စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၀-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဥဒေါင်းမင်းဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းများပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)