရာ 119th Series ၊ 120th Series ၊ 121sh Series ၊ 122nd Series များအထိဖြေဆိုပြီးဖြစ်ပါသည်။ MNRQTL သည် 119th Series မှစတင်၍ PT Test များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ယခုနောက်ဆုံးအကြိမ်ဖြေဆိုခဲ့သော 122nd Series တွင်လည်း အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည့်အတွက် IRA ၏ အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါသည်။ ဆက်လက်၍ IRA အသိအမှတ်ပြုဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ခံရ ပါက မြန်မာ့သဘာဝရော်ဘာထုတ်လုပ်မှုများကို စမ်းသပ်စစ်ဆေး၍ MNRQTL လုပ်ငန်း စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် အရည်အသွေးစံချိန်စံညွှန်းများအလိုက် (MSR-5 ၊ MSR-10 ၊ MSR-20) စသည်ဖြင့် Certification လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန် ဥပဒေအခန်း (၃) ပုဒ်မ (၄) အပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပို့ကုန်သွင်းကုန်၏ ပစ္စည်းအမျိုးအမည်နှင့် အဆင့်အတန်း များ သတ်မှတ်ရာတွင် ပြည်ပတင်ပို့သည့် မြန်မာ့သဘာဝရော်ဘာ၏ စံအရည်အသွေးသတ်မှတ်ချက် (Myanmar Standard Rubber MSR 5 ၊ MSR 10 ၊ MSR 20) အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၁၇)ဖြင့်  ပြည်ပတင်ပို့သည့် မြန်မာ့သဘာဝရော်ဘာ စံ အရည်အသွေးသတ်မှတ်ချက် (MSR-5၊ MSR-10၊ MSR-20) များသတ်မှတ်သည့်အမိန့်ကို ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

  ထိုသို့ မြန်မာ့သဘာဝရော်ဘာအရည်အသွေးများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပေးနိုင်ပါက နိုင်ငံတကာသို့တင်ပို့နေသော မြန်မာ့သဘာဝ ရော်ဘာများကို တစ်ဖက်ဝယ်လက်နိုင်ငံများမှ အရည်အသွေးဆိုင်ရာ ယုံကြည်စိတ်ချရမှုရရှိပြီး ရောင်းသူဝယ်သူအကြား ခိုင်မာသောဆက်ဆံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ အလားတူပင် နိုင်ငံတကာစျေးကွက်တွင် မြန်မာ့သဘာဝရော်ဘာများ၏ စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှုများ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အရည်သွေးဈေးကွက်သို့ တင်ပို့နိုင်မှု မြင့်တက် လာမည်ဖြစ်ပေသည်။ ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာ့ သဘာဝရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည့် CTQM ရှိ MNRQTL ဓာတ်ခွဲခန်းသည် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်၍ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အဓိကကဏ္ဍတစ်ရပ်အဖြစ်ပါဝင်လျက်ရှိသော မြန်မာ့ သဘာဝရော်ဘာ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအပေါ် အကျိူးပြုနိုင်တော့မည်ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတကာစျေးကွက်အတွင်း ဈေးကွက်ရှားပါးမှု စျေးနှိမ်ခံရမှု အရိပ်ဆိုး များမှ လွတ်မြောက်ပြီး ကောင်းမွန်သော အရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့်ကောင်း မွန်သော စျေးနှုန်းများရရှိနိုင်မည့် နေ့သစ်အာရုဏ်ဦးစတင်နိုင်တော့မည် ဖြစ်ကြောင်းတင်ပြလိုက် ရပေသည်။

CTQM