Main menu

ကောင်းမှုတော်ဘုရားရိပ်က သနပ်ခါးဈေးကွက်

Powered by Drupal

     ဇေယျာစစ်ကိုင်းတောင်ရိုးသမိုင်းတွင် ဝါတွင်းဘုရားစဉ်များအရ မှတ်တမ်းပြုစုရာတွင် ပေါရာဏလင်္ကာမင်္ဂလာမှတ်တမ်းအရ “ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ-လေး-ပ-ထူ-ရှင်-အောင်-အမြှောင်ငါးထပ်ကြီး၊ အပြီးကောင်းမှုတော်”ဟူ၍ စာဆိုပြုခဲ့ကြသည်။ နှစ်စဉ် မြန်မာပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့မှစ၍ ပုံ - ပုညရှင်ဘုရား၊ တောင်- တောင်ဖီလာဘုရား၊ ဇေ - ဇေတဝန်ဘုရား၊ ချမ်း - ချမ်းသာကြီးဘုရား၊ ဥ - ဥမင်သုံးဆယ်ဘုရား၊ နန်း - ရှင်ပင်နန်းဦးဘုရား၊ နံ - ရှင်ပင်နံကိုင်းဘုရား၊ လေး - လေးကျွန်းမာန်အောင်ဘုရား၊ ပ - ပတ္တမြားစေတီဘုရား၊ ထူ - ထူပါရုံဘုရား၊ ရှင် - ရှင်ဖြူရှင်လှ ဘုရား၊ အောင် - အောင်မြေလောက ကျောက်စေတီဘုရား၊ “အမြှောင်ငါးထပ်ကြီး” သီတင်းပတ်များမှအပ သီတင်းကျွတ်လဆန်း(၅)ရက်နေ့တွင် မြှောင်၍ပြုလုပ်သော ငါးထပ်ကြီးဘုရားနှင့် “အပြီးကောင်းမှုတော်”၌ ဝါတွင်းဘုရားစဉ်ပွဲတော်များ အပြီးသတ်နောက်ဆုံးနေ့ သီတင်းကျွတ်လပြည့် ကောင်းမှုတော်ဘုရားဟူ၍ ဘုရားပွဲတော် (၁၄)ပွဲ ကျင်းပကြပါသည်။ ကောင်းမှုတော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်၌လည်း ဘုရားပွဲတော်တစ်ကြိမ်ထပ်မံကျင်းပသဖြင့် တစ်နှစ်လျှင် ပွဲတော်နှစ်ကြိမ်ကျင်းပသည့် စေတီတစ်ဆူဖြစ်ပါသည်။

     ဘုရားသမိုင်းကြောင်းမှတ်တမ်းများအရ ကောင်းမှုတော်ဘုရားကို သီရိသုဓမ္မရာဇာမဟာဓိပတိ သာလွန်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၉၈ခုနှစ်၊ တော်သလင်းလဆန်း (၁၀) ရက်နေ့တွင် စေတီတော်မြတ်ကြီးတည်ရန် ပန္နက်အုတ်မြစ်ချခဲ့သည်။ သပိတ်တော်၊ စွယ်တော်၊ ဆံတော်နှင့် များစွာသောသရီရဓာတ်တော်မွေတော်တို့ကို ပထမအကြိမ် ဌာပနာပွဲကျင်းပကာ အချိန်(၁၂)နှစ်ကြာ တည်တော်မူခဲ့ရသည်။ ဘုရား၏ဘွဲ့တော်မှာ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားဟု ခေါ်တွင်ကြောင်း သိရှိရပါသည်။

     နှစ်စဉ်ကျင်းပသည့် ပွဲတော်ရက်များနှင့် နေ့စဉ်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့်ပြည်သူများအား ကောင်းမှုတော်ဘုရားရိပ်ရှိ ဆိုင်ခန်းများမှ ဒေသထွက်ကုန်သနပ်ခါးများရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ ရောင်းချသည့်သနပ်ခါးများမှာ ပခုက္ကူ၊ ရေစကြိုဒေသထွက်များ၊ အရာတော်၊ ကျောက်မှော်(ယင်းမာပင်)၊ မုံရွာ၊ စစ်ကိုင်း စသည့်ဒေသများမှ သနပ်ခါးများကို အပင်ပြတ်ဝယ်ယူ၍ ရောင်းတန်းဝင်အရွယ်သနပ်ခါးတုံးများ ဖြတ်တောက်ခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်းများပြုလုပ်၍ သနပ်ခါးထွက်ရှိသော ဒေသနာမည်၊ သနပ်ခါးဆိုင်နာမည်တို့ကို သနပ်ခါးတုံးတွင် တံဆိပ်ရိုက်နှိပ်ပြီး ရောင်းချကြသည်။ ကောင်းမှုတော်ဘုရားရိပ်တွင် သနပ်ခါးတုံးရောင်းသည့် ဆိုင်ခန်းပေါင်း (၅၀)ခန့်ရှိပြီး၊ သနပ်ခါးဈေးနှုန်းများမှာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်တုံးလျှင် အနိမ့်ဆုံးကျပ် (၂ဝဝဝ-/၊ ၃ဝဝဝ/-) မှ အမြင့်ဆုံးကျပ် (၁၅ဝဝဝ/-၊ ၂ဝဝဝဝ/-) ထိ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရပါသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးကောင်းမှုတော်ဘုရားအပါအဝင် အခြားတန်ခိုးကြီးဘုရားများစွာကို လာရောက်ဖူးမျှော်ရင်း အရည်အသွေးစစ်မှန်သည့်ဒေသထွက်ကုန်များဖြစ်သော သနပ်ခါးမျိုးစုံတို့ကို လာရောက်ဝယ်ယူနိုင်ပါကြောင်း ဇေယျာရွှေမြေစစ်ကိုင်းမြို့မှ ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(စစ်ကိုင်း)