စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၃-၂၀၂၃) ခုနှစ်၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့သည် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UNT ဦးသိန်းနိုင်” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်ထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်သော စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကို စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ ဌာနကထုတ်ပြန် ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)