Main menu

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရော နစ်ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေး အတွက် စည်းမျဉ်းရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး

Powered by Drupal

နေပြည်တော်၊ (၈.၁.၂၀၂၁)

    အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

              အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည် နှင့်အညီ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုမှု တိုးတက်များပြားလာပါကြောင်း၊ အချို့ လျှပ်စစ်ပစ္စည်းများသည် ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှုမရှိသဖြင့် ပြည်ပမှမှာယူတင်သွင်းလျက်ရှိရာ အရည် အသွေးပိုင်းဆိုင်ရာ သတ်မှတ်ချက်နှင့်ကိုက်ညီရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၂ ခုနှစ် နှင့် ၂၀၀၅ ခုနှစ်တွင် လျှပ်စစ်နှင့်အီလက်ထရော နစ်ပစ္စည်းများနှင့်ပတ်သက်သည့် အာဆီယံဒေသတွင်း အပြန်အလှန်လက်ခံ အသိအမှတ်ပြုသည့်အစီအစဉ် (ASEAN EEE MRA: ASEAN Sectoral Mutual Recognition for Electrical and Electronic Equipment)နှင့် အာဆီယံဒေသတွင်း လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအတွက် စည်းမျဉ်းများအား တပြေးညီသတ်မှတ်ရေး အစီအစဉ် (AHEEERR: ASEAN Harmonized Electrical and Electronic Equipment Regulatory Regime)အစီအစဉ်တို့ကို ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း ယနေ့အချိန်အထိ လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စားသုံးသူ ကာကွယ်ရေးတို့အား အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လက်ရှိရေးဆွဲပြုစုထားသည့် အိမ်သုံး လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူများ ဘေးအန္တရာယ်လုံခြုံ စိတ်ချရမှုရှိစေရေး စည်းမျဉ်းများ (EEE Safety Regulations) အပေါ်တွင် ပိုမို ပြည့်စုံမှုရှိစေရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော်ပြဋ္ဌာန်းနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားပါတယ်။

          ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်ပါကြောင်း၊ နှစ်စဉ် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရန် ဆောင်ရွက်ရာတွင် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း ပြည်သူများ လျှပ်စစ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ဆေးရေးပိုင်းအနေဖြင့် ဗို့အားမြင့် လျှပ်စစ်ဓာတ်အားများအတွက် အဓိကတာဝန်ယူဆောင်ရွက်ပါ ကြောင်း၊ ယခုအခါတွင် လူတစ်ဦးလျှင် ၃၈၉ ယူနစ်အထိ သုံးစွဲလာနိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲလာနိုင်သည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများကိုလည်း သုံးစွဲမှုများလာပါကြောင်း၊ လျှပ်စစ် ပစ္စည်းသုံးစွဲမှု များလာသည်နှင့်အမျှ ထိခိုက်မှုအန္တရာယ်များလည်း ပိုမိုများပြားလာပါကြောင်း၊ ပစ္စည်း၏ အရည်အသွေးပေါ် မူတည်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားရခြင်းသာ ဖြစ်ပါကြောင်း၊ သို့ပါ၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် အရေးကြီးလာပါကြောင်း၊ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် “One Sun, One World, One Grid” ဆောင်ပုဒ်နှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဆောင်ပုဒ်အရ လျှပ်စစ် ဓာတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ ကြုံတွေ့ရသည့် အသက်အိုးအိမ်စည်းစိမ်ပျက်ဆီးဆုံးရှုံးမှုများကို ပြည်တွင်းသာမက ပြည်ပရှိစားသုံးသူပြည်သူများအတွက် အကာအကွယ်ပေးနိုင်မည့် စည်းမျဉ်းများဖြင့် ပေါင်းစည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်ပြောကြားပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ရေးဆွဲပြုစုထားသည့်  EEE Safety Regulations   အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ် မြန်မာနိုင်ငံနှင့် သင့်လျော်မည့်  EEE Safety Regulations   တစ်ရပ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိက တာဝန်ခံအဖွဲ့အစည်းများဖြစ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ပူးတွဲလုပ်ငန်းကော်မတီ (၁) ရပ် ဖွဲ့စည်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

ITQM,DOCA