Main menu

ဆိပ်ဖြူမြို့နယ်တွင် ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ (ပင်ထောင်)ခရမ်းချဉ်ဆက်လက်စိုက်ပျိုး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုင်းကျွန်းမြေစိုက်ပျိုးရေးလုပ်ငန်းများဖြင့်တွဲဖက်ကာ တစ်နိုင်တစ်ပိုင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ခရမ်းချဉ်များစိုက်ပျိုးလျက်ရှိပါသည်။ တောင်သူများအနေဖြင့် ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ကျဆင်းမှုမရှိဘဲ တစ်ပိဿာလျှင် ကျပ် (၁၀၀၀) ကျော်ဖြင့် နေ့စဉ်ရောင်းချနေရသဖြင့် စိုက်ပျိုးရောင်းချသည့်တောင်သူများအတွက် အဆင်ပြေနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

   ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးဝင်းဌေးက နှစ်စဉ် ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းချဉ်စိုက်ပျိုးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရမ်းချဉ်ကို မြေပြင်သီး(ပင်ပြန့်) ခရမ်းချဉ်နှင့် (ပင်ထောင်)ခရမ်းချဉ်ကို စိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်ကာ မိသားစုအပိုဝင်ငွေရရှိရန် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် မိုးဦးနှင့်မိုးနှောင်းကာလများတွင် ရာသီအလိုက်စိုက်ပျိုးပြီး ယခုနှစ်တွင် ခရမ်းချဉ်ဈေးကွက်ကောင်း၍ မိုးနှောင်းကာလ၌ မိုးကြက်သွန်နီ(ဥ)စိုက်တူးဖော်ပြီး အခင်းလွတ်များတွင် (ပင်ထောင်)ခရမ်းချဉ်ကို ဆက်လက်စိုက်ပျိုးထားရှိကြောင်း၊ မိုးဦးစိုက်ခရမ်းချဉ်များမှာ မိုးများလျှင် ပျက်စီးမှုများပြီး မိုးနှောင်းကာလစိုက်(ပင်ထောင်)ခရမ်းချဉ်မှာ ထိခိုက်ပျက်စီးမှုနည်းကြောင်း၊ (ပင်ထောင်)ခရမ်းချဉ်သီးကို ဇန်နဝါရီလတွင် စတင်ပျိုးကာ (၂၀) ရက်သားအရွယ်တွင် စိုက်ခင်းအတွင်း ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ ပျိုးပင်(၂၅၀၀)ကျော်ခန့် စိုက်ပျိုးထားရှိကြောင်း၊ စားသုံးသူများဝယ်ယူသုံးစွဲမှုများပြီး အထားခံသောထိုင်ဝမ်မျိုးကို စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

    (ပင်ထောင်)ခရမ်းချဉ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား၌ (၁)ပေအကွာအဝေးဖြင့် ဘောင်တင်မြောင်းဖော်ကာ လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပြီး ဝါးကျစ်တိုင်ထောင်ပြီး စင်တင်၍ ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်သားမှစ၍ အပင်သန်မာကြီးထွားကာ ခရမ်းချဉ်ပင်အမြစ်ပိုးဝင်ရောက်ဖျက်ဆီးမှုရန်မှကင်းစင်စေရန် အပင်ခြေတွင် ဖွဲပြာမှုန့်ပုံထားရကြောင်း၊ ယခုတွင် (ပင်ထောင်) ခရမ်းချဉ်မှာ တစ်လသားအရွယ်ရှိပြီး အပွင့်လိုက်နေပြီဖြစ်ကြောင်း၊ ပင်ထောင်ခရမ်းချဉ်စိုက်ခင်းမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ ယခင်မိုးဦးစိုက်ခရမ်းချဉ် တစ်ဧကလျှင် ပျိုးပင်(၅၀၀၀)ခန့်စိုက်ပျိုးခဲ့ပြီး  အပင်များသည် အသေအပျောက်များ၍ ခရမ်းချဉ် ပိဿာ(၅၀၀၀)ပိဿာဝန်းကျင်ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ ကျပ်(၁၅၀၀ မှ ၁၂၀၀)ထိဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ သိန်း(၃၀)ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့၍ ယခုမိုးနှောင်းရာသီတွင် ပင်ထောင်ခရမ်းချဉ်(၀.၅)ဧက၌ ပျိုးပင်(၂၅၀၀)ပင်ခန့်စိုက်ပျိုးထားရှိကြောင်း၊ ဖျက်ပိုးကင်းပြီး ရာသီဥတုမှန်ကန်ပါက ပိဿာ(၃၀၀၀)ခန့်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ယခုနှစ်ခရမ်းချဉ်ဈေးကွက်မှာ မိုးဦးစိုက်သီးနှံပေါ်စကတည်းက ဈေးကောင်းရရှိခဲ့ကြောင်း၊ ယခုအချိန်ထိ ခရမ်းချဉ်ဈေးကွက်၌ ခရမ်းချဉ်းသီးတစ်ပိဿာလျှင် ကျပ်(၁၀၀၀)အထက် ရောင်းချနေရ၍ ယခုစိုက်ပျိုးနေသော ပင်ထောင်ခရမ်းချဉ်သီးပေါ်ချိန်တွင်လည်း ယခုဈေးနှုန်းဖြင့် ဆက်လက်ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများအတွက် တွက်ချေကိုက်ကြောင်း ဒေသခံတောင်သူက ပြောပါသည်။

   ခရမ်းချဉ်သီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသများတွင် မိသားစုဝင်တိုင်း နေ့စဉ် မပါမဖြစ်ချက်ပြုတ်သုံးစွဲကြပြီး အလွယ်တကူချက်ပြုတ်စားသောက်ရသော ဟင်းလျာဖြစ်၍ ဝယ်ယူစားသုံးမှုများ၍ လက်လီ/လက်ကားရောင်းချ၍ကောင်းသော ကုန်စိမ်းသီးနှံဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ ခရမ်းချဉ်စိုက်တောင်သူများမှာ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေနေကြကြောင်း ဒေသခံခရမ်းချဉ်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)