(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ၁၈-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ We Love Mawlamyine ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပြခန်းများဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ရာ ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းပါကြောင်း၊ MSME လုပ်ငန်းများမှထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်လုပ်မှုများတင်ပို့နိုင်ရေး ကြိုးပမ်းကြစေလိုပါကြောင်း၊ စီးပွားရေးဝန်းကျင်ကောင်းများဖြစ်ထွန်းလာစေရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ငွေကြေးအထောက်အပံ့များရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအထောက်အပံ့ရရှိရေးကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့များသည် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါပြခန်းများတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့က ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများ၊ MSME ပြခန်းများ၊ မွန်ရိုးရာအစားအသောက်များရောင်းချသည့်ဆိုင်ခန်းများ၊ စုစုပေါင်း (၈၂) ခန်းပြသခဲ့ကြပြီး လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)