အိန္ဒိယနိုင်ငံ၌ ၁ လတာကာလအတွင်း ပဲစင်းငုံဈေးနှုန်းများ ၁၀% ခန့် မြင့်တက်လာမှုနှင့်အတူ အစိုးရအနေဖြင့် ကျောင်း၊ သင်တန်း၊ ဆေးရုံ စသည်တို့တွင် ကျွေးမွေးသည့်နေ့လယ်စာအစီအစဉ်၌ ပဲစင်းငုံအစား ပဲနီလေး၊ ကုလားပဲတို့ကဲ့သို့သော အခြားပဲမျိုးများကို အသုံးပြုရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံကုန်သည်များအသင်း (IPGA) က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
IPGA ကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Bimal Kothari က လက်ရှိကာလတွင် အစိုးရသည် အဆိုပါနေ့လယ်စာကျွေးမွေးထောက်ပံ့မှုအစီအစဉ် (mid-day meal scheme) အတွက် ပဲစင်းငုံတစ်မျိုးတည်းကိုသာ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပဲစင်းငုံ ဈေးနှုန်းမြင့်တက်မှုမှ သက်သာမှုရှိစေရေးအတွက် အခြားသောပဲမျိုးစုံတန်ချိန် ၅သိန်းကို တင်ဒါဖွင့်လှစ်ဝယ်ယူလျက် အဆိုပါနေ့လယ်စာအစီအစဉ်၌ အစားထိုးအသုံးပြုရန် ၎င်းတို့အသင်းက တောင်းဆိုထားကြောင်း၊ အိန္ဒိယ၏ ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၂၇ သန်းခန့် ထွက်ရှိမည်ဖြစ်၍ ပဲတင်ပို့နိုင်မည့် အခွင့်အလမ်းမှာလည်း ကြီးမားမှုရှိကြောင်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန် ၅ သိန်းရှိရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ငွေကြေးဖြင့် မက်လုံးပေးဆွဲဆောင်မှုများနှင့် လက်ငင်း ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ရန် ၎င်းတို့က အစိုးရသို့ တိုက်တွန်းထားကြောင်း၊ ရှေ့လာမည့် မိုးသီးနှံရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုကို ထိခိုက်မှုမရှိပဲ မုတ်သုံရာသီဥတုကောင်းမွန်မှုရှိရန် မျှော်လင့်လျက်ရှိကြောင်း ပြောဆိုပါသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ဇူလိုင်လမှ ဇွန်လအထိ စိုက်ပျိုးရေးရာသီ၌ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် အောက်တိုဘာလအတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံသီးနှံများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ သို့ဖြစ်ရာ ကောက်ပဲသီးနှံများထွက်ရှိနိုင်မှု ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းချက်ကို ထုတ်ပြန်ရာတွင် ၂၀၂၁-၂၂ ခုနှစ်၌ စိုက်ပျိုးထွက်ရှိမှုတန်ချိန် ၄.၂၂ သန်းအောက် ၁၃% ခန့် ကျဆင်းလျက် ယခုနှစ်၌ ပဲစင်းငုံတန်ချိန် ၃.၆၆ သန်း ထွက်ရှိနိုင်ကြောင်း အိန္ဒိယအစိုးရက လျော့ချခန့်မှန်းခဲ့သည်။
Source: The Hindu Business Line, 28 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)