Languages

Main menu

ဟင်္သာတမြို့နယ်တွင် Riceberry စပါးစမ်းသပ်စိုက်ပျိုး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ထွန်ယက် တောင်သူအကျိုးပြု ကုမ္ပဏီလီမိတက်မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ ပခန်းရွာ နှင့် ကျုံတုံးအုပ်စု၊ ရဲကွင်းရွာ၊ တလုတ်ကုန်းကျေးရွာတို့တွင်  တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ Riceberry စပါးမျိုး (၂၅) ဧကကိုစမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ စပါးမျိုးသည် ထိုင်း ငချိတ်နှင့် ထိုင်း စံပယ် ဆန်မွှေးတို့ကို မျိုးစပ်ထားသော စပ်မျိုးစပါးဖြစ်ပြီး ထိုင်းနိုင်ငံမှတ်ပုံတင် စပါးမျိုး ဖြစ်ပါသည်။ ၎င်းကို ချက်ပြုတ်သည့်အခါ ငချိတ်ထမင်းကိုရရှိပြီး အဆိုပါငချိတ်ထမင်းသည် ရိုးရိုးထမင်းဖြူ ထက် အမျှင်ဓာတ် ပိုမိုပါဝင်ပြီး gluten free ဖြစ်သည့်အတွက် ဆီးချိုရောဂါရှင်များအတွက်လည်း သင့်လျော်ပြီး၊ အမျှင်ဓာတ် ပါဝင်မှုများသည့်အတွက် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာကို ကာကွယ်နိုင်ပါသည်။ Rice Berry ဆန်သည် ကိုလက်စထရော လျှော့ချခြင်းကို လုပ်ဆောင်ပေးတဲ့အတွက် အဝလွန်ခြင်းနှင့်  နှလုံးရောဂါ အခံရှိသူများ စားသုံးရန် အထူးသင့်လျော်ပြီး၊ ၎င်းကို သာမန်ထမင်းချက်သလို ပေါင်းအိုး နှင့်ချက်ပြုတ်နိုင်ပါသည်။ ဆန်တဆ ရေနှစ်ဆ ထည့်ချက်ပါက သင့်လျော်ပြီး မချက်ခင် ၂၀မိနစ်ခန့် ရေစိမ်ထားရင် ပိုကောင်းပါသည်။ ယခုနှစ်တွင် ဟင်္သာတမြို့၌ (၂၅) ဧက ကို တောင်သူငါးဦးနှင့် ကြဲခင်းစနစ် ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် မျိုးနှင့် သွင်းအားစုတန်ဖိုး တစ်သိန်းခုနှစ်သောင်းကျပ် ကုန်ကျခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလဆန်းတွင် ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် (၅၀) တင်းမှ (၆၅)တင်းနှုန်း ခန့်  ထွက်ရှိခဲ့ပြီး၊ လာမည့်နှစ်များတွင် အထွက်နှုန်း ပိုမိုလာနိုင်ကြောင်းနှင့် ထွန်ယက် ကုမ္ပဏီအနေ ဖြင့်  Riceberry စပါးတင်း တရာလျှင် ငွေကျပ်ရှစ်သိန်း ဈေးနှင့်ပြန်လည် ဝယ်ယူခဲ့ကြောင်း၊  Riceberry ကို တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုး ထုတ်လုပ် ရောင်းချလျက်ရှိပြီး ပူးပေါင်း စိုက်ပျိုး လိုသော တောင်သူများကိုလည်း ဖိတ်ခေါ် လျက်ရှိကြောင်း ထွန်ယက်ကုမ္ပဏီ ၏ ဟင်္သာတ မြို့နယ် တာဝန်ခံ ဦးခိုင်စိုးမင်းက ပြောပြခဲ့ပါသည်။ ထွန်ယက် ကုမ္ပဏီအနေဖြင့် တောင်သူများကို စပါးရိတ်ခြွေစက်များ၊ ပြောင်းရိတ်ခြွေစက်များ၊ ထွန်စက်ကြီးများဖြင့် ဝန်ဆောင်မှုပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန