စင်ကာပူဈေးကွက်၌ သံသတ္တုရိုင်းဈေးနှုန်းမှာ မေလ ၈ ရက်၊ တနင်္လာနေ့တွင် ကျဆင်းခဲ့ပြီး ဩစတေးလျနှင့် ဘရာဇီးတို့မှ တင်ပို့ရောင်းချမှု အားကောင်းလာမှုနှင့်အတူ ထိပ်တန်းသံမဏိ ထုတ်လုပ်သူတရုတ်၏ ဝယ်လိုအား နှေးကွေးနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက်ထိ ရောက်ရှိခဲ့သည်။
သံမဏိထုတ်လုပ်ရာ၌ အသုံးပြုသည့်ကုန်ကြမ်းအား အရောင်းအဝယ်အများဆုံးဖြစ်သည့် ဇွန်လအတွက် ကြိုတင်ချုပ်ဆိုသော စာချုပ်များ၏ စင်ကာပူအိတ်ချိန်းတွင် ဖြစ်ပေါ်သည့် ဈေးနှုန်းမှာ တစ်တန်လျှင် ၉၇.၀၅ ဒေါ်လာအထိ ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Caixin Manufacturing ၏ ဝယ်ယူရေးစီမံခန့်ခွဲသူများ အညွှန်းကိန်း (PMI) အချက်အလက်များအရ ဧပြီလတွင် တရုတ်နိုင်ငံ၏ စက်ရုံအလုပ်ရုံ ဆောင်ရွက်မှုများ မမျှော်လင့်ဘဲ ကျဆင်းပြီးနောက် မေလ ၅ ရက်၊ သောကြာနေ့တွင် ၉၄.၂၀ ဒေါ်လာအထိ ကျဆင်းမှုက သံသတ္တုရိုင်း ဈေးကွက်အပေါ် ရိုက်ခတ်ခဲ့သည်။ သို့သော် ရှန်ဟိုင်းရှိ သံမဏိဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တရုတ်နိုင်ငံ Dalian ကုန်စည်ဒိုင်၌ သံသတ္တုရိုင်းများမှာ ငါးလတာကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိပြီးနောက် သောကြာနေ့တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။
Dalian ရှိ သံသတ္တုရိုင်းများ၏ဈေးမှာ စက်တင်ဘာလစာချုပ်အရ တစ်တန်လျှင် ၇၀၂ ယွမ် (၁၀၁.၄၈ ဒေါ်လာ) ဖြင့် ၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သံရည်ကြို လုပ်ငန်းဆောင်ရွက်နိုင်မှုများအပေါ်မူတည်၍ စာချုပ်ကို ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊ သံသတ္တုရိုင်းဝင်ရောက်မှု မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ သံသတ္တုရိုင်းများပြားလာခြင်းတို့ကြောင့် ဩစတေးလျနှင့် ဘရာဇီးတို့၏ သံသတ္တုရိုင်းများ တင်ပို့မှုသည် သုံးလပတ်အတွင်း ပိုမိုမြန်ဆန်လာနိုင်သည်ဟု ခန့်မှန်းမိကြောင်း၊ သံသတ္တုရိုင်းဝယ်လိုအားအတွက် ဖြစ်နိုင်ချေရှိသော စုဆောင်းမှုမှာ တရုတ်၏ သံရည်ကြိုမီးဖိုများအတွက် ပိုမိုဈေးသက်သာစွာ သိုလှောင်ထားခြင်း ဖြစ်ကြောင်း Navigate Commodities မှ မန်နေဂျင်းဒါရိုက်တာ Mr. Atilla Widnell က ပြောကြားခဲ့သည်။ သို့သော် တည်ငြိမ်သော ငွေကြေးစီးဆင်းမှုဖြစ်စေရန်အတွက် ထုတ်လုပ်မှုကို လျှော့ချရန် တရုတ်နိုင်ငံ သံနှင့်သံမဏိအသင်းက ပြည်တွင်း သံမဏိထုတ်လုပ်သူများအား တိုက်တွန်းထားသည်။
သံရိုင်းများအနေဖြင့် တစ်တန်လျှင် ၉၅ ဒေါ်လာ ကြမ်းခင်းဈေးအထိဖြစ်နိုင်သည် ဟု ANZ ကုန်စည်ဆိုင်ရာ မဟာဗျူဟာရှင်များက ပြောဆိုကြောင်း၊ Shanghai Futures Exchange တွင် ပြန်လည်အားဖြည့် သံချောင်း (Rebar) ဈေးနှုန်းသည် ၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ သံမဏိပြားအခွေ (Hot-rolled coil) မှာ ၃.၇ ရာခိုင်နှုန်းနှင့် သံမဏိချောင်း (Stainless Steel) သည် ၁.၁ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Source: Reuters, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)