အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ လက်ဝယ်သိုလှောင်ထားရှိမှုကို ထုတ်ဖော်ကြေညာရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရ၏အချက်အလက်စင်္ကြန်စနစ်၌ လုပ်ငန်းရှင်များ၏ ကုန်လက်ကျန်ထုတ်ဖော်တင်ပြမှုအခြေအနေအပေါ် သုံးသပ် ဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို ၁၂-၄-၂၀၂၃ နေ့တွင် ကျင်းပရာ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနမှ အတွင်းဝန် Mr. Rohit Kumar Singh နှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုရှိသည့် ပြည်နယ်များဖြစ်သော အန္တရာပရာဒေ့ရှ်၊ ဒေလီ၊ ဂူဂျရတ်၊ ကာနာတကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ ရာဂျပ်စတန်၊ တမီနာဒူနှင့် ဥတာပရာဒေ့ရှ်တို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာန၏ ကုန်လက်ကျန်အချက်အလက်စင်္ကြန်သို့ ဝင်ရောက်မှတ်ပုံတင်ပြီးသည့် လုပ်ငန်းရှင်အရေအတွက်နှင့် ၎င်းတို့ထုတ်ဖော်ကြေညာထားသည့် ပဲစင်းငုံနှင့်မတ်ပဲကုန်ချိန်ပမာဏတို့ကို ပြည်နယ်အလိုက် ပြန်လည်သုံးသပ်ခြင်း၊ ကုန်လက်ကျန်စာရင်း ထုတ်ဖော်တင်ပြမှုရှိစေရေး အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်ရမည့် နယ်မြေဧရိယာများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်အချို့တွင် အမှန်တကယ် မှတ်ပုံ တင်ရမည့် လုပ်ငန်းအရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိသည်ဟု တွေ့ရှိရကြောင်း၊ အချို့သောပြည်နယ်များ၌ ထုတ်ဖော်ကြေညာထားသည့် ပဲစင်းငုံ သိုလှောင်ရုံလက်ကျန် ပမာဏသည် ၎င်းဒေသတွင်း ထုတ်လုပ်မှုနှင့် စားသုံးမှုပမာဏများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ဈေးကွက်အတွင်း ပါဝင်မှုရှိသူများအားလုံးကို လွှမ်းခြုံမှုရှိစေရန်အတွက် စားသောက်ကုန် FSSAI လိုင်စင်၊ လယ်ယာထွက်ကုန်ရောင်းဝယ်မှု APMC မှတ်ပုံတင် လက်မှတ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် GST မှတ်ပုံတင်လက်မှတ်နှင့် သိုလှောင်ရုံလုပ်ငန်းများ၏ အချက်အလက်များကို ကြည့်ရှုစစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့များသို့ လမ်းညွှန်ခဲ့ကြောင်း၊ ထို့ အပြင် ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားကြောင်း တင်ပြသည့် ပမာဏအား တိုက်ဆိုင်စစ်ဆေးမှုပြု ရန်နှင့် အစိုးရ၏ အချက်အလက်စင်္ကြန်သို့ ဖော်ပြခြင်းမရှိသော ကုန်စည်ပမာဏအတွက် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည်အက်ဥပဒေ သို့မဟုတ် ၁၉၈၀ ပြည့်နှစ် မှောင်ခိုတားဆီးရေးနှင့် အရေး ကြီးကုန်စည် ထောက်ပံ့ထိန်းသိမ်းမှု အက်ဥပဒေအရ သင့်လျော်သည့် အရေးယူမှုများ ဆောင်ရွက် ရန် ညွှန်ကြားခဲ့ကြောင်းဖြင့် အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာန၏ ၁၂-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ပဲစင်းငုံ သိုလှောင်ထားရှိမှု မြေပြင်အခြေအနေကို သိရှိနိုင်ရန်အတွက် အဓိကစိုက်ပျိုး ထုတ် လုပ်သည့် နယ်မြေများ၊ ကုန်သွယ်ရောင်းဝယ်သည့် ဒေသများသို့ ကွင်းဆင်းစစ်ဆေးရန် အဆင့်မြင့် အရာရှိ ၁၂ ဦးအား အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Source: Press Information Bureau of India, 12 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)