ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ရာ အိဒ်ဘာသာရေးပွဲတော်အလွန်ကာလတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်လာခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် ဆောင်းသီးနှံရာသီ၌ စိုက်ပျိုးရေနည်းပါးမှုနှင့် ရာသီဥတုကောင်းမွန်မှုမရှိခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုး ဧရိယာ ၁ ဟက်တာလျှင် ပုံမှန်ရရှိမည့်ကြက်သွန်နီ အထွက်နှုန်း ၁၄.၁၇ တန်ကို ပြည့်မီခြင်းမရှိပဲ ၁၃.၆၀ တန်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ယခင်နှစ်ဆောင်းရာသီ၌ ကြက်သွန်နီ စိုက်ပျိုးမှုဧရိယာ ဟက်တာ ၂.၅၇ သိန်းရှိပြီး တန်ချိန် ၃၆.၄၀ သိန်း ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ဆောင်းရာသီတွင် ကြက်သွန်နီ စိုက်ပျိုးနိုင်မှုမှာ ဟက်တာ ၂.၄၇ သိန်းရှိပြီး ဧပြီလတတိယပတ်အထိ ဟက်တာ ၂.၂၀ သိန်းကို ရိတ်သိမ်းခဲ့ရာ ကြက်သွန်နီအထွက် တန်ချိန် သိန်း ၃၀ ခန့်ရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း၌ ထွက်ရှိသည့် ကြက်သွန်နီ စုစုပေါင်း၏ ၂၅% ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသော Pabna ခရိုင်တွင် ယမန်နှစ်၌ ကြက်သွန်နီ စိုက်ဧရိယာ ၅၃၃၁၅ ဟက်တာမှ အထွက်တန်ချိန် ၇.၉၇ သိန်း ရရှိခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၁၄.၉၅ တန်/ဟက်တာ ရှိကြောင်း၊ သို့သော် အဆိုပါခရိုင်၌ ယခုနှစ် ကြက်သွန်နီ စိုက်ပျိုးမှု ဧရိယာ ၅၂၄၇၀ ဟက်တာမှ အထွက်တန်ချိန် ၇.၃၇ သိန်း ရရှိသဖြင့် ပျမ်းမျှအထွက်နှုန်းသည် ၁၄.၀၅ တန်/ဟက်တာသို့ ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ နွေသီးနှံရာသီတွင် ယခင်နှစ် ကြက်သွန်နီစိုက်ပျိုးမှု ၄၀၀၉ ဟက်တာ ထက်ပိုမိုပြီး စုစုပေါင်း ဟက်တာ ၅၁၀၀ အထိ တိုးချဲ့စိုက်ပျိုးလျက် ကြက်သွန်နီ တန်ချိန် ၇၅၀၀၀ ထုတ်လုပ်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းဌာနက ဖော်ပြပါသည်။
ဘင်္ဂလားဒေ့ရှ် ပြည်တွင်းကြက်သွန်နီလက်ကားဈေးကွက်တွင် သီးနှံရိတ်သိမ်းချိန် မတ်လ၌ ဒေသအချိန်အတွယ်ဖြစ်သော ကုန်ချိန် ၁ မန် (Maund) (၃၇ ကီလိုဂရမ်) လျှင် တာကာငွေ ၁၂၀၀ ခန့်ရှိရာမှ အိဒ်ပွဲတော်ကာလအပြီးတွင် ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ယခုအခါ တာကာငွေ ၁၄၅၀ မှ ၁၆၅၀ အတွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ ၎င်းဈေးနှုန်းသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ကို ကာမိလျက် အကျိုးအမြတ်ရရှိစေသဖြင့် တောင်သူများအနေဖြင့် လတ်တလောကာလတွင် အစိုးရက ပြည်ပမှ ကြက်သွန်နီများ တင်သွင်းခွင့်ပြုမည့်အရေးကို စိုးရိမ်လျက်ရှိသည်။ သို့ရာတွင် ကုန်သည်အသိုင်းအဝိုင်းကမူ ပြည်တွင်းထုတ်လုပ်မှုမှာ ဈေးကွက်ဝယ်လိုအားကို ဖြည့် ဆည်းနိုင်မှုမရှိသဖြင့် ဈေးကွက်ကို ထိန်းညှိနိုင်ရန်အတွက် ပြည်ပမှ ကြက်သွန်နီများ တင်သွင်းရန် လိုအပ်မည်ဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ နှစ်စဉ် ကြက်သွန်နီဝယ်လိုအားမှာ တန်ချိန် ၂၅ သိန်းခန့်ရှိကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မှုရှိသော်လည်း သိုလှောင်ထိန်းသိမ်းမှု အခြေခံအဆောက်အအုံများ အားနည်းချို့တဲ့မှုကြောင့် နှစ်စဉ် ကြက်သွန်နီထွက်ရှိမှု စုစုပေါင်း၏ ၂၅% ခန့်သည် လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်ပြီး ပြည်ပမှတင်သွင်းရသည့်အခြေအနေကို ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရသည်။
Source: The Daily Star, 27 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)