စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် အဆိုပါကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာများအား လာရောက်ဟောပြောဆွေးနွေးပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးစတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Centre ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ဗွီနိုင်းများကို ပြည်နယ်ဦးစီးမှူးက ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)