Main menu

စပါးခွံဓါတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် တောင်ငူမြို့က အေးမေတ္တာဆန်စက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာဘုရားလမ်းရှိ အေးမေတ္တာ တန်(၂၀၀)ကျဆန်စက်ကြီးသည် စပါးခွံဓါတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓါတ်အားရရှိအောင် ဆောင်ရွက်နေပါသည်။ တောင်ငူမြို့နယ်တွင် နွေစပါး ၁၈၇၄၁ ဧက စိုက်ပျိုးထားရာ နွေစပါးထွက်ရှိလာချိန်တွင် လုံလောက်သော လျှပ်စစ်ဓါတ်အားရရှိအောင် ကိုယ်ပိုင်အရင်းအနှီးဖြင့် ဆောင်ရွက်နေပါသည်။

     စပါးစိုက်တောင်သူများသည် စပါးရိတ်သိမ်းချိန်တွင် ခေတ်မီစပါးရိတ်သိမ်း ချွေလှေ့စက် ဖြင့်ရိတ်သိမ်းကြပါသည်။ စပါးပွဲစားများသည် လယ်ကွင်းထဲ၌ဆင်း၍ ဝယ်ယူကြရာ တောင်သူဦးကြီး များသည် ရိတ်သိမ်းချွေလှေ့စက်မှ စပါးချသည်နှင့် အိတ်သွတ်၍ ချက်ချင်းရောင်းချကြပါသဖြင့် အစို ဓါတ် ၁၉ % မှ ၂၁ % အထိ ရှိနေတတ်ပါသည်။ စပါးပွဲစားများက စက်ရုံသို့ ပြန်လည်ရောင်းချသည့်အခါ စက်ရုံများက အစိုဓါတ်များနေသည့် စပါးများကို ခေတ်မီအခြောက်ခံစက်များဖြင့် အစိုဓါတ် ၁၄ % သို့ ရောက်ရှိအောင် အခြောက်ခံကြရပါသည်။

       စပါးအခြောက်ခံစက် အသုံးပြုချိန်တွင် လုံလောက်သောလျှပ်စစ်ဓါတ်အား မရရှိပါက စပါးများ အပင်ပေါက်ခြင်း၊ ဆန်အဝါရောင်ပြောင်းသွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ နေရောင်ခြည်ဖြင့် စပါးလှမ်းမည်ဆိုပါကလည်း နေရာအခက်အခဲရှိခြင်း၊ လုပ်သားများ ပိုမိုသုံးစွဲရခြင်း၊ မိုးဦးရာသီဖြစ်သည့်အတွက် အချိန်မရွေးမိုးရာသွန်းနိုင်၍ လှမ်းထားသောစပါးများ မိုးမိနိုင်ခြင်းစသည့်အခက်အခဲများ ရှိပါသည်။

       အေးမေတ္တာဆန်စက်သည် စပါးခွံဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရန် 300 KW စက်နှစ်လုံး တပ်ဆင်လိုက်သည့်အတွက် လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို စိတ်ပူစရာမလိုတော့ဘဲ ဝယ်ယူရရှိသည့်စပါးများကို နေ့ချင်းအခြောက်ခံနိုင်မည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအဖြစ် RH-10 NISSAN DIESEL အင်ဂျင်နှစ်လုံး ကျပ်သိန်း ၁၁၀၀၊ စပါးခွံ Gasifier နှစ်လုံး ကျပ်သိန်း ၆၀၀၊ ဒိုင်နမို  300 KW နှစ်လုံး ကျပ်သိန်း ၄၀၀၊ စက်တပ်ဆင်ခ ကျပ် ၆၅ သိန်းဖြင့် အဆောက်အဦမပါ ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်း ၂၂၀၀ ရင်းနှီးထားပါသည်။

  Gasifier မှ ထွက်လာသောရေဆိုးကို စနစ်တကျစွန့်ပစ်နိုင်အောင် ရေစစ်ကန်များ အဆင့်ဆင့် ပြုလုပ်ထားရှိပါသည်။ အင်ဂျင်များမှ အသံဆူညံခြင်းမရှိအောင် အသံလုံစနစ်များ တပ်ဆင်ထားခြင်း၊ မီးခိုးငွေ့များ စနစ်တကျ ထုတ်ထားခြင်းများကိုလည်း ဆောင်ရွက်ထားပါသည်။

    ဒီဇယ်အင်ဂျင်တွင် Gasifier မှ ဓါတ်ငွေ့နှင့် ဒီဇယ်ကို တွဲသုံးနိုင်ပြီး Dual ဖြစ်သည့်အတွက် ဒီဇယ်ဆီ ၇၅ % မှ ၈၀ % အထိ လျှော့ချနိုင်ပါသည်။ RH-10 ဒီဇယ်အင်ဂျင်တစ်လုံး ပုံမှန် တစ်နာရီမောင်းလျှင် ဒီဇယ်ဆီ ၉ ဂါလံကုန်ကျပါသည်။ ယခု ဓါတ်ငွေ့ကို တွဲသုံးသည့်အတွက် တစ်နာရီလျှင် ဒီဇယ်ဆီ တစ်ဂါလံသာ ကုန်ကျပါသည်။ စပါးခွံ အသုံးပြုမှုအနေဖြင့် တစ်နာရီလျှင် စပါးခွံ နှစ်တင်းဝင်အိတ် ၁၈ အိတ်သာ အသုံးပြုရပါသည်။

     Gasifier လည်ပတ်နိုင်အောင် စက်များတပ်ဆင်သည့်အပိုင်းကို ဧရာဝတီတိုင်းဒေသကြီးမှ ဆရာဦးမြင့်ခိုင်က တာဝန်ယူဆောင်ရွက်ပေးပါသည်။ လုပ်ငန်းစတင်ချိန်တွင် ရင်းနှီးငွေများသော်လည်း ဆန်စက်များတွင် စပါးခွံပေါများစွာ ရရှိနေခြင်း၊ ဒီဇယ်အသုံးပြုမှု ကုန်ကျစရိတ် လျှော့ချလာနိုင်ခြင်းတို့ကြောင့်  ရေရှည်တွင် အကျိုးအမြတ်ရရှိလာနိုင်ကြောင်း ဆန်စက်ပိုင်ရှင် ရှင်းလင်း ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)