Main menu

မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ တွေ့ဆုံဆွေးနွေး

Powered by Drupal

    ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် (၂၄-၃-၂၀၂၃)  ရက်‌နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဒေးဒရဲမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးကျော်ညွှန့်နှင့် တွေ့ဆုံခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးပွဲသည် ပြည်တွင်း/ပြည်ပကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးစေရန် အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေး၊ ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြု၍ ပြည်တွင်း/ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေးတို့ကို ရည်ရွယ်ပါသည်။ အသင်းအနေဖြင့်လည်း စားသုံးသူပြည်သူများသည် တည်ငြိမ်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချမှုများဆောင်ရွက်ခဲ့ပါသည်။ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နိုင်ငံစီးပွားရန်ပုံငွေဖြင့် တောင်သူများနှင့်အကျိုးတူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ဒေးဒရဲမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ အား ထိရောက်သောပံ့ပိုးမှုများဖြင့် ကူညီဆောင်ရွက်ပေးပြီး တောင်သူတို့၏ အကျိုးစီးပွားမြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန်တို့အတွက် ဆန်စပါးရောင်းဝယ်ရေးအများပိုင်ကုမ္ပဏီတစ်ခုဖွဲ့စည်းတည်ထောင်ဆောင်ရွက်လျက်ရှိပါသည်။ အသင်းအနေဖြင့် ဓာတ်မြေဩဇာ  ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းမြှင့်တက်ခြင်း၊ လျှပ်စစ်မီးအချိန်မှန်မရရှိခြင်း၊ COVID-19 ကာလ၌  နစ်နာဆုံးရှုံးမှုများရှိခဲ့သော်လည်း အလုပ်သမားမိသားစုများ၏စားဝတ်နေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးတို့သည် ဆန်စက်လုပ်ငန်းပိုင်ရှင်များတွေ့ကြုံနေ ရသည့် စိန်ခေါ်မှုများဖြစ်ပါသည်။

          မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဘဏ္ဍရေးမှူး ဦးကျော်ညွှန့်က ဓာတ်မြေဩဇာနှင့်စက်သုံးဆီဈေးနှုန်းများတည်ငြိမ်လျော့ကျစေရေးနှင့် လျှပ်စစ်မီးအသုံးပြု၍ လည်ပတ်နေသောစက်များရှိသဖြင့် လျှပ်စစ်မီးပုံမှန်ရရှိလျှင် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ယခုနှစ်နွေစပါးရာသီတွင် နိုင်ငံစီးပွား  ရန်ပုံငွေဖြင့် ဆန်စက်ပိုင်ရှင်များနှင့်တောင်သူများပူးပေါင်း၍ အကျိုးတူဆောင်ရွက်လျက်ရှိပြီး ဆန်စပါးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆန်စပါးရောင်းဝယ်ရေးအများပိုင်ကုမ္ပဏီကို အမြန်ဆုံးဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတိုးတက်စေရေးအတွက်    သွင်းအားစုနှင့်   စက်သုံးဆီဈေးနှုန်းများထိန်းညှိဆောင်ရွက်ပေးစေလိုကြောင်းတို့အား ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုကို နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)