၂၀၂၃ ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morodok Techo အားကစားရုံ၏ ပရိဝုဏ်အတွင်း ဆိုင်ခန်းငယ်များ၌ ဈေးကွက်အသစ်များ ရှာဖွေမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒေသထွက်စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်အမျိုးအမည်ပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားအမျိုးသားအဆင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးမြှင့်တင်ရေးကော်မတီသည် ၁၀ ရက်ကြာ ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၌ ကျေးလက်စိုက်ပျိုးရေးထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး စီစဉ်ခဲ့ရာ ပြခန်း ၂၀ ကျော်ဖြင့် လုပ်ငန်းရှင် ၄၅ ဦးက ဒေသထွက်ကုန် ၂၀၀ ကျော်ကို ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါကော်မတီ၏ အတွင်းရေးမှူးချုပ် Mr. Suong Noy က လယ်ယာထွက်ကုန်ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာဧည့်သည်များအား ကမ္ဘောဒီးယား၏ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို သိရှိစေပြီး ဈေးကွက်ရှာဖွေမြှင့်တင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ဖြစ်ကြောင်း၊ ပြပွဲ၌ ပါဝင်သူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို တာဝန်ယူမှုဖြင့် ရိုးရိုးသားသား ရောင်းချလျက် ကမ္ဘောဒီးယား၏ ထုတ်လုပ်မှုကွင်းဆက် အရည်အသွေးအပေါ် ဂုဏ်ယူကြရန် တိုက်တွန်းလိုကြောင်း၊ အနာဂတ်တွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လှုပ်ရှားမှုတွင် ပါဝင်သောအဖွဲ့ဝင်များ၏ ထုတ်ကုန်များအား ကျယ်ပြန့်စွာ သိရှိလျက် အရောင်းအဝယ် ပိုမိုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် စုစုပေါင်းလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းရှိပြီး GDP ၏ ၅၈ ရာခိုင်နှုန်းရှိသည့်အပြင် အလုပ်အကိုင်အနေဖြင့် ၇၀ ရာခိုင်နှုန်းကျော် ဖန်တီးပေးထားသည်။ ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲအား လက်ခံကျင်းပသည့် အခွင့်အရေးကို ရယူလျက် ကမ္ဘောဒီးယားအစိုးရက ကျေးလက် စိုက်ပျိုးရေးထုတ်ကုန်များ မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Source: Khmer Times, 10 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)