“နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးထားရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သုံးသီးစားစနစ် မိုးစပါး၊ မတ်ပဲ၊ နွေစပါး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြပါသည်။ တောင်ငူမြို့နယ်သည် တန်ဖိုးရှိလှသော သဘာဝအရင်းအမြစ်များ တည်ရှိနေပါသည်။ အရှေ့ရှမ်းရိုးမပေါ်တွင် ပသိဆည်၊ တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမ တောင်ပေါ်တွင် ခပေါင်းဆည်တို့ ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအတွက် လုံလောက်စွာရေပေးထားနိုင်ပါသည်။
ယခုနှစ်တွင် သဖန်းပင်ကျေးရွာနှင့် ပဲချက်ကျေးရွာတို့၌ ဆိုလာစနစ်ဖြင့် ရေတင်၍ နွေစပါးများအား ရေလုံလောက်စွာ ပေးထားပါသည်။ ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကမ်းနီ ဆည်ရေ သောက် ၁၂၂၀ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ခပေါင်းဆည်ရေသောက် ၁၀၇၉၂ ဧက၊ ရွာတန်းရှည် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၆၀၀ ဧက၊ သဖန်းပင်ဆိုလာစနစ် မြစ်ရေ တင်စီမံကိန်း ၂၀၀ ဧက၊ ပဲချက်ဆိုလာစနစ် ဆည်ရေတင်စီမံကိန်း ၁၅၀ ဧက၊ ချောင်းပိတ်/တာတမံ ပိတ် ၅၁၃ ဧကနှင့် အင်းအိုင် ၁၀၇၁ ဧက၊ စုစုပေါင်း ၁၇၈၉၁ ဧကကို အောင်မြင်စွာ စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရ သိရပါသည်။ စပါးများ ရေသောက်ချိန်တွင် ဆည်ရေကို လုံလောက်စွာပေးထားသည်ကို တွေ့ရပါသည်။ နှံကောက်၊ နယူးဧရာ၊ ဆင်းသုခ၊ ရက် ၉၀ စပါးများ အများဆုံးစိုက်ပျိုးထားပါသည်။
နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများ အား လယ်တစ်ဧကစိုက်ပျိုးလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကို ထုတ်ပေးထားသည့်အတွက် စပါးများပိုမိုဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရပါသည်။ ဇန်နဝါရီလလယ်လောက်မှ စတင်မြေပြင်စိုက်ပျိုးထားသည့် စပါးများမှာ ဧပြီလကုန်တွင် ရိတ်သိမ်းတော့မည် ဖြစ်ပါသဖြင့် တောင်သူကြီးများ နွေစပါးစိုက်ပျိုး ဝင်ငွေတိုး၍ ပြုံးပျော်နိုင်ကြတော့မည် ဖြစ်ပါသည်။
DOCA(ပဲခူး)