နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် မလေးရှားနိုင်ငံရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB)နှင့် တရုတ်နိုင်ငံ၊ စားသောက်ကုန်၊ ပြည်တွင်းထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့တင်သွင်းမှုဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CFNA) တို့အကြား စားအုန်းဆီကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) သည် တန်ဖိုးမြှင့်စားအစာလုပ်ငန်းများတွင် စားအုန်းဆီ အသုံးပြုမှု တိုးမြင့်လာစေရေး စားအုန်းဆီဈေးကွက်သေချာမှုရှိစေသည့် သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည် လူသားလုပ်အားအပေါ် မှီခိုရမှုကို လျော့ချပေးပြီး ထုတ်လုပ်နိုင်စွမ်းအား တိုးတက်စေနိုင်သည့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
တရုတ်-မလေးရှား နှစ်နိုင်ငံတို့သည် ဆီအုန်းစိုက်ပျိုးရေးကဏ္ဍအတွက် ဉာဏ်ရည်တု (AI) ကဲ့သို့ နည်းပညာအသစ်၊ ၅ ခုမြောက်မျိုးဆက်မိုဘိုင်းဖုန်း ကွန်ရက် ချိတ်ဆက်မှု၊ အင်တာနက် အသုံးပြုမှုဆိုင်ရာပစ္စည်းနှင့် အောတိုမောင်းယာဉ်များအတွက် လေ့လာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများတွင် တိုးမြင့်ဆောင်ရွက်လျက်ရှိပါသည်။ ဆီအုန်းစိုက်ပျိုးခြင်း၊ အပင်ရောဂါကျရောက်မှုရှိမရှိ ဆန်းစစ်ခြင်းနှင့် အပင်သက်တမ်းဆိုင်ရာ အချက်အလက်များအတွက် လေယာဉ်၊ ဒရုန်း၊ ဉာဏ်ရည်တု (AI) နည်းပညာတို့ကို တရုတ်နိုင်ငံမှ Great Wall Industry Corporation ကလည်းကောင်း၊ အော်တိုမောင်း ရိတ်သိမ်းစက်ကို Shanghai Westwell Information Technology ကုမ္ပဏီကလည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်-မလေးရှားနှစ်နိုင်ငံတို့သည် စားအုန်းဆီထုတ်လုပ်မှု ရေရှည်တည်တံ့ရေးကို ပူးတွဲဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံက စားအုန်းဆီအခြေခံထုတ်လုပ်သည့် အစားအစာ၊အစားအစာမဟုတ်သည့်ပစ္စည်း၊ ဇီဝ လောင်စာဆီ တရုတ်နိုင်ငံရှိ တိရစ္ဆာန်အစာလျှောက်ထားမှုများနှင့်သုံးစွဲမှုတို့အပေါ် ရေရှည်တည်တံ့သောစားအုန်းဆီအဖြစ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံရှိ ယာဉ်များ၌ မလေးရှား စားအုန်းဆီအခြေခံ ဇီဝဒီဇယ်အသုံးပြုမှု များပြားလာခြင်းအပေါ် ရှေ့ပြေးလေ့လာမှုအပါအဝင် တရုတ်နိုင်ငံတွင် စားအုန်းဆီအခြေခံ ဇီဝလောင်စာဆီ မြှင့်တင်နိုင်ရေးအတွက် တရုတ်နိုင်ငံ Tsinghua University နှင့် မလေးရှားစားအုန်းဆီအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၌ မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၁၁.၂% ခန့်ရှိသည်။ ၂၀၂၁ ခုနှစ်၌ တရုတ်နိုင်ငံသို့ မလေးရှားနိုင်ငံ မှ စားအုန်းဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန်တင်ပို့မှုသည် တန်ဖိုးအားဖြင့် မလေးရှားရင်းဂစ် ၁၃.၁၆ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ရင်းဂစ် ၁၄.၈၆ ဘီလီယံရှိရာ ၁၂.၉% ခန့်မြင့်တက်ခဲ့ပါသည်။ ကုန်စည်ပမာဏအားဖြင့် ၂၀၂၁ ခုနှစ်၌ စားအုန်းဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန် စုစုပေါင်းတန်ချိန် ၃.၁၃ သန်း တင်ပို့ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃.၁၄ သန်း ရှိသည့်အတွက် ၀.၃ % ခန့် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Source: Malaysia Palm Oil Board and New Straits Times, 20 April 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)