Main menu

ဗီယက်နမ်နိုင်ငံ၌ ပထမဦးဆုံးတည်ဆောက်ခဲ့သော ရေနံချက်စက်ရုံအား အဆင့်မြှင့်တင်မည်

Powered by Drupal

ဗီယက်နမ်နိုင်ငံ၌ ပထမဦးဆုံး တည်ဆောက်ခဲ့သော နိုင်ငံ၏ အလယ်ပိုင်းဒေသ၊ ကွမ်ညိုင်ပြည်နယ်ရှိ Dung Quat Oil Refinery စက်ရုံ၏ ရေနံသန့်စင်ချက်လုပ်နိုင်စွမ်းကို တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၈၀၀၀ မှ ၁၇၁၀၀၀ သို့ အဆင့်မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁.၂၆ ဘီလီယံ ကျခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံပိုင် PetroVietnam ၏ လက်အောက်၌ လုပ်ငန်းခွဲအဖြစ် အဆိုပါ ‌ရေနံချက်စက်ရုံအား လည်ပတ်လုပ်ကိုင်လျက်ရှိသည့် Binh Son ကုမ္ပဏီက ၎င်း၏အစုရှယ်ယာများမှ ဒေါ်လာ ၅၀၃ သန်းကိုထည့်ဝင်မည်ဖြစ်ပြီး ကျန်ပမာဏကို ချေးငွေရယူမှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ဧရိယာအကျယ်အဝန်း ၁၀.၆ ဟက်တာတွင် စက်ရုံတည်ဆောက်ထားရာမှ ဧရိယာ ၄၁ ဟက်တာအထိ တိုးချဲ့တည်ဆောက်ခြင်းကို ၂၀၂၈ ခုနှစ် ပထမ သုံးလပတ်၌ ပြီးစီးရန် လျာထားကြောင်း၊ စက်ရုံအား အဆင့်မြှင့်တင်ရာတွင် ကန့်ပါဝင်မှုများပြားသည့် ရေနံစိမ်းများကို ဥရောပ အဆင့်-၅ စံနှုန်းနှင့်အညီ သန့်စင်နိုင်ရေး ထပ်ဆောင်းနည်းပညာရပ်များပါဝင်သည့် အလုပ်ရုံများကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း၊ စက်ရုံအားအဆင့်မြှင့်တင်ရန် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သော်လည်း စက်ရုံဒီဇိုင်း၊ ငွေကြေးရရှိနိုင်မှုနှင့် အခြားအတည်ပြုမှုလုပ်ငန်းစဉ်များအရ ဆိုင်းငံ့ထားရှိခဲ့ကြောင်း၊ ယခုအခါ မူလလျာထားခဲ့သည့်တစ်ရက်လျှင် ‌ရေနံစည် ၁၉၂၀၀၀ ကို သန့်စင် ချက်လုပ်နိုင်ရန်မှ ‌ရေနံစည် ၁၇၁၀၀၀ သို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအား ဒေါ်လာ ၅၄၀ သန်း လျော့ချလျက် ဒေါ်လာ ၁.၂၆ ဘီလီယံသို့လည်းကောင်း ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

Dung Quat စီးပွားရေးဇုန်တွင် ၂၀၀၅ ခုနှစ်၌ တည်ဆောက်ခဲ့သော အဆိုပါ ရေနံချက်စက်ရုံ မှ သန့်စင်ပြီး ရေနံထွက်ကုန်များအား ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ရောင်းချခဲ့ပြီး လက်ရှိကာလတွင် နှစ်စဉ်ရေနံစိမ်း တန်ချိန် ၆.၅ သန်းမှ ကုန်ချောထုတ်လုပ်ပေးလျက်ရှိရာ ပြည်တွင်းလိုအပ်ချက်၏ ၃၅% ကို ဖြည့်ဆည်းပေးလျက်ရှိသည်။

Source: Vietnam News, May 09, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)