ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများသည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ ရွှေရောင်လင်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်း၍ လေ့လာစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးက ဆန်/စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်ဆန်များကြိတ်ခွဲတင်ပို့နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆွေးနွေးခဲ့ကြပြီး အသေးစား၊ အလတ်စား ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်မှုအခြေအနေများ၊ စပါးရောင်းဝယ်မှုအနေဖြင့် မိုးစပါးကွင်းဈေး၊ စက်အရောက်ဝယ်ယူဈေးနှုန်းများ၊ လက်ရှိ ပေါ်ဆန်းဆန်လတ်စတစ်အိတ်ဈေးနှုန်းအနေဖြင့် ၆၇၅၀၀/-ကျပ်၊ ထိပ်စ ပေါ်ဆန်းတစ်အိတ်လျှင် ၆၈၅၀၀/-ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ မနောသုခ စပါး (၅၀) ပေါင် ကွင်းဈေးအနေဖြင့် ၁၅၆၀၀/-ကျပ်၊ စက်အရောက်ဈေး ၁၅၈၀၀/-ကျပ်၊ နှံကားစပါး (၅၀) ပေါင် ကွင်းဈေးအနေဖြင့် ၁၃၄၀၀/-ကျပ်၊ စက်အရောက်ဈေးနှုန်းမှာ ၁၃၆၀၀/-ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရပါသည်။ ယခင်လ (၇-၃-၂၀၂၃) ရက်နေ့၌ စပါးဈေး မနောသုခာ (၅၀) ပေါင်ကွင်းဈေးမှာ ၁၅၂၀၀/-ကျပ်ဖြစ်၍ (၁)လအတွင်း (၆၀၀/-)ကျပ်သာ အနည်းငယ်မြင့်တက်ပါကြောင်း၊ (၇-၃-၂၀၂၃) ရက်နေ့၌ နှံကားစပါးကွင်းဈေးအနေဖြင့် (၁၃၀၀၀/-) ကျပ်ဖြစ်၍ တစ်လအတွင်း (၄၀၀/-) ကျပ်အနည်းငယ်မြင့်တက်ပါကြောင်း သိရပါသည်။ ဆန်စက်ပိုင်ရှင်အား ဆန်စက်အဆင့်မြှင့်တင်နိုင်မှုအခြေအနေ၊ ဆန်စပါးကြိတ်ခွဲစက်အမျိုးအစားသုံးစွဲမှုအခြေအနေ၊ အခြောက်ခံစက်သုံးစွဲမှုအခြေအနေနှင့် လက်ရှိ ဆန်/စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)