အိန္ဒိယနိုင်ငံ၏ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁၃.၅၄ ကိုကျော်လွန်လျက် ယခုနှစ်တွင် တန်ချိန် ၁၃.၆၃ သန်းခန့် စံချိန်တင် ထွက်ရှိနိုင်မည်ဖြစ်ရာ တောင်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲတင်သွင်းမှုအား အစိုးရက ဆက်လက်ပိတ်ပင်ထားဖွယ်ရှိကြောင်း သိရှိရပါသည်။
လက်ရှိကာလတွင် အိန္ဒိယပြည်တွင်းဈေးကွက်၌ ကုလားပဲဈေးနှုန်းများမှာ တစ်ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၄၇၀၀ မှ ၄၈၀၀ အတွင်း ရောင်းဝယ်လျက်ရှိကြောင်း၊ ၎င်းနှုန်းထား သည် အစိုးရက အထောက်အပံ့ပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ၅၃၃၅ ရူပီး/ကွင်တယ် အောက်၌ ရောက်ရှိနေကြောင်း၊ သို့ဖြစ်ရာ ဈေးနှုန်းများကျဆင်းမှုကို ထိန်းသိမ်းနိုင် ရန်အတွက် ကုလားပဲ ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယဗဟိုအစိုးရက အမျိုးသား လယ်ယာထွက်ကုန်ဈေးကွက် သမဝါယမအသင်းချုပ်လီမိတက် (NAFED) သို့ ညွှန်ကြားခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ NAFED ၏ ကုလားပဲဝယ်ယူထားရှိမှုမှာ တန်ချိန် ၁၁.၆၈ သိန်းခန့်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ကုလားပဲအတွက် သတ်မှတ်ထားသည့် MSP အခြေခံရည်ညွှန်း ဈေးနှုန်းအောက် မနိမ့်ကျသော ဆိပ်ကမ်းအရောက်ဈေးနှုန်းဖြင့် စားတော်ပဲအား တင်သွင်းခွင့်ပြုရန် အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ယခင်နှစ် ဇွန်-ဇူလိုင်လများ၌ အစိုးရထံ အဆိုပြုထားကြောင်း၊ သို့ရာတွင် စားတော်ပဲသည် ယခုအထိ တင်သွင်းခွင့် ကန့်သတ်တားမြစ်ထားသည့် ကုန်စည်အုပ်စုအတွင်း တည်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 21 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)