အိန္ဒိယနိုင်ငံတွင် စားသုံးဆီဝယ်ယူတင်သွင်းသူများသည် နှစ်ပေါင်းများစွာကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် စားအုန်းဆီတန်ချိန် ၇၅၀၀၀ ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်ခဲ့ပြီး နေကြာဆီနှင့် ပဲပုပ်ဆီတို့ကဲ့သို့ အဆင့်မြင့်စားသုံးဆီများကို ပြောင်းလဲရွေးချယ်လာကြသည်ဟု အိန္ဒိယဆီလုပ်ငန်းရှင် ၅ ဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
ပုံမှန်အားဖြင့် စားအုန်းဆီကို အခြားအဆင့်မြင့်စားသုံးဆီများထက် ဈေးနှုန်းသက်သာစွာ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်သော်လည်း ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်မှုကန့်သတ်ချက်များ ဆောင်ရွက်ခြင်းက စားအုန်းဆီကို အဆင့်မြင့်စားသုံးဆီ ဈေးနှုန်းအဆင့်ရောက်ရှိစေပြီး နေကြာဆီနှင့် ပဲပုပ်ဆီများ၏ ဝယ်ယူသူများအား ဆွဲဆောင်မှုကို ပိုမိုဖြစ်ပေါ်လာစေပါသည်။
ယင်းအခြေအနေတွင် အချို့သောအိန္ဒိယဝယ်လက်များသည် မေလအတွင်း သင်္ဘောတင်ဆောင်ရာ၌ စားအုန်းဆီကိုလျော့ချလျက် အဆင့်မြင့်စားသုံးဆီများကို တိုးမြှင့်တင်သွင်းရန် ဆောင်ရွက်လာကြကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက် ပေါက်ဈေးအပေါ် ဈေးနှုန်းတစ်ရပ် သတ်မှတ်ပြီး ဝယ်ယူသူက ရောင်းချသူထံ ပြန်လည်ရောင်းချသည့်စနစ်ဖြင့် စားအုန်းဆီအရောင်းအဝယ်စာချုပ်များကို ပယ်ဖျက်ရန် နှစ်ဖက်သဘောတူညီမှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ အဆင့် ဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုလျော့ချခြင်းသည် မလေးရှားစားအုန်းဆီဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့၏ ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ ဖြစ်စေ မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
အိန္ဒိယဟင်းသီးဟင်းရွက်ဆီ လုပ်ငန်းနယ်ပယ်၌ အရောင်းအဝယ်သဘောတူညီမှုများ ဖျက်သိမ်းခြင်းမှာ ယခင်ကအလွန်နည်းပါးကြောင်း၊ ပယ်ဖျက်သည့်ပမာဏမှာလည်း တန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်သာရှိကြောင်း၊ ယခုကဲ့သို့ စားအုန်းဆီ ဝယ်ယူမှု ပမာဏများပြားစွာ ပယ်ဖျက်သည့်အကြောင်းအရင်းမှာ ထူးခြားသည့်ဈေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ လွန်ခဲ့သောလများအတွင်း နေကြာဆီ၊ ပဲပုပ်ဆီကဲ့သို့ အဆင့်မြင့်စားသုံးဆီဈေးနှုန်းများ ကျဆင်းခဲ့ချိန်၌ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ အဆင့်မြင့်စားသုံးဆီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့် လျော့နည်းခဲ့သော်လည်း ရှေ့လာမည့် မေလအတွင်း သင်္ဘောတင်မည့် စားအုန်းဆီဈေးနှုန်းသည် ဒေါ်လာ ၃၀ မျှသာ လျော့နည်းတော့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမှာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဈေးကွက်ရာသီတွင် တစ်လပျမ်းမျှ တန်ချိန် ၈၇၉၀၀၀ ခန့် ရှိသော်လည်း လာမည့်မေလအတွင်း တင်သွင်းမည့် စားအုန်းဆီပမာဏမှာ တန်ချိန် ၇၀၀၀၀၀ သို့ လျော့ကျဖွယ်ရှိကြောင်း အိန္ဒိယကုန်သည်များက ပြောဆိုပါသည်။
အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းလျက်ရှိပြီး ပဲပုပ်ဆီနှင့် နေကြာဆီကို အာဂျင်တီးနား၊ ဘရာဇီး၊ ရှရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းကြောင်း သိရှိရသည်။
Source: Reuters, 19 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)