စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၇-၃-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ရပ်ကွက်(၂၃)လမ်းတွင် ထုတ်လုပ်သော “ရွှေပန်းသီး”အမှတ်တံဆိပ်မုန့်လုပ်ငန်းရှင် ဦးဘိုလင်းအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
“ရွှေပန်းသီး”အမှတ်တံဆိပ်ဖြင့် (ဘယ်ရီကိတ်၊ ချောကလက်ကိတ်၊ ပူတင်းကိတ်၊ ကွေကာကိတ်၊ ငှက်ပျောကိတ်၊ နို့စိမ်းကိတ်နှင့် ကြက်မျှင်)ကုန်စည်(၇)မျိုးအား ထုတ်လုပ်လျက်ရှိပြီး မကွေးမြို့နှင့် မင်းဘူးမြို့များတွင် ဖြန့်ချိရောင်းချကြောင်း၊ လုပ်ငန်းစတင်လုပ်ကိုင်သည်မှာ (၂)လခန့်သာရှိသေးကြောင်းနှင့် ပြင်ပလုပ်သားမပါဘဲ မိသားစု(၄)ဦးဖြင့်သာ တစ်နိုင်တစ်ပိုင်စတင်လုပ်ကိုင်နေကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
မကွေးခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါ အရန်သင့်အစားအစာအမျိုးမျိုး၌ မြန်မာစာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သူ၏ဖုန်းနံပါတ်နှင့်လိပ်စာများပါ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်(၂/ ၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)