Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍၂/၂၀၁၉ ညွှန်ကြား ချက်အား လွိုင်ကော်မြို့ပေါ်ရှိ လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား ကယားပြည်နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ သက်ဆိုင်ရာဌာနများ၊ သတင်းမီဒီယာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၄၀) ဉီးတက်ရောက်ခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူး ဉီးကျော်ဝင်းက မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၊ စားသုံးသူကာကွယ်ရေးဉပဒေထုတ်ပြန်ချက်အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များသည် ဉပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက် သည့်နေ့ဖြစ်သော ၂၀၂၀ပြည့်နှစ် မတ်လ ၁၆ ရက်နေ့မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေကို လိုက်နာရာတွင် အခက်အခဲမရှိစေရေးအတွက် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား အသေးစိတ်ဇယားများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက ၂/၂၀၁၉ ညွှန်ကြားချက်အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်ဉီးစီးမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူကာကွယ်ရေးဥပေဒေ(၂၀၁၉)ပြဌာန်းချက်၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး/အသိပညာပေးဆောင်ရွက်မှု

     (၁၈.၂.၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉) ညွှန်ကြားချက်တို့နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြိို့နယ်တိုင်းရေးဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ မြို့မစျေး၊ ရွှေဟင်္ဿာစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းဘေးဝဲ/ယာ စျေးဆိုင်၊ ဆေးဆိုင်၊ စတိုးဆိုင် စုစုပေါင်း ဆိုင်ခန်း(၇၅) တို့အား ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မုဒုံမြို့နယ်၊ ကမာဝက်မြို့ (ရွာလယ်ဓမ္မာရုံ) တွင် စားသုံးသူရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ

        မုဒုံမြို့နယ်၊ ကမာဝက်မြို့ (ရွာလယ်ဓမ္မာရုံ) ၌ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေးပြည်သူ့စကားဝိုင်းကို ၁၈.၂.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကမာဝက် မြို့သူ/မြို့သား၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၂၅၀) ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

         အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးမြင့်သိန်းဦး ၊ မြို့နယ်ပညာရေးမှူး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါ်နန်းကြူကြူအောင် တို့က မိမိတို့ဌာနနှင့်ပတ်သက်၍ စားသုံးသူများသိသင့်သော အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြသည်။

          ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင် က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်တွင် အာမခံအတိုင်း တောင်းဆိုပိုင်ခွင့်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများ အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန်မသင့်ကြေငြာထားသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ကုန်ပစ္စည်းများရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်များအား ရောင်းချခြင်း မပြုရန်နှင့် ၎င်းတို့ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့၊ ရွှေဝယ်သီရိကလေးကစားကွင်းတွင် ညစျေးတန်းရောင်းချသည့် စျေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ ကလေးကစားကွင်းညစျေးတန်း၌ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညစျေးတန်းတာဝန်ခံ တို့နှင့်ပူးပေါင်း၍ စျေးအတွင်းအများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ညစျေးတန်းရောင်းချသည့် စျေးဆိုင်များမှ အများပြည်သူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်နှင့် အညီရောင်းချရန်နှင့် တရားမဝင်တင်သွင်းလာသောအေးခဲအသားများ၊ အသားချောင်းများ ရောင်းချ မှုရှိ/မရှိစစ်ဆေးခဲ့ပါသည်။ ထိုနောက် ညစျေးတန်းအသုပ်ရောင်းချသည့်ဆိုင်များမှ အစားအသောက် နမူနာပစ္စည်းများ ကောက်ယူ၍ရွေ့လျားမော်တော်ယာဉ်တွင်ပါရှိသော Rapid Test Kit များဖြင့် ဓါတ်ခွဲစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့၊ တဂူသိမ်စျေးအတွင်းရောင်းချနေသော အစားအသောက်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

           ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၊ တဂူသိမ်စျေး၌ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ တဂူသိမ်စျေးအတွင်း အများပြည်သူ စားသုံး/သုံးစွဲရန်မသင့်သော အစားအသောက် များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် တဂူသိမ်စျေးအတွင်းရောင်းချနေသည့် စျေးဆိုင်များမှ အများပြည်သူများ သုံးစွဲရန်မသင့်သော လူသုံးကုန်/အလှကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ရှင်များအား ၎င်းတို့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးသည့်ကုန်စည်များတွင် စားသုံးသူ ဥပဒေပါသတ်မှတ်ချက်များနှင့်အညီ ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရန် တို့ကိုအသိပညာပေးခဲ့ပါသည်။ ထိုနောက် စျေးအတွင်းသံသယရှိအစားအသောက်နမူနာပစ္စည်းများ အားဝယ်ယူ၍ရွေ့လျား မော်တော်ယာဉ်တွင်ပါရှိသော Rapid Test Kit များဖြင့် ဓါတ်ခွဲစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝေ ဦးဆောင်သည့်အဖွဲ့အား ARISE Plus Myanmar National အဖွဲ့မှ လာရောက်တွေ့ဆုံ

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ ဦးမြင့်ဝေ (ညွှန်ကြားရေးမှူး) ဦးဆောင်သည့်အဖွဲ့အား ARISE Plus Myanmar National အဖွဲ့အစည်း၏   Dr Sylvie Coulon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အစားအသောက်လုံခြုံစိတ်ချရမှုနှင့် SPS စည်းမျဉ်းများအား လိုက်နာဆောင်ရွက်ခြင်း အကြောင်းအရာတစ်ခုဖြစ်သည့် sanitary and phytosanitary regulatory ၊ EU ၏ အစားအသောက်လုံခြုံစိတ်ချရမှု စည်းမျဉ်းများနှင့်လိုက်လျောညီထွေဖြစ်စေမည့် အရည်အသွေးသတ်မှတ်မှုနှင့် ထိန်းချုပ်မှုစနစ် (Control system and quality compliance in line EU regulation on Food safety) နှင့် သွင်းကုန်ထိန်းချုပ်မှု (Import controls) စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM (DOCA)

ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

     (၁၅.၂.၂၀၂၀) နှင့် (၁၇.၂.၂၀၂၀) ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေကြီးဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ထုတ်လုပ်သောလုပ်ငန်းများ၊ လက်လီလက္ကားရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များ၊ Magway Shopping Mall ၊ ကောင်းမွန်စင်တာ၊ သာလှစတိုး ဆိုင်ကြီးများနှင့် မကွေးမြို့ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား မိမိတို့ တင်သွင်းဖြန့်ဖြူး ရောင်းချသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင် ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာနှင့် မြန်မာဘာသာ တွဲလျက် ဖြစ်စေထည့်သွင်းဖော်ပြလာရေး လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်နိုင်ရေး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့ပြီးနောက် (၁) နှစ်ဆိုင်းငံ့ထားခဲ့ရာ (၁၆.၃.၂၀၂၀) ရက်နေ့မှစ၍ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ၏ ထုပ်ပိုးမှုတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးနှင့် ပြည်ပမှတင်သွင်းလာသော ကုန်စည်များအားလည်း မြန်မာဘာသာပူးတွဲလျက် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်း တင်သွင်းသည့် လုပ်ငန်းရှင်မှ ထည့်သွင်းထုတ်လုပ်ဖော်ပြရမည်ဖြစ်ကြောင်း၊ လက်လီလက္ကား ရောင်းချ ဖြန့်ဖြူးသူ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်၍ မှာယူရောင်းချကြရန် တိုက်တွန်းဆွေးနွေးခဲ့ပြီး (၁၆.၃.၂၀၂၀) နောက်ပိုင်း တွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေး ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အလားတူ တိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူခရိုင်ဦးစီးမှူးများမှလည်း မိမိတို့ ခရိုင်အတွင်း ထုတ်လုပ်သည့်လုပ်ငန်းရှင်များသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြလာရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက် လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြား ချက်အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ပြသ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

       စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါပြပွဲတွင် နည်းပညာကုမ္ပဏီများမှ e-Government ဆိုင်ရာ စနစ်များ၊ နည်းပညာများနှင့် ၎င်းတို့၏ဝန်ဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ကြီးဌာနများမှ e-Government ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ပါဝင်ပြသခဲ့ကြပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း e-Government လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြခန်းပါဝင်ပြခဲ့ပါသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသော e-Government လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် www.doca.gov.mm Website ၊ အွန်လိုင်းမှတိုင်ကြားနိုင်သည့် နည်းစနစ်များနှင့် Governmnet Employees Payroll System တို့နှင့်ပတ်သက်၍ ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ဗွီဒီယိုဖိုင်များဖြင့် ပါဝင်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ၊ စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာဦးစီးဌာန Website နှင့်တိုင်ကြားမှုပုံစံ တို့နှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များ၊ အစိုးရဌာနများ၏ ဝန်ထမ်းများလစာစရိတ်တွက်ချက်ခြင်းစနစ် အသုံးပြုနည်းစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

         ပြခန်းသို့လာရောက်လေ့လာကြည့်ရှုသူများမှလည်း စားသုံးသူရေးရာဦးစီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ