ပြည်မြို့၏ သစ်သီးဝလံနှင့်ပန်းမန်ဈေးကွက်တွင် အလှပန်းအိုးထိုးရန် ဘုရားပန်း၊ ကပ်လှူပူဇော်ရန်အတွက် ပန်းအလှမျိုးစုံရောင်းဝယ်လျက်ရှိကြရာ သစ္စာပန်း၊ မေမြို့ပန်း၊ ဇော်စိမ်း၊ ဇော်လုံး၊ ဇော်ကျား၊ နှင်းဆီ၊ လီလီ၊ သစ်ခွ စသည့်ဖြင့် ဒေသထွက်ပန်းများအပြင် နေရာဒေသစုံမှထွက်ရှိသော ပန်းမျိုးစုံရောင်းဝယ်မှုရှိကြပါသည်။ အဆိုပါပန်းများနှင့်အတူ ဘုရားပန်းအိုးကပ်လှူရန်အတွက် ကြာရှည်လည်းခံ၊ အညွှန့်အခက်များဖြင့် ဝေဝေဆာဆာ၊ စိမ်းစိမ်းစိုစိုနှင့် လှပကျက်သရေရှိလှသော အောင်သပြေပန်းငုတ်များမှာလည်း ဘုရားပန်းဈေးကွက်၏ ၃ပုံ၂ပုံခန့်ဖြစ်၍ နေရာတွင်ကျယ်စွာရောင်းချလာကြပါသည်။ ပြည်ပန်းဈေးကွက်အတွင်း ရောင်းချကြသောသပြေပန်းငုတ်များသည် ပြည်ဒေသမှထွက်ရှိခြင်းမဟုတ်ဘဲ နေပြည်တော်နှင့် အနီးတဝိုက်ဒေသများမှ ထွက်ရှိသည့်အတွက် နေပြည်တော်မှ မှာယူရောင်းချကြသည်ဟု သိရှိရပါသည်။ မှာယူရောင်းချကြသူများအနေဖြင့် ပန်းငုတ်အကြီး ၁၀၀ ငုတ်ပါ ခြင်းတစ်ခြင်းလျှင် (၁၅၀၀၀၀)ကျပ်ခန့်နှင့် ပန်းငုတ်အရွယ်အစားအသေးငုတ် (၁၅၀)ငုတ်ပါ ခြင်းတစ်ခြင်းလျှင် (၁၂၀၀၀၀)ကျပ်မှ (၁၅၀၀၀၀) ကျပ်ထိ၊ ပန်းပုံသဏ္ဌာန်နှင့် အရွယ်အစားပါဝင်မှုပမာဏအပေါ်မူတည်၍ ဈေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ပန်းငုတ်အပင်ကြီးတစ်ပင်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ကျော်ခန့်အထိ ရောင်းချကြသကဲ့သို့ ပန်းငုတ်အသေး၊ အရွယ်အစား၊ အလတ်စားခွဲခြား၍ တစ်ပင်လျှင် (၅၀၀)ကျပ်မှ (၁၀၀၀-၁၂၀၀)ကျပ်ထိ ရောင်းချကြပါသည်။ ဘုရားပန်းကပ်လှူရန် ဝယ်ယူသူများအနေဖြင့်လည်း အဆိုပါသပြေငုတ်များသည် ဘုရားပန်းကပ်လှူသည့်အခါ မြေအိုးများတွင် ကပ်လှူထားသည့်အခါ အလွယ်တကူမညှိုးနွမ်းဘဲ စိမ်းစိမ်းစိုစိုဖြင့် အနည်းဆုံးရက်သတ္တပတ်(၂)ပတ်၊ (၃)ပတ်မှ (၁)လကျော်ထိကြာရှည်ခံသည့်အတွက် ဈေးကြီးပေးဝယ်ရသော်လည်း အကြိုက်တွေ့ကြကြောင်း သိရှိရပါသည်။ အမွှေးရနံ့မရှိသော်လည်း စိမ်းစိုလှပကျက်သရေရှိလှသော နေပြည်တော်သပြေပန်းငုတ်များသည် ပန်းဈေးကွက်အတွင်း ရောင်းပန်းလှ၍ ရောင်းအားကောင်းသောပန်းတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)