စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်ရပ်ဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရခိုင်ပြည်နယ်ရှိ လက်ရှိဆီစက်လုပ်ငန်းရှင်များနှင့် ဆီစက်အသစ်တိုးချဲ့တည်ဆောက်တပ်ဆင်လိုသည့် လုပ်ငန်းရှင် (၃၅) ဦးအနက် စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်များရှိ ဆီစက်စီးပွားရေးလုပ်ငန်းရှင် (၁၉) ဦး၏ နိုင်ငံတော်မှ ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားခြင်းအပေါ် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဆီစက်လုပ်ငန်းချေးငွေအဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခွဲဖြစ်သော စစ်တွေခရိုင်၊ ဆီစက်အဆိုပြုလွှာကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ဦးဇေယျာလင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန)အဖွဲ့ခေါင်းဆောင်၊ ဦးအောင်တင်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး ၊စိုက်ပျိုးရေးဦးစီးဌာန)အဖွဲ့ဝင်၊ ဦးမြင့်အောင်ကျော်(ဆီစက်လုပ်ငန်းရှင်များနှင့်ဆီကုန်သည်များအသင်း)အဖွဲ့ဝင်၊ ဦးမောင်လှဝင်း(ဦးစီးအရာရှိ၊ စားသုံးသူရေးရာဦးစီးဌာန)အတွင်းရေးမှူးပါဝင်သောအဖွဲ့သည် (၆-၃-၂၀၂၃) ရက်နေ့မှ (၇-၃-၂၀၂၃) ရက်နေ့အတွင်း ဆီစက်အသစ်တည်ဆောက်တပ်ဆင်လိုသည့် လုပ်ငန်းရှင်များနှင့် လက်ရှိဆီစက်အား အဆင့်မြှင့်တင်ဆောင်ရွက်သူနှင့် လုပ်ငန်းလည်ပတ်ရန်ပုံငွေရယူလိုသူလုပ်ငန်းရှင်များ၏ တင်ပြထားသောဆီစက်လုပ်ငန်းချေးငွေအဆိုပြုလွှာများကို သတ်မှတ်ထားသောအချက်များနှင့်အညီ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆီစက်လုပ်ငန်းရှင်များ၏ ချေးငွေလိုအပ်ချက်၊ လိုအပ်သည့်ချေးငွေပမာဏ၊ ဆီစက်အရေအတွက်တို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။ ဆီစက်များအနေဖြင့် ဆီစက်သီးနှံကုန်ကြမ်းများ ရယူဆောင်ရွက်မှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဈေးကွက်အခြေအနေ၊ လက်ရှိကုန်ထုတ်လုပ်မှုစွမ်းအားပမာဏနှင့် တိုးချဲ့ထုတ်လုပ်နိုင်သည့်အစီအမံ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရောင်းချရရှိမှုဝင်ငွေ၊ စက်ယူနစ်အစိတ်အပိုင်းများကို အစားထိုးမွမ်းမံပြင်ဆင်ကာ အဆင့်မြှင့်တင်ဆောင်ရွက်မည့်စီမံချက်၊ ဆီစက်ချေးငွေအဆိုပြုလွှာတွင် ဖော်ပြချက်များသည် မြေပြင်အခြေအနေနှင့် ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် သင့်လျော်သည့်ချေးငွေပမာဏကို စိစစ်တင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ လက်ရှိလုပ်ကိုင်နေသူ ဆီစက် (၃) စက်နှင့် အသစ်တည်ဆောက်လုပ်ကိုင်ရန် လျှောက်ထားသူ (၂) ဦးနှင့် ကျောက်တော်မြို့နယ်ရှိ ဆီစက်လက်ရှိ လုပ်ကိုင်နေသူ (၁၃) စက်နှင့် အသစ်တည်ဆောက်လုပ်ကိုင်ရန်လျှောက်ထားသူ (၁) ဦး၊ လက်ရှိဆီစက်အား အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်(၁၆)ဦးနှင့် အသစ်တည်ဆောက်တပ်ဆင် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင် (၃) ဦး စုစုပေါင်း ဆီစက်ချေးငွေအဆိုပြုတင်ပြထားသူ (၁၉) ဦးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းက ဆီစက်လုပ်ငန်းရှင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ပြဋ္ဌာန်းချက်များအား ချပြဆွေးနွေးပြီး ကုန်အညွှန်းအမှတ်တံဆိပ်ဖြင့် ဖြန့်ချိတင်ပို့ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်/အမှတ် အသားဖော်ပြမှုမရှိဘဲ ရန်ကုန်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့နယ်များသို့ ဖြန့်ချိတင်ပို့ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်တံဆိပ်/အမှတ်အသားများကို ပြည့်စုံစွာဖော်ပြပြီး စသည့်မြို့နယ်များသို့ ဖြန့်ချိတင်ပို့နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိစေရေး လာရောက်လျှောက်ထားကြရန် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(ရခိုင်)