နံ့သာငါးပါးထဲတွင်ပါဝင်သော စန္ဒကူး(ခေါ်)နံ့သာဖြူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် အာရှဒေသများတွင် အလေးအနက်ထားသုံးစွဲခဲ့ကြသည့် အပင်တစ်မျိုးဖြစ်ပါသည်။ စန္ဒကူး(ခေါ်)နံ့သာဖြူသည် ဆေးဖက်ဝင်သည့်အပြင် ၎င်းအပင်ကိုအမွှေးနံ့သာအဖြစ်လည်း အသုံးပြုလျက်ရှိကြပြီး အချို့သောဘာသာရေးအခမ်းအနားများတွင်လည်း အမွှေးနံ့သာအဖြစ် အသုံးပြုကြပါသည်။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်တည်ရှိသော သမိုင်းဝင်ကျောင်းတော်ရာဘုရားကြီး၌ စန္ဒကူးပင်စုစုပေါင်း (၂၅၀၀)ပင်ခန့်စိုက်ပျိုးထားရှိပြီး အမှတ်စဉ်များတပ်ကာ စိုက်ပျိုးထားလျက်ရှိရာ နံပါတ်စဉ်(၉)သည် အခြားအပင်များထက် လွန်စွာမွှေးပျံ့ကြိုင်လှိုင်လျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ဘုရားဝန်းတစ်ဝန်းလုံးတွင်လည်း နံ့သာဖြူရနံ့များသင်းပျံ့မွေးကြိုင်လျက် ဘုရားဖူးလာသူမိဘပြည်သူများရင်ဝယ် စိတ်အေးချမ်းသာယာမှုကိုရရှိစေပါသည်။
စန္ဒကူး(ခေါ်)နံ့သာဖြူပင်များသည် အမြဲစိမ်းလန်းသည့် အလယ်အလတ်သစ်ပင်မျိုးဖြစ်ပြီး အခြားအပင်များ၏အစာများကို မြေအောက်အမြစ်များမှတစ်ဆင့် စုပ်ယူစားသုံးကြသည့် ကပ်ပါးပင်အမျိုးအစားလည်းဖြစ်သည်။ ရေမွှေးထုတ်လုပ်ရာတွင် နံ့သာဖြူပင်၏အဆီအနှစ်ကို အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပြီး အဆီအနှစ်ပါသည့် နံ့သာဖြူသားတစ်ပိဿာလျှင် ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းအထိတန်းဖိုးရှိကြောင်းလည်း လေ့လာသိရှိရပါသည်။
နံ့သာဖြူပင်သည် နေရောင်ကောင်းစွာရရှိ၍ ပူအိုက်စိုစွတ်သည့်ရာသီဥတုမျိုးကိုနှစ်သက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ မှ ပေ ၃၀၀၀ကျော်အမြင့်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ကာ မိုးရေချိန်လက်မ ၃၀ မှ ၇၀ အတွင်း ကောင်းစွာဖြစ်ထွန်းအောင်မြင်နိုင်သော သက်တမ်းရင့်အပင်တစ်မျိုးဖြစ်ပါသည်။ နံ့သာဖြူပင်ကို နုန်းဆန်သောရေစိမ့်ဝင်မှုအားကောင်းသည့်မြေများတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းအောင်မြင်နိုင်သော်လည်း နံ့သာဖြူ၏အရည်အသွေးမှာမူ အဆီအနှစ်ပါဝင်မှုနည်းပါးကား ရနံ့မွေးပျံ့မှုနည်းပါးကြောင်းနှင့် မြေနီ၊ ခဲမြေ၊ ကျောက်စရစ်ဆန်သောမြေ စသည့်မြေညံ့အမျိုးအစားများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းအောင်မြင်နိုင်ကြောင်း သိရှိရပါသည်။
နံ့သာဖြူပင်သည် စိုက်ပျိုးသည့်မြေတွင် တိုက်ရိုက်အစေ့ချပြီး စိုက်ပျိုး၍ရသော်လည်း ပျိုးထောင်ပြီးမှစိုက်ပျိုးလျှင် ပိုမိုကောင်းမွန်ကြောင်း၊ ပျိုးအိတ်တစ်အိတ်လျှင် မျိုးစေ့ (၂) စေ့နှုန်းဖြင့် ပျိုးထောင်နိုင်ပြီး ပျိုးအိတ်များကို နေ့စဉ်ရေလောင်းပေးရကြောင်း၊ ရေမများနိုင်စေရန်လည်း ဂရုစိုက်ပေးရန်လိုကြောင်း၊ တစ်လ၊ တစ်လခွဲခန့်လောက်တွင် အပင်ပေါက်ပြီး အပင်ပေါက်များမှာ တစ်ပေခွဲ၊ နှစ်ပေခွဲအရွယ်ရှိလျှင် ပြောင်းရွေ့စိုက်ပျိုးနိုင်ကြောင်းလည်း သိရှိရပါသည်။ အပင်ပေါက်များကို ပြောင်းရွေ့စိုက်ပျိုးမည်ဆိုလျှင် စိုက်ပျိုးမည့်မြေကို (၁)ပေပတ်လည်ကျင်းတူးရကြောင်း၊ ထို့နောက် မြေတစ်ဆ၊ နွားချေးမြေဆွေးတစ်ဆ၊ သဲတစ်ဆရော၍ စိုက်ပျိုးမည့်မြေကျင်းအား ရေလောင်းကာ (၂-၃) ရက်ကြာနှပ်ထားပြီးမှ ပျိုးပင်များကို စိုက်ပျိုးရကြောင်းလည်း သိရှိရပါသည်။
နံ့သာဖြူပင်များကို တစ်ပင်နဲ့တစ်ပင် (၆)ပေပတ်လည်အကွာ (သို့မဟုတ်) ပင်ကြား တန်းကြား ၆ပေ × ၄ပေထားပြီး စိုက်ပျိုးနိုင်ကာ မိုးဦးကျချိန် ဇွန်လမှ အောက်တိုဘာလအတွင်း စိုက်ပျိုးလျှင်လည်း ပိုမိုသင့်လျော်ပါကြောင်း သိရှိရပါသည်။ နံ့သာဖြူပင်များသည် အခြားအပင်များ၏အမြစ်များကိုမှီတွယ်ပြီး ဖြစ်ထွန်းကြသည့်အတွက် နံ့သာဖြူပင်အနေဖြင့် အမှီအခိုဖြစ်မည့်အပင်များဖြစ်သော ရှား၊ ထနောင်း၊ မယ်ဇလီ၊ ကုက္ကိုလ်၊ ဘောဇကိုင်း၊ ပြည်ပန်းညို၊ ဝါးမျိုးနွယ်ပင်များ စသည့်အပင်များကို နံ့သာဖြူပင်စိုက်ပျိုးပြီးလျှင် ကြားညှပ်စိုက်ပျိုးပေးရကြောင်းကိုလည်း လေ့လာသိရှိရပါ သည်။
နံ့သာဖြူပင်များကို စိုက်ပျိုးသည့်ပထမနှစ်တွင် အထူးဂရုစိုက်ပေးရန် လိုအပ်ပါသည်။ အကြောင်းမှာ ပထမနှစ် အပင်ငယ်အရွယ်တွင် ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ ရောဂါကျရောက်လျှင် အရွက်များကြွေပြီး အပင်သေနိုင်သည့်အဆင့်အထိ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် တစ်လလျှင်တစ်ကြိမ် မှိုသတ်ဆေးတစ်မျိုးမျိုးအား ပက်ဖျန်းပေးရပြီး ဆောင်းရာသီ၌ မှိုသတ်ဆေးကို (၃)ပတ်လျှင်တစ်ကြိမ် ပတ်ဖျန်းပေးရန်လိုအပ်ကြောင်း သိရှိရပါသည်။
အပင်သည် အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်မှာ အညိုရင့်ရောင် သို့မဟုတ် နီညိုရောင်ရှိသည်။ အတွင်းသားမှာ မာ၍ချောမွတ်သည်။ အညိုရောင်သန်းသည်။ နံ့သာဖြူ၏အကာသားမှာ ဖြူသည်။ အပင်ငယ်စဉ်တွင် အပွေးများချောမွတ်သော်လည်း အပင်ကြီးလျှင် ကြမ်းတမ်း၍ အမြှောင်းလိုက်အက်ရာများ ထင်ရှားစွာပေါ်လာသည်။ အကိုင်းအခက်များမှာ အပင်လုံးကြီးသော်လည်း သေးသွယ်၍ တွဲကျသောအကိုင်းအခက်များရှိသည်။ နံ့သာဖြူပင်(၁)ဧကလျှင် အပင်(၂၅၀)ပင်စိုက်ပျိုးနိုင်ပြီး (၆)ပေကြားစိုက်ပျိုးရကြောင်းနှင့် အတန်းလိုက်စိုက်ပျိုးလျှင် တစ်ပင်နှင့်တစ်ပင်အကြား ၅ပေမှ ၁၀ပေအထိခြား၍ စိုက်ပျိုးကြသည်ကို လေ့လာသိရှိရပါသည်။ ရုက္ခဗေဒသဘောအားဖြင့် အရွက်သည် ရွက်ဆိုင်ထွက်သောအပင်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ရွက်လွှဲလည်းထွက်သည်။ အရွက်မှာ ၃လက်မအထိရှည်သည်။ စိမ်းဝါရောင်ဖျော့ဖျော့ အရောင်အဆင်းရှိပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ အရွက်အပေါ် မျက်နှာပြင်မှာပြောင်ချော၍ အောက်မျက်နှာပြင်ထက် အရောင်ပိုရင့်သည်။ တစ်နှစ်လျှင်နှစ်ကြိမ် ရွက်နုများထွက်လေ့ရှိသည်။ အပွင့်သည် ပွင့်ခါစတွင် မြက်ခြောက်ရောင်ကဲ့သို့ ညိုဝါရောင်ရှိသည်။ ရင့်လာသောအခါ ခရမ်းရောင်သန်းသော အညိုရောင်ဖြစ်လာသည်။ နံ့သာဖြူအနှစ်သည် မွှေးသော်လည်း အပွင့်တွင် အနံ့မရှိချေ။ အပင်သက်ရင့်လာပြီး သုံးလေးနှစ်မှသာ အပွင့်ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်သည်။ အသီးသည် လုံးဝန်းသည်။ အသီးအရွယ်အစားမှာ ပုဏ္ဍရိတ်သီးနှင့်ဆင်တူပြီး အနည်းငယ်ပိုကြီးသည်။ ရင့်မှည့်သောအခါ ညိုနက်သောအရောင်ဖြစ်လာသည်။ အရည်ရွှမ်းသည်။ အစေ့သည် သေးသွယ်၍မာသည်။ ငရုတ်ကောင်းစေ့ထက် အနည်းငယ်ပိုကြီးသည်။
နံ့သာဖြူပင်များကို (၈)နှစ်သားမှစပြီး ခုတ်ယူနိုင်သော်လည်း နှစ်ကြာလေ တန်ဖိုးမြင့်လေဖြစ်သည့်အတွက် ၁၀နှစ်၊ ၁၅နှစ်ထားပြီးမှခုတ်လျှင် အနှစ်သားပိုရကြောင်း သိရှိရပါသည်။ “အပူကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူခြင်း၊ အပူလွန်သောရောဂါများတွင် နံ့သာဖြူကိုသွေးပြီး ပရုတ်ရည်နှင့်ရော၍ ဦးခေါင်းတွင်လိမ်းပေးလျှင် အပူခိုးများထွက်သွားလိမ့်မည်”ဟု အာယုဗေဒဆေးကျမ်းများအရ သိရသည်။ ထို့ပြင် ခန္ဓာကိုယ်ယားယံခြင်း၊ သွေးယားခြင်းတို့ဖြစ်လျှင် နံ့သာဖြူအဆီနှင့်သံပရာရည်ရောစပ်လိမ်းပေးခြင်း သို့မဟုတ် နံ့သာဖြူတုံးကို သံပရာရည်နှင့်ရောသွေးပြီး လိမ်းပေးခြင်းများပြုလုပ်လျှင် သက်သာပျောက်ကင်းစေနိုင်ပါသည်။ ဆီးကျင်/အောင့်ရောဂါများဖြစ်လျှင်လည်း နံ့သာဖြူကိုသွေး၍ ဆန်ဆေးရည်နှင့်ရောပြီးတိုက်ပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောဝေဒနာခံစားရပါကလည်း ဆန်ဆေးရည်နှင့် နံ့သာဖြူရောသွေး၍ ပျားရည် သို့မဟုတ် သကြားနှင့် သင့်လျော်အောင်ရောစပ်ပြီး တိုက်ပေးလျှင် အပူဝမ်းသွားရောဂါများပျောက်ကင်းစေနိုင်သေးပြန်ပါသည်။ ဦးခေါင်းတွင် ဒက်ပေါက်ခြင်း၊ အပူကန်အနာစက်ပေါက်ခြင်းများဖြစ်လျှင် နံ့သာဖြူအား သွေး၍လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။ လေပူအထက်ဆန်ခြင်း၊ လေအကျဉ်းကျခြင်း၊ ကြို့ထိုးခြင်းများဖြစ်လျှင်လည်း ဆန်ဆေးရည်နှင့်နံ့သာဖြူတို့ကိုသွေးကာ သကြားခဲနှင့်ရောသောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
နံ့သာဖြူပင်ကို စမ်းသပ်စိုက်ခင်းများအဖြစ် မင်းဘူး၊ ပုပ္ပား၊ ပြင်ဦးလွင်နှင့် မြေလတ်ပိုင်းဒေသများ၌ စနစ်တကျစိုက်ပျိုးထားရှိသည်ကို တွေ့ရှိရသည်။ မန္တလေးတိုင်းတွင် စိုက်ပျိုးမှုများကြောင်း၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင်လည်း စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုများရှိနေကြောင်းလည်း သိရှိရသည်။ အိန္ဒိယနိုင်ငံတွင် စန္ဒကူးပင်များကို သစ်တောဦးစီးဌာနက နိုင်ငံပိုင်ရတနာပစ္စည်းတစ်ခုအဖြစ် စနစ်တကျကာကွယ်ထားရှိပြီး ခုတ်ယူခွင့်တားမြစ်ထားကြောင်း၊ မျိုးတုန်းပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရပါသည်။
(၈)နှစ်သား၊ (၁၀)နှစ်သားရှိသော နံသာဖြူပင်တစ်ပင်မှ (၁၀)ပိဿာ၊ (၁၅)ပိဿာခန့်ထွက်ရှိပြီး နံ့သာဖြူတစ်ပိဿာ၏ကာလတန်ဖိုးမှာ သုံးသိန်းခန့်ရှိကြောင်း သိရှိရသည်။ အပင်နှစ် သက်တမ်းကြာလေလေ နံ့သာဖြူအနှစ်သားများလာပြီး တန်ဖိုးမြင့်မားလာလေဖြစ်သည်။ မျိုးစေ့အနေဖြင့် ကာလအချိန်အလိုက် နံ့သာဖြူအစေ့တစ်ပြည်လျှင် (၁၀၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်နှုန်းအထိရှိပြီး ပျိုးပင်အနိမ့်အမြင့်ပေါ်မူတည်၍ ပျိုးပင်တစ်ပင်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်နှုန်းအထိ ဈေးနှုန်းတန်ဖိုးပေါက်ရောက်ကြောင်း၊ မြန်မာနိုင်ငံတွင်မူ နံ့သာဖြူကို ဘယဆေးဆိုင်များ၌ အများဆုံးရောင်းချလေ့ရှိကြပြီး မကွေးတိုင်းဒေသကြီးတွင်မူ မြသလွန်၊ ရွှေစက်တော်ဘုရားပွဲတော်များ၌ နံ့သာဖြူ၊ ကရမက် အစရှိသည့်အမွှေးတုံးများကို ဈေးဆိုင်များခင်းကျင်း၍ ရောင်းချလေ့ရှိပါသည်။ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် အာရပ်နိုင်ငံများတွင် နံ့သာဖြူအဆီအနှစ်ကို အခြေခံထားရှိကာ တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်သော ရေမွှေးအဖြစ်ပြောင်းလဲ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ဩစတြေးလျနိုင်ငံတွင်လည်း နိုင်ငံခြားဝင်ငွေရရှိသည့် နှစ်ရှည်သီးနှံပင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ဩစတြေးလျနိုင်ငံတွင် နံ့သာဖြူတစ်တန်လျှင် ဒေါ်လာ ၁၅၀၀၀ ဈေးပေါက်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အလှကုန်ထုတ်လုပ်ရာတွင် အခြေခံအသုံးပြုကြပြီး မြန်မာနိုင်ငံတွင်လည်း အိမ်တွင်းမှုစီးပွားဖြစ် နံ့သာဖြူအနံ့ဆပ်ပြာခဲ၊ နံ့သာဖြူခဲ၊ နံ့သာဖြူအမွှေးတိုင်၊ နံ့သာဖြူနံ့ဖြင့်ထုတ်လုပ်သောအလှကုန်များ၊ အနံ့များထည့်သွင်း၍သော်လည်းကောင်း စီးပွားဖြစ်ထုတ်လုပ်ရောင်းချလာသည်ကိုလည်း တွေ့ရှိရပါသည်။ နံ့သာဖြူပင်သည် ရှစ်နှစ်သားကတည်းက တစ်ပင်လျှင် ကျပ်သုံးသိန်းရရှိသည့်အတွက် နံ့သာဖြူပင်စိုက်ပျိုးခြင်းသည် ထီထိုးသည်ထက် ပိုမိုသေချာနိုင်ပါသည်။ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်သားဆိုလျှင် သုံးပိဿာမှ ငါးပိဿာထိထွက်ရှိနိုင်ပါသည်။ နံ့သာဖြူပင်ကို စီးပွားဖြစ်သော်လည်းကောင်း၊ မိမိခြံခရိုးတွင်သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုဧက ဆယ်ချီစိုက်ပျိုးမှုများလာပြီး ခုတ်ယူရောင်းချချိန်၌ ဈေးနှုန်းကောင်းရရှိရေးနှင့် နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်နေကြကြောင်း စန္ဒကူးစိုက်ပျိုးထားသည့်တောင်သူတစ်ဦးထံမှ သိရသည်။ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုများပြားလာပြီး ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများပို၍ပေးလာနိုင်ကြောင်း၊ သံပြာချောင်းကျေးရွာနေ စန္ဒကူးစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားလာပါသည်။ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးခြင်းအား ရာသီမရွေးစိုက်ပျိုးလာကြပြီး မြေအောက်ရေတူးဖော်ကာ စန္ဒကူးပင်အခြေရေပိုက်အစက်ချစနစ်ဖြင့် ရေပေးကာ ရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါသည်။ စတင်စိုက်ပျိုးရန် နှစ်နှစ်သားစန္ဒကူးပျိုးပင်များကို ဝယ်ယူစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ပျိုးထောင်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးလာခဲ့ရာ ကိုးပေပတ်လည်ပန္နက်ရိုက်စိုက်ပျိုးကြကြောင်း၊ စန္ဒကူးပင်ပေါက်များ နေဒဏ်၊ လေဒဏ်ခံနိုင်စေရန် ကပ်ပါးပင်အဖြစ် ပဲစင်းငုံပင်များဖြင့် စိုက်ပျိုးခြင်း၊ မဲဇလီပင်များကို ကပ်ပါးပင်အဖြစ်စိုက်ပြီး စန္ဒကူးပင်အား အထောက်အကူဖြစ်စေကြောင်း သိရသည်။ စန္ဒကူးပင်ပေါက်နှစ်နှစ်သားခန့်တစ်ပင်လျှင် တစ်ထောင့်ငါးရာကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး လေးနှစ်သား စန္ဒကူးပျိုးပင်ပေါက်တစ်ပင်လျှင် လေးထောင့်ငါးရာကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။ စန္ဒကူးပျိုးပင်ပေါက်များအား ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာနှင့် မြိုင်မြို့နယ်တို့တွင် ဝယ်ယူရရှိပြီး စိုက်ပျိုးကြကြောင်း သိရသည်။ စန္ဒကူးပင်များရောင်းတန်းဝင်ချိန် ခုနှစ်နှစ်ခန့်မှဆယ်နှစ်ခန့်ရှိလျှင် အပင်ရှိအပွေးကိုကြည့်ပြီး အနှစ်ထည့်/မထည့်သိရှိရကြောင်း၊ စန္ဒကူးဈေးကွက်သည် ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ကအများဆုံး ဝယ်ယူကြပြီး အနှစ်ပါသည့်ပင်စည်တစ်ပိသာလျှင် တစ်သိန်းခွဲကျပ်မှ နှစ်သိန်းခွဲကျပ်ထိဈေးရှိကြောင်း၊ စန္ဒကူးစိုက်ပျိုးခြင်းသည် ဈေးကွက်ခိုင်မာသည့်စိုက်ပျိုးရေးဖြစ်ကာ မြန်မာပြည်အရပ်ရပ်တွင် စန္ဒကူးစိုက်ပျိုးမှုများလာကြောင်း သိရကာ စန္ဒကူးပင်များရောင်းတန်းဝင်ချိန် စန္ဒကူးပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်းလည်းသိရပြီး စန္ဒကူးစိုက်ပျိုးမှုဧက ဆယ်ချီစိုက်ပျိုးမှုရှိလာကြောင်းလည်း သိရသည်။
အချုပ်အားဖြင့်ဆိုလျှင် စန္ဒကူး(ခေါ်)နံ့သာဖြူပင်များကို နှစ်ရှည်သီးနှံပင်အဖြစ်စိုက်ပျိုးလျှင် အကျိုးဖြစ်ထွန်းနိုင်သည့်အပြင် နိုင်ငံခြားဝင်ငွေရရှိနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း အကြုံပြုချင်ပါသည်။ ထို့ပြင် အိမ်တွင်းမှု အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းအဖြစ်လည်း အမွှေးတိုင်များ၊ အလှကုန်များထုတ်လုပ်ရောင်းချနိုင်သဖြင့် မိမိတို့အတွက် အရှုံးမရှိသော၊ အိမ်တွင်းစီးပွား အဖြစ်အားထားနိုင်သည့်အတွက် ရေရှည်အကျိုးဖြစ်ထွန်းသော နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ကြောင်းလည်း အကြုံပြုရေးသားအပ်ပါသည်။
DOCA(မကွေး)