Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲများတင်ပို့ရေးအတွက် ကုမ္ပဏီများမှတ်ပုံတင်ခွင့် ရရှိရေးဆိုင်ရာသင်တန်း

ရန်ကုန်၊ (၁၆.၆.၂၀၂၁)

           တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့ခွင့်ရရှိရန် လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာသင်တန်းကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် မြန်မာလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO) Studio ခန်းမ၌ Zoom ဖြင့် ကျင်းပပြုလုပ်ခဲ့ ရာ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့ရန် လျှောက်ထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့် Protocol များကိုလည်းကောင်း၊  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ ဆန်စက်သိုလှောင်ရုံများအား ကွင်းဆင်းစိစစ်မည့် အချက်အလက်များကိုလည်းကောင်း၊ ယခင်နှစ်အစစ်ဆေးခံကုမ္ပဏီများက ၎င်းတို့၏ ဆန်/ဆန်ကွဲတင်ပို့ခြင်း အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအာယုက ဆန်/ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများနှင့် ဆန်စက်များ တရုတ်နိုင်ငံ(The General Administration of Customs of the People's Republic of China - GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများက ပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ITQM

ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ

         စားသုံးသူရေးရာဦးစီးဌာန   ပဲခူးခရိုင်အတွင်း ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ    ပြည့်စုံစွာ ဖော်ပြပါရှိစေရန်နှင့် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်   အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒိုက်ဦး မြို့နယ်ဦးစီးမှူးရုံး၌   (၉.၆.၂၀၂၁) ရက်နေ့တွင် ဒိုက်ဦးမြို့နယ် ရှိ     စီးပွားရေးလုပ်ငန်းရှင်    (၃၅)ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့အားဖိတ်ကြား၍    စားသုံးသူကာကွယ်ရေးဥပဒေပါ   ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးက ၂၀၁၄ခုနှစ်တွင် စားသုံးသူအကာအကွယ် ပေးရေးဥပဒေ ကို စတင်ပြဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူပြည်သူများ ရရှိမည့်အခွင့်အရေးများ သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိကြောင်းနှင့်   စီးပွားရေးလုပ်ငန်းရှင်များ   အနေဖြင့် လိုက်နာရမည့်တာဝန်  ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်  ဆွေးနွေးပွဲများပြုလုပ်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးက ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ   စားသုံးသူရေးရာဌာနခွဲတာဝန်ခံ  ဦးအောင်သိုက် (လက်ထောက်ညွှန်ကြားရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ တားမြစ်ချက်များ၊    ကုန်စည်နှင့်    ဝန်ဆောင်မှုများပေါ်တွင်    အာမခံချက်ပေးရမည့်     အကြောင်းအရာများကို လည်းကောင်း ၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်ပေါ်တွင်ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း နှင့်   စပ်လျဉ်း၍    ကုန်စည် အမျိုးအစား အလိုက်   သတ်မှတ်ချက်များနှင့်အညီ    ဖော်ပြပါရှိရေးကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေး‌နွေးခဲ့ပြီး လုပ်ငန်းရှင်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက်ဖော်ပြပါ သိုလှောင်ရုံနှင့် မြေတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

                      (၁)နှစ်သက်တမ်းငှားရမ်းခြင်း

Lot -1      (က)  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ မြေ (၉၀' x ၅၀') နှင့် မြေ(၇၉' x ၈၂')

                      (၃)နှစ်သက်တမ်းငှားရမ်းခြင်း

Lot-2       (ခ)   မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုလှောင်ရုံ အမှတ် (၁၁) (၁၅၀x၆၀) (သွပ်၊ သွပ်၊ ကွန်)

              (ဂ)   တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၅.၆.၂၀၂၁) ရက်မှ (၁၄.၇.၂၀၂၁)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (ဃ) တင်ဒါပုံစံရောင်းချရန်               - (၁၄.၇.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                

              (င)   တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၁၅.၇.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ

              (စ)   တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (ဆ) စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (ဇ)   တင်ဒါစည်းကမ်းချက်များ         - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (ဈ)တင်ဒါပုံစံရောင်းချမည့်နေရာ        - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့၊

                                                                         တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့။

              (ည) Deposit ပေးသွင်းမှု                 - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဒေသထွက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုရှိစေရေး ဆွေးနွေးဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင်အတွင်း၌ ထုတ်လုပ်သည့်ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာ ဖော်ပြပါရှိစေရန် ရည်ရွယ်၍ သာယာဝတီခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၄.၅.၂၀၂၁)ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင်  လက်ပံတန်းမြို့နယ်ရှိ     စီးပွားရေးလုပ်ငန်းရှင်(၃၀)ဦးအားလည်းကောင်း၊  (၂၀.၅.၂၀၂၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သာယာ၀တီမြို့နယ်တာ၀န်ခံရုံးခန်းမ၌ သာယာ၀တီမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် (၂၅)ဦးအားလည်းကောင်း၊ ဒေသထွက်ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ပဲကြီးလှော်လုပ်ငန်း၊ ကရေကရာလုပ်ငန်းများ၊  ရေသန့်လုပ်ငန်းများ၊ ပေါင်မုန့်နှင့်ကိတ်မုန့်လုပ်ငန်းများ ၊ပဲကြော်၊ အာလူးကြော်၊ ငါးမုန့်ကြော် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအားဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေဆုံဆွေး နွေးခဲ့ပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်အကြောင်း အရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြပါရှိစေရေးကိုလည်ကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

“စံပြ” ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ ကွင်းဆင်းလေ့လာခြင်း

          သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ ကြက်မောက်သီး စိုက်ဧက (၄၃၇) ဧက၊ အောင်ဧက (၃၁၇) ဧက ရှိကြောင်းနှင့် အထွက်နှုန်းမှာ (၈၉,၀၀၀) ပိဿာခန့် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ စိုက်ဧကများအနက်မှ သထုံခရိုင်၊ သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ “စံပြ” ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၃.၆.၂၀၂၁ ရက်နေ့တွင် ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ခဲ့ရာ အဆိုပါ ဥယျာဉ်ခြံအတွင်း ကြက်မောက်သီး ဒေသမျိုး (၂) ဧကခန့် စိုက်ပျိုးထားရှိပြီး အပင်များ၏သက်တမ်းမှာ (၁၁) နှစ်ခန့် ရှိကြောင်း သိရှိရပါသည်။

          ကြက်မောက်သီးပင်များအား သဘာဝဓာတ်မြေဩဇာများ ဖော်စပ်၍ စနစ်တကျ စိုက်ပျိုးထားပြီး အရည်အသွေးကောင်းသော ကြက်မောက်သီးများ သီးပွင့် ရင့်မှည့်၍ ဒေသတွင်းသို့ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ဈေးနှုန်းအားဖြင့် အလုံးကြီး (၁) လုံးလျှင် (၈၀) ကျပ်၊ အလုံးလတ် (၁) လုံးလျှင် (၆၀) ကျပ်၊ အလုံးသေး (၁) လုံးလျှင် (၄၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ခြံရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

          ယခုအချိန်တွင် သထုံခရိုင်အတွင်း ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်လျှက်ရှိပြီး ဒေသတွင်းစားသုံးရန် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

 မွန်ပြည်နယ်(DOCA)

အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံ

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ် ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာခရိုင် ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် အရာတော်မြို့နယ်တာဝန်ခံရုံး၌ အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံခဲ့ပါသည်။

          အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလက အလုပ်အမှုဆောင်(၂၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အရာတော်မြို့နယ်တွင် သနပ်ခါး စိုက်ဧက(၆)သောင်းခန့်ရှိပြီး သနပ်ခါးမြို့တော် အရာတော်ဟုပင် တင်စားခေါ်ဝေါကြပါသည်။ အရာတော်မြို့ အဝင်တွင် သနပ်ခါးရောင်းသည့် ဈေးတန်းအဖြစ်လည်းကောင်း၊ သနပ်ခါးအသင်း အနေဖြင့်  သနပ်ခါးပွဲရုံအဖြစ်လည်းကောင်း ဖွင့်လှစ်၍ သနပ်ခါးတုံးများကို လက်လီ၊ လက်ကား ရောင်းချလျက်ရှိရာ အရွယ်အစား၊ အရည်အသွေး၊ အပင်အရှည်ပေါ် မူတည်၍ တစ်ပင်လျှင် ငွေကျပ် (၄,၀၀၀) မှ (၁၀,၀၀၀) ကြားထိ ပေါက်ဈေးအသီးသီး ရရှိပြီး တိုင်းဒေသကြီးအတွင်း ဈေးကွက်များအပြင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးများသို့လည်း အမှာစာများဖြင့် တင်ပို့ရောင်းချလျက်ရှိကြပါသည်။ အချို့ သနပ်ခါးအသင်းသားများမှာ သနပ်ခါးမှ တန်ဖိုးမြှင့် ထုတ်ကုန်   ( Value Added ) အဖြစ် ဘုရားဆင်တုတော်၊ စိတ်ပုတီး၊ အုပ်/ခွက်၊ အမြစ်မှုန့်၊ အပွေးမှုန့်၊ သနပ်ခါးဆပ်ပြာ၊ သနပ်ခါးရေမွှေး၊ ဆေးဝါးအဖြစ် အကြောပြေလိမ်းဆေး၊ နှလုံး အားတိုးဆေး စသည့်များ ထုတ်လုပ်ပြီး ဈေးကွက်များရှာဖွေရောင်းချလျက်ရှိကြပါသည်။  ယခု အချိန် တွင် COVID-19 ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အရောင်းအဝယ် ပါးလျက်ရှိကြောင်း သနပ်ခါးအသင်း အတွင်းရေးမှူးထံမှ သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်တွေမြို့ပေါ်ရှိ ငါးမုန့်(ပါပရာ)လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

        စစ်တွေမြို့ပေါ်ရှိ  ငါးမုန့်(ပါပရာ) ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြသော လုပ်ငန်းရှင်များနှင့် တေွ့ဆုံဆွေးနွေးခြင်းကို ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၃.၆.၂၀၂၁)နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  ငါးမုန့်(ပါပရာ) ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ၎င်းတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများပေါ်တွင် ကုန်းအညွှန်းအမှတ်အသားဖော်ပြခြင်းကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ လိုက်နာ ဆောင်ရွက်စေရန်ဖြစ်ပါသည်။

            ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်း၊ ပြည်နယ်စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဒေါ်အေးအေးသန်း၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်နှင်းအေးခိုင်၊ FDA မှ တာဝန်ရှိသူတစ်ဦးနှင့် စစ်တွေမြို့ပေါ်ရှိ ငါးမုန့်(ပါပရာ) လုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။

    ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ မတ်လ (၁၅)ရက်နေ့တွင် ပြဌါန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် ပြစ်မှုပြစ်ဒါဏ်များကိုလည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌါန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

      ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် စစ်တွေခရိုင်ဦးစီးမှူးတို့က ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ငါးမုန့်(ပါပရာ)တစ်မျိုးတည်းမဟုတ်ဘဲ လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များအားလုံးကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင်  စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ကိုဖွင့်လှစ်ပြီး လုပ်ငန်းရှင်နှင့် စားသုံးသူများအကြား စေ့စပ်ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းနေရာများသည်လည်း သန့်ရှင်းမှုရှိရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် FDA မှ တာဝန်ရှိသူကလည်း စားသုံးသူများ ဘေးဉပါဒ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေး GHP ၊ GMP နှင့်အညီထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ငါးမုန့်(ပါပရာ)စားသောက်ကုန်အား GHP နှင့်ညီညွတ်ပါက Chemical နှင့် Micro စစ်ဆေးပေးပြီး ထောက်ခံချက်ပေး၍ ရပါကြောင်း ပြောကြားခဲ့ပါသည်။

     လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သည့် ငါးမုန့်(ပါပရာ)လုပ်ငန်းသည် ရာသီချိန်ပေါ် မူတည်ပြီး မိုးဉီးကျ ငါးပေါများစွာရရှိသည့်အချိန်တွင်သာ ထုတ်လုပ်နိုင်ပြီး ဆောင်းဦးကာလတွင် အနည်းငယ်သာထုတ်လုပ်နိုင်သည့်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းသာ ဖြစ်ပါကြောင်း၊ တာရှည်ခံဆေးနှင့် ဓါတုဆေးဝါးများ သုံးစွဲထားခြင်းမရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌါန်းချက်များကိုလည်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်(DOCA)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ငှက်သိုက်ထွက်ရှိပြီ

     မြန်မာနိုင်ငံတွင် ငှက်သိုက်ကို တနင်္သာရီဒေသမှထွက်ရှိသည်ဟု အများက သိရှိကြပြီး ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှလည်း ငှက်သိုက်ထွက်ရှိပြီဖြစ်ပါသည်။ ကျောက်ဖြူမြို့ အမှတ်(၂၈)၊ ရုံးတက်လမ်း၊ အရှေ့ပိုင်းရပ်ကွက် ပင်လယ်ကမ်းနားတွင် တည်ရှိသော နှင်းတောင် ဟိုတယ်တွင် ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းမှစပြီး ဇီဝဇိုးငှက်ကလေးများ ဝင်ရောက်ခိုအောင်းခဲ့ရာ ၂၀၂၁ ခုနှစ် မေလတွင် ငှက်ကောင်ရေ (၁၀၀၀)ခန့်အထိ တိုးပွား လျက်ရှိသည်ဟု သိရှိရပါတယ်။ ငှက်ကောင်ရေ တိုးပွားလာသည်နှင့်အမျှ ငှက်သိုက်ထုတ်ယူခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ (၄)လ တစ်ကြိမ် ထုတ်ယူရာ၌ ငှက်သိုက် (၇၀)ကျပ်သား အထိရရှိ၍ ၎င်းရရှိလာသော ငှက်သိုက်ကို ရေသန့်ဖြင့် (၁)နာရီခန့် ရေစိမ်ထားရပြီး ငှက်သိုက်နူးလာပါက အမွှေးကလေးများကို ဆယ်ယူဖယ် ထုတ်ပေးရပါတယ်။ ၎င်းသန့်စင်ထားသော ငှက်သိုက်ကို ရေသန့်ဖြင့်တစ်ဖန် ထပ်မံပေါင်းယူပါက သန့်စင်ပြီး ဖြူဖွေးသော ငှက်သိုက်ရရှိလာပြီးနောက် အအေးခံကာ ပုလင်းကလေးများတွင် ထည့်၍ အဖုံးကို လေလုံအောင်ဖုံးကာ ရေခဲသေတ္တာထဲတွင် သိုလှောင် သိမ်းဆည်းထားရပါတယ်။  တစ်ကြိမ် ထုတ်လုပ်လျှင် (၈၀ml) (မီလီမီတာ)ဝင် ပုလင်း (၈၀၀) ခန့်ရရှိကြောင်း သိရှိရပါတယ်။ နှင်းတောင် အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်သည့် ငှက်သိုက်သည် သဘာဝအတိုင်းထုတ်လုပ်ထားပြီး တာရှည်ခံဆေးများ သုံးစွဲထားခြင်းမရှိသည့်အတွက် မြို့နယ်တွင်းစားသုံးရန်အတွက်သာ ရောင်းချကြောင်း၊ ပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် မာန်အောင်နှင့် ရမ်းဗြဲတို့မှ မှာယူမှုရှိသော်လည်း တင်ပို့နိုင်ခြင်း မရှိသေးကြောင်းနှင့် တစ်ပုလင်းကို ဈေးနှုန်း(၅၀၀၀)ကျပ်ဖြင့် ကျောက်ဖြူမြို့ ဒေသခံပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိပါတယ်။ ကျောက်ဖြူမြို့တွင် နောက်ထပ်နေရာ (၃)နေရာတွင်လည်း ဇီဝဇိုးငှက်များ ဝင်ရောက်ခိုအောင်း နေထိုင်လျက်ရှိသည့်အတွက် ၎င်းနေရာများတွင်လည်း ငှက်သိုက် ထုတ်ယူစရှိလာပြီး တစ်ကြိမ် ထုတ်ယူလျှင် (၁၅)ကျပ်သား အထိ ရရှိကြောင်းသိရှိရပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ငှက်သိုက်လုပ်ငန်းများကို လေ့လာဆန်းစစ် လုပ်ကိုင်နိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ ငှက်ကောင်ရေတိုးပွားလာကာ အဆင့်မြင့်နည်းပညာနှင့် စီးပွားဖြစ်ထုတ်လုပ်လာနိုင်ပြီး ကျောက်ဖြူမြို့ ငှက်သိုက်ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍ တစ်ခေတ် ဆန်းသစ်လာနိုင်မည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်(DOCA)

လက်ဖက် စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာခြင်း

၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊လွယ်မွေအုပ်စု ပန်ဝိုင်(အောက်)ကျေးရွာရှိ ဒေါ်နန်းစိန်၊ လက်ဖက်ခြောက် ထုတ်လုပ်ရောင်းချသူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ လွယ်မွေအုပ်စုတွင် လက်ဖက် စိုက်ပျိုးဧကပေါင်း (၁,၁၅၃)ဧက ရှိကြောင်းနှင့် ကျေးရွာပေါင်း (၄၂) ရွာရှိရာတွင် ကျေးရွာ (၁၅) ရွာခန့်သည် လက်ဖက် စိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိသည်ဟု သိရှိခဲ့ရပါသည်။ ကွင်းဆင်းလေ့လာခဲ့သည့် ပန်ဝိုင်(အောက်)ကျေးရွာသည် အိမ်ခြေပေါင်း (၆၀) ခန့်ရှိ၍ လက်ဖက်ခြောက် ထုတ်လုပ်သည့် လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်သူ (၇) ဦးခန့်ရှိပြီး ကျန်အိမ်ထောင်စုအများစုမှာလည်း တစ်ပိုင်တနိုင်ပြုလုပ်သူများဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
လက်ဖက်ပင်များသည် နှစ်ရှည်ပင်များဖြစ်သော်လည်း လက်ဖက်နုများ ပိုမို ထွက်ရှိရန်အတွက် ပေါင်းရှင်းခြင်း တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်နှင့် အမြစ်များ ရှင်းလင်းဖြတ်ပေးခြင်းအား တစ်လလျှင်တစ်ကြိမ် အနည်းဆုံးပြုလုပ်ပေးရပြီး သဘာဝမြေဩဇာများ ထည့်ပေးခြင်းဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများအတွင်း မိုးရရှိပါက အထွက်နှုန်းပိုမို ကောင်းစေနိုင်ကြောင်းနှင့် ပန်ဝိုင် (အောက်)ကျေးရွာရှိ လက်ဖက်စို ၁ ပိဿာလျှင် (၇၀၀၀) ကျပ်ရရှိပြီး ဈေးကောင်းရရှိမှုအနေဖြင့် မတ်လ၊ ဧပြီလ၊ မေလတို့တွင် ရရှိကြောင်း၊ ဒုတိယဈေးရရှိမှုအနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရရှိကြောင်း၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လတို့တွင် ဈေးရရှိမှု နည်းပါးကြောင်းနှင့် လက်ဖက်ခြောက်အပြင် လက်ဖက်စေ့ (မျိုးစေ့)များကိုလည်း ရောင်းချနိုင်ပြီး ၁ ပိဿာလျှင် (၉၀၀၀) ကျပ်နှုန်းခန့် ရရှိကြောင်းသိရှိခဲ့ရပါသည်။
လက်ဖက်ခြောက်များကို တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချပြီး လက်ဖက်ထုတ်လုပ်သူများ၏ ထားသိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုအဆင့်ဆင့်ပေါ်မူတည်ပြီး ဈေးနှုန်း ရရှိမှု မတူညီကြောင်းသိရှိရပါသည်။ ယခင်နှစ်ထက် ယခုနှစ်တွင် လက်ဖက်ထွက်ရှိနှုန်း ပိုမို ကောင်းမွန်ပြီး ၂၀၂၁ ခုနှစ် မတ်လမှ မေလအထိ လက်ဖက်ခြောက် ထွက်ရှိနှုန်း ၁၀ တန် (၆၀၀၀ ပိဿာ)ခန့် ထွက်ရှိပြီး ယခင်နှစ်များတွင် တစ်နှစ်လုံးမှ (၁၀) တန် သာ ထွက်ရှိသောကြောင့် ယခုနှစ် လက်ဖက်ခြောက်ထွက်ရှိနှုန်း မြှင့်တက်လာကြောင်းနှင့် စမ်းသပ်စိုက်ပျိုးမှုအနေဖြင့် ယခုနှစ်မှစ၍ ဝဥသီးနှံများကို သီးညှပ်စမ်းသပ်စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(DOCA)

ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များက အနောက်အာရှဒေသသို့ အိန္ဒိယ၏ ဘာစမာတီဆန် တင်ပို့မှုကို ထိခိုက်စေဖွယ်ရှိခြင်း

အနောက်အာရှ‌ဒေသရှိ အိုမန်၊ ဂျော်ဒန်၊ ဆောဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များတင်သွင်းရာ၌ ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များအား ဥရောပသမဂ္ဂနိုင်ငံများနှင့် အဆင့်တူညီစွာ ပြဌာန်းခဲ့ကြရာ အိန္ဒိယ၏ အဆိုပါနိုင်ငံများသို့ ဘာစမာတီဆန်များတင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိနေပါသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ်ချက်အား အဆင့်မြှင့်တင်ခဲ့သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၏ ပရီမီယံ အရည်အသွေးအဆင့် ဘာစမာတီဆန်များအား EU သို့တင်ပို့မှုမှာ ကျဆင်းလျက်ရှိသည်။ လက်ရှိကာလ၌ ရူပီးငွေကု‌ဋေ ၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုးရှိသော အိန္ဒိယ၏ ဘာစမာတီဆန် ပြည်ပတင်ပို့မှုလုပ်ငန်း၏ ၈၀% ခန့်သည် အနောက်အာရှ‌ဒေသဈေးကွက်သို့ တင်ပို့လျက်ရှိသည်။ သို့ဖြစ်ရာ အဆိုပါနိုင်ငံများက ကြိုတင်အသိပေးခြင်းမရှိဘဲ ပိုးသတ်ဆေးကြွင်းပါဝင်မှု အဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) က တောင်းဆိုလျက်ရှိသည်။ EU နှင့် အခြားနိုင်ငံများတွင် လယ်ယာထွက်ကုန်များ၌ ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်ခွင့်အား ကွဲပြားခြားနားစွာ သတ်မှတ်ပြဌာန်းထားခြင်းက အိန္ဒိယ၏ ဆန်တင်ပို့မှုလုပ်ငန်းအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့စေရကြောင်း AIREA အသင်း၏ ဥက္ကဌ Mr. Nathi Ram Gupta ကပြောဆိုပါသည်။ အဆိုပါအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul ကလည်း ပိုးသတ်ဆေးကြွင်း ပါဝင်ခွင့်အား အနောက်အာရှ‌ဒေသနိုင်ငံများက EU နှင့်အဆင့်တူ သတ်မှတ်ခဲ့ရာ အိန္ဒိယကုန်သည်များအနေဖြင့် လိုက်လျောညီထွေဖြစ်အောင် အပြင်းအထန် အားထုတ်လုပ်ကိုင်နေရကြောင်း၊ EU အဖွဲ့ဝင်နိုင်ငံများ၌ အရည်သွေးသတ်မှတ်ချက်မှာ တစ်ပြေးညီရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင်မူ GSO, Codex နှင့် EU တို့၏ စံသတ်မှတ်ချက်များအား ရောထွေးစွာပြဌာန်းထားခြင်းက အခက်အခဲဖြစ်စေကြောင်း၊ ဤပြဿနာများက အိန္ဒိယ၏ ယခုနှစ်ဆန်တင်ပို့မှု စာရင်း အင်းများအပေါ် ကြီးမားစွာ သက်ရောက်စေမည်ဖြစ်သကဲ့သို့ တောင်သူလယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများကိုလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ချိန်တွင် ပြည်ပဈေးကွက်နိုင်ငံများ၌ ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်ခွင့် သတ်မှတ်ချက်အား ကွဲပြားခြားနားစွာ ပြဌာန်းထားသည်ကို သိရှိနားလည်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ လယ်ယာကဏ္ဍ အသိပညာပေးလုပ်ငန်းများကို ပြင်ဆင်လုပ်ဆောင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။ အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းသုံး ပိုးသတ်ဆေးများအား ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပိုးသတ်ဆေးအုပ်စုများအား မှတ်ပုံတင်ခြင်းမပြုမီ အဆိုပါထုတ် ကုန်များကို EU နှင့် အမေရိကန်နိုင်ငံတို့၌ မှတ်ပုံတင်ထားရှိနှင့်ပြီးဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားများ ဦးစွာတင်သွင်းစေရေး စီစဉ်ဆောင်ရွက်ရန် AIREA က တောင်းဆိုထားပါ သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင် ဒူဘိုင်းမြူနီစီပယ်အာဏာပိုင်သည် လက်လီဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘာစမာတီဆန်များကို နမူနာကောက်ယူ စစ်ဆေးလျက်ရှိကြောင်းနှင့် Thiamethoxam နှင့် Tricyclazole ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှုမှာ သတ်မှတ်ခွင့်ပြူချက်ထက် ပိုမိုကြောင်းတွေ့ရှိရပါက ဆန်တင်သွင်းမှုကို လက်မခံပဲ ငြင်းပယ်မည်ဖြစ်သည်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များထံ စတင်အသိပေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် AIREA က ဖော်ပြထားပါသည်။ အိန္ဒိယဆန်ကုန်သည်အသင်း၏ ပြောဆိုမှုအရ အိုမန်၊ လက်ဘနွန် နှင့် အီဂျစ်နိုင်ငံတို့သည် လွန်ခဲ့သော ၁ နှစ်ကာလကပင် ပိုးသတ်ဆေး ဓာတ်ကြွင်းဆိုင်ရာ လိုအပ်ချက် အတိအကျအား ကုန်သွယ်ဘက်များထံ ကြိုတင်အသိပေးခြင်းမရှိဘဲ နမူနာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။ AIREA ၏ ဖော်ပြချက်အရ ၂၀၂၀-၂၁ ခုနှစ်တွင် အိန္ဒိယမှ ပြည်ပသို့ ဘာစမာတီဆန်တင်ပို့မှုတန်ဖိုးမှာ ရူပီးငွေ ၂၉၈၅၉ ကု‌ဋေရှိပြီး ၎င်းအနက် အနောက်အာရှနိုင်ငံများသို့ တင်ပို့မှုတန်ဖိုး ရူပီး ၂၂၈၄၉ ကုဋေ ပါဝင်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ဘာစမာတီဆန်တန်ချိန် ၃၉၇၀၀၀ အား ၂၀၁၇-၁၈ ခုနှစ်၌ တင်ပို့ခဲ့သော်လည်း ၂၀၁၉-၂၀ ခုနှစ်တွင် တင်ပို့မှုတန်ချိန် ၂၄၁,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ Source: Basmati exports to West Asia to be hit on tighter pesticide norms, 29-5-2021, Financial Express (နေအေးလွင်၊ စီးပွားရေးသံမှူး) မြန်မာသံရုံး၊ နယူးဒေလီမြို့

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ