Main menu

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၌ နေကြာသီးနှံ စိုက်ပျိုးရေး အစိုးရကတွန်းအားပေးဆောင်ရွက်

Powered by Drupal

      ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တောင်သူများစွာသည် နေကြာကို ဝင်ငွေရအကောင်းဆုံးသီးနှံအဖြစ်လည်းကောင်း၊ စားအုန်းဆီ သို့မဟုတ် ပဲပုတ်ဆီတို့၏ နေရာ၌ နေကြာဆီကို အစားထိုးအသုံးပြုနိုင်ကြောင်း သိမြင်မှုများ တိုးပွားလာ၍လည်းကောင်း  နိုင်ငံအနှံ့အပြားတွင် နေကြာသီးနှံကို စိုက်ပျိုးလာကြကြောင်း သိရပါသည်။

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ Bagerhat ခရိုင်၊ Fakirhat စီရင်စုတွင် မြေလပ် ဧရိယာ ၁၅၀ ဟက်တာအထိ နေကြာသီးနှံ စိုက်ပျိုးမှုရှိလာသဖြင့် Upazila ခေါ် စီရင်စုနယ်မြေ ဒေသများ၌ အလုပ်အကိုင်များ ဖန်တီးနိုင်ကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းမြင့်မားမှုနှင့် အကျိုးအမြတ်များစွာရရှိမှုအပေါ် မူတည်၍ နေကြာသီးနှံအား ပိုမိုရွေးချယ် စိုက်ပျိုးလာခြင်း ဖြစ်သည်ဟု အဆိုပါခရိုင်ရှိ စိုက်ပျိုးရေးပညာပေးဌာနက ပြောဆိုကြောင်း၊ ထို့အပြင် တောင်သူ ၁၀၃၀ ဦးသည် အစိုးရ၏ ဆွဲဆောင်မက်လုံးပေးမှုများကြောင့် မြေဧရိယာ ၁၃၇ ဟက်တာတွင် နေကြာသီးနှံကို စိုက်ပျိုးကြခြင်းဖြစ်ပြီး ယခုနှစ်တွင် အထွက်နှုန်း တိုးတက်ရရှိခဲ့သည်ဟု  စီရင်စုနယ်မြေစိုက်ပျိုးရေးရုံးမှ အရာရှိများ ပြောကြားကြောင်းဖြင့် Dhaka Tribune သတင်းဌာနက ဖော်ပြပါသည်။

          တောင်သူများ၏ ပြောကြားချက်အနေဖြင့် နေကြာစိုက်ပျိုးထားသည့် စိမ်းဝါရောင်လယ်ကွင်းကြီး၏ သဘာဝအလှအပများကို ကြည့်ရှုခံစားရန် လာရောက်လည်ပတ်သူများရှိကြောင်း၊ ရာသီဥတုကောင်းမွန်မည်ဆိုပါက လာမည့်နှစ် နေကြာကြိတ်ခွဲရာသီတွင် အထွက်နှုန်းများပြား လာမည်ဖြစ်ကြောင်း၊ ဆက်လက်အသုံးပြုခြင်းမရှိတော့သည့် မြေလပ်များတွင် နေကြာစိုက်ပျိုးမှု အောင်မြင်ကြောင်း၊ ကျန်းမာရေးနှင့် ဈေးနှုန်းအရ အသင့်တော်ဆုံးဖြစ်သည့် စားသုံးဆီဖြစ်သောကြောင့် နေကြာကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျက်ရှိကြကြောင်း သိရှိရပါသည်။

         ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအပေါ် မှီခိုရမှုအား လျှော့ချနိုင်ရန် ရည်ရွယ်၍ တောင်သူများသို့ အမျိုးမျိုးသော ဆွဲဆောင်မက်လုံးပေးမှုများဖြင့် နေကြာစိုက်ပျိုးမှု တိုးတက်များပြားလာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျိုးစေ့များနှင့်မြေဩဇာများ ဖြန့်ဝေပေးခြင်း၊ နေကြာစိုက်ပျိုးမှု နည်း ပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် Khulna ဒေသရှိ စိုက်ပျိုးရေးပညာပေးဌာန၏ တွဲဖက်ညွှန်ကြားရေးမှူး Mr. Mohon Kumar Ghosh က ပြောဆိုပါသည်။ 

Source: Dhaka Tribune, April 1, 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)