ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၃၀-၄-၂၀၂၃ နေ့တွင် ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်းရှင်များအသင်းတို့၏ အစည်းအဝေးကျင်းပခဲ့ရာ ပြည်ပရောက်အလုပ်သမားများ၏ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြားငွေလွှဲပြောင်းပေးပို့မှုကို အားပေးသည့်အနေဖြင့် ငွေလဲနှုန်းတိုးမြှင့်လဲလှယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေး၌ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်ပ၌ အခြေချနေထိုင်မှုမရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ လွှဲပို့ငွေအပေါ် ၁ အမေရိကန်ဒေါ်လာလျှင် ၁၀၇ တာကာနှုန်းဖြင့် ဝယ်ယူရာမှ ၁၀၈ တာကာနှုန်းသို့ တိုးမြှင့်ဝယ်ယူရန်နှင့် ငွေလဲနှုန်းကွာဟချက်များကို လျော့ချလျက် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော အမျိုးမျိုးသောငွေလဲနှုန်းများအစား ငွေလဲနှုန်းတစ်ခုတည်းဖြင့် တဖြည်းဖြည်းအစားထိုးနိုင်ရန်အတွက် ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေကို လက်ရှိ ၁ အမေရိကန်ဒေါ်လာလျှင် ၁၀၅ တာကာနှုန်းဖြင့် ဝယ်ယူရာမှ ၁၀၆ တာကာနှုန်းသို့ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ငွေလဲနှုန်းအသစ်မှာ နောက်တစ်နေ့ အလုပ်လုပ်သည့်ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂ဝ၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဘဏ်များသည် ပြည်ပရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှ လွှဲပြောင်းပေးပို့သော ငွေများကို ၁ ဒေါ်လာလျှင် တာကာ ၁ဝ၇ နှုန်းဖြင့် လည်းကောင်း၊ ပို့ကုန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရာတွင် ၁ ဒေါ်လာလျှင် တာကာ ၉၉ နှုန်းဖြင့် လည်းကောင်း ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဧပြီလအစပိုင်းမှစတင်၍ ဘဏ်များသည် တင်ပို့သူများအား ၁ ဒေါ်လာလျှင် တာကာ ၁ဝ၄ နှုန်းဖြင့် ပေးချေခဲ့ကြသည်။
ပြည်ပရောက်နိုင်ငံသားများမှ တရားဝင်ငွေလွှဲပို့မှုလုပ်ဆောင်စေရေးဆွဲဆောင်မှုအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက ငွေလဲနှုန်းအပေါ် ၂.၅ ရာခိုင်နှုန်းအား ထပ်ဆောင်းပေးအပ်ထားရာ ဘဏ်များအနေဖြင့် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေအပေါ် ၎င်းပမာဏကို ထည့်သွင်းလျက် ၁ ဒေါ်လာလျှင် စုစုပေါင်း တာကာငွေ ၁၁၀.၇၀ နှုန်း ပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Daily Star, 1 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)