ပန်းဂေါ်ဖီသည် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး သဲဆန်သောနှုန်းမြေအမျိုးအစားတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ပန်းဂေါ်ဖီကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာတွင် စိုက်ပျိုးထားရှိပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နှင့်အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးမှာ ဘူးမန်း(၁၅၃)မျိုးကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ ဝါးတောကျေးရွာအနေဖြင့် ပန်းဂေါ်ဖီကို (၄)ဧကခန့်စိုက်ပျိုးထားကြောင်း သိရှိရပါသည်။
ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်ပျိုးသော တောင်သူ ဦးမောင်မြင့်နှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ရှိ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် (၇-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင်ကွင်းဆင်း၍ ပန်းဂေါ်ဖီဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို မေးမြန်းခဲ့ပါသည်။ အဆိုပါတောင်သူက ပန်းဂေါ်ဖီ (၀.၂၅)ဧကစိုက်ပျိုးထားရှိပြီး၊ စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ကျပ်(၂)သိန်းခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးဧက (၀.၂၅) ဧကတွင် ရောင်းတန်းဝင်ပန်းဂေါ်ဖီအပွင့် (၃၀၀၀)ပွင့်ခန့်ထွက်ရှိပါသည်။ ရောင်းချသည့်ဈေးနှုန်း များမှာ တစ်ပွင့်လျှင် ခြံဈေး(၃၀၀)ကျပ်ခန့်ရရှိသဖြင့် တောင်သူအကျိုးအမြတ်အနေဖြင့် (၇)သိန်း ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ပန်းဂေါ်ဖီတစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအသားတင်အမြတ်မှာ (၂၈)သိန်းခန့်ရရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ရွှေတောင်ဒေသမှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ခြံထဲအထိဆင်း၍ ဝယ်ယူမှုရှိသည့်အပြင် ရွှေတောင်မြို့ရှိဈေးများနှင့် ပြည်ဈေးကွက်သို့လည်း တင်ပို့ရောင်းချမှုရှိပြီး ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
ဝါးတောကျေးရွာတွင် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူ(၁၀)ဦးခန့်ရှိပြီး စိုက်ပျိုးသည့်မျိုးနှင့် အပင်ပြုစုစောင့်ရှောက်မှုကောင်းလျှင်ကောင်းသလို အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်လည်းရရှိနိုင်သဖြင့် ရာသီချိန်သီးနှံအဖြစ် စိုက်ပျိုးလျှင်တွက်ခြေလည်းကိုက်သည့်သီးနှံဖြစ်ပါသည်။
DOCA(ပဲခူး)