Main menu

မလေးရှားနိုင်ငံ၌ ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းပင်အိုများပြားမှုကြောင့် စားအုန်းဆီ ဈေးကွက် အကျပ်အတည်းဖြစ်ပေါ်နိုင်

Powered by Drupal

    ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။

    ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီအထွက်နှုန်း တိုးတက်မှု မှာ ၃ % အောက် လျော့နည်းတွေ့ရှိရနိုင်ကြောင်း မလေးရှားစားအုန်းဆီအသင်းမှ အမှုဆောင်အရာရှိချုပ် Mr. Joseph Tek က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ ဒေသအချို့တွင် မိုးသည်းထန်စွာရွားသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ် ခဲ့မှုကြောင့် ကာလတိုအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျပ်တည်းနိုင်ပြီး အဓိကအားဖြင့် ဆီအုန်းရိတ်သိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် ဆီအုန်းသီးနှံအရည်အသွေးကျဆင်းမှုဖြစ်ပေါ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရပါသည်။

    ထို့အပြင် သက်တမ်း ၂၅ နှစ်ထက် ပိုကြီးသော ဆီအုန်းပင်အရေအတွက် များပြားလာပြီး ဆီအုန်းပင် စိုက်ပျိုးမှု လျော့နည်းလာကြောင်း သိရပါသည်။ မလေးရှားနိုင်ငံ၌ ဆီအုန်းအဓိက စိုက်ပျိုးသည့် ဆာဘတ်(Sabah) ပြည်နယ်တွင် သက်တမ်း ၂၅ နှစ် ထက်ပိုမိုသော ဆီအုန်းပင် အရေအတွက် အများဆုံးရှိပြီး ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် ဆီအုန်းအပင်သစ် ပြန်လည်စိုက်ပျိုးမှုမှာ နှောင့်နှေးကြန့်ကြာမှုရှိကြောင်း၊ လွန်ခဲ့သော ၃ နှစ်ကြာ လာနီညာရာသီဥတု (La Nina) ဖြစ်ပေါ်မှုက ဆီအုန်းပင်၏ အမြစ်ဖွဲ့စည်းမှုကို ဆိုးဝါးစွာထိခိုက်စေပြီး အဆိုပါ အမြစ်ဖွဲ့စည်းမှုကို ပြန်လည်ကောင်းမွန်လာအောင် ဓာတ်မြေဩဇာများဖြင့် ပြုပြင်ခြင်းက အချိန်ကြာမြင့်နိုင်ကြောင်းနှင့် စားအုန်းဆီ ထုတ်လုပ်ရောင်းချမှု အကျပ်အတည်းကြောင့် လတ်တလော ကာလတွင် စားအုန်းဆီ တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ (အမေရိကန်ဒေါ်လာ ၈၈၅) ခန့် ဖြစ်ပေါ်နိုင်ကြောင်း Mr. Joseph Tek က ပြောဆိုပါသည်။

    ယခုနှစ်အတွင်း လာနီညာရာသီဥတုမှ အယ်နီညို (El Nino) ရာသီဥတုသို့ ပြောင်းလဲနိုင်ဖွယ်ရှိမှုနှင့်အတူ ရာသီဥတု အခြေအနေဆိုးဝါးမှု မြင့်တက်လာနေပါသည်။ ကမ္ဘာပေါ်တွင် ဆီအုန်းအားလုံးနီးပါး စိုက်ပျိုးထွက်ရှိရာ အရှေ့တောင်အာရှဒေသတွင် ရာသီဥတု စက်ဝန်းဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဆီအုန်းပင်များ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရပါသည်။

Source: Bloomberg, March 11, 2023