Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရန်ကုန်၊ တိုက်ကြီးမြို့နယ်၌ ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချမှု အခြေအနေ

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

             ထိုသို့ ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်အတွက် ယူရီးယားဓါတ်မြေဩဇာတစ်အိတ် ဈေးနှုန်းမှာ (၃၂၀၀၀)ကျပ်ဖြစ်ပြီး ယူရီးယားဓါတ်မြေဩဇာခွဲတမ်းရရှိမှုမှာ တန်(၁၃၉၅.၂၅၀)၊ အိတ် (၂၇၉၀၅)ဖြစ်ပြီး ယနေ့အထိ လက်ခံရရှိမှု ယူရီးယားဓါတ်မြေဩဇာမှာ (၅၅၅)တန်၊ အိတ်(၁၁၀၉၉) အားရရှိပြီးဖြစ်ပါသည်။ ဖြန့်ဝေပြီးစီးပါကြောင်းနှင့် ထပ်မံဝင်ရောက်သည့်ကားများကိုလည်း ဆက်လက်တင်ပြဆောင်ရွက်နေပါကြောင်း သိရှိရပါတယ်။

DOCA(ရန်ကုန်)

         

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ (၄)ရက်နေ့မှ မတ်လ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၁၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၉၀၀ မှ ၁၅၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၆၀၀ မှ ၁၈၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၁၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၆၀၀ မှ ၁၄၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၂၀၀ မှ ၃၈၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၄၀၀ မှ ၇၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀၀ မှ ၂၁၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၉၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၅၀၀ မှ ၁၃၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၈၇၁၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၁၆၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၀၉၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၃၉၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၇၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၆၂၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၃၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၆၇၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

“ မြစ်သားမြို့နယ်၏ဝါးနှီးဖျာလုပ်ငန်းအကြောင်းကွင်းဆင်းလေ့လာ”

            မန္တလေးတိုင်း‌‌ဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ၊ မှိုင်းဟင်ကျေးရွာတွင် ယခင်ဘိုးဘွားများလက်ထပ်ကတည်းက ဝါးနှီးဖျာများကို ယက်လုပ်၍ အသက်မွေးဝမ်းကြောင်းပြုကြကြောင်း သိရှိရပါသည်။ဝါးအမျိုးအစား အမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာယက်လုပ်ရန်အတွက် မျှင်ဝါး ကိုသာအသုံးပြုပါသည်။ ဝါးနှီးဖျာယက်လုပ်ရာတွင် နှီးအကြောဖျာ ၊ နှီးအောက်ဖျာ ၊ နှီးသားဖျာ ဟူ၍(၃)မျိုး ယက်လုပ်နိုင်ကြောင်း၊ ဝါး(၁၅)လုံး နှီးနွှာပြီး ယက်လုပ်ရာတွင် နှီးကြောဖျာ(၁)ချပ်နှင့် နှီးအောက်ဖျာ(၂)ချပ်ရရှိကြောင်း၊ နှီးအကြောဖျာမှာ ဝါး၏နှီးကြောလေးများဖြင့်သာ ယက်လုပ်သဖြင့် ဝါးအလုံးရေပိုမိုကုန်ကျကြောင်း၊ထိုဝါးများမှပိုသောနှီးများကို နှီးအောက်ဖျာအဖြစ်ပြန်လည်ယက်လုပ်ကြပါကြောင်း၊ နှီးအောက်ဖျာမှာ အကွက်စိတ်စိတ်ယက်လုပ်ထားသဖြင့် နှမ်းလှန်းဖျာအဖြစ်ပင် အသုံးပြု၍ရကြောင်း ၊ နှစ်ယောက်အိပ်နှီးသားဖျာ(၁)ချပ် ယက်လုပ်ရာတွင် ဝါး(၃)လုံးခန့်ကုန်ကြ ကြောင်း၊မျှင်ဝါးတစ်လုံးလျှင်(၈၀၀)ကျပ်ခန့်ရှိပြီးဝါးတစ်လုံးကို နှီးဖျာခ(၄၀၀)ကျပ်ရှိကြောင်း၊ ဖျာများကိုကိုယ်တိုင်လဲယက်လုပ်သလို လက်ခစားပေး၍လည်း ယက်လုပ်ကြပါသည်။နှီးအကြောဖျာတစ်ချပ်လျှင် ယက်ခလုပ်သားခ(၁၀၀၀)ကျပ် ၊ နှီးအောက်ဖျာတစ်ချပ်လျှင် (၁၅၀၀)ကျပ်၊ နှီးသားဖျာတစ်ချပ် လျှင်(၇၀၀)ကျပ်ပေးရကြောင်း ၊ လူတစ်ဦး (၁)ရက်လျှင် ဖျာ(၃)ချပ် မှ (၄)ချပ်အထိ ပြီးစီးအောင် ယက်လုပ်နိုင်ကြကြောင်း ၊ ဖျာစျေးနှုန်းများအနေဖြင့် နှစ်ယောက်အိပ် နှီးအကြောဖျာ တစ်ချပ်လျှင် (၁၂၀၀၀)ကျပ် ၊ နှီးအောက်ဖျာတစ်ချပ်လျှင် (၈၀၀၀)ကျပ် ၊ နှီးသားဖျာတစ်ချပ်လျှင် (၅၀၀၀)ကျပ်နှုန်း ရှိပြီးဖောက်သည်စျေးအနေဖြင့်(၂၅)ချပ်အထက်မှာယူပါက နှီးဖျာသုံးမျိုးအတွက် တစ်ချပ်ကို(၁၅၀၀) ကျပ်လျှော့ယူကြောင်း၊(၁၀)ချပ်စျေးကို ပုံမှန်စျေးဖြင့်သာရောင်းချပေးကြောင်း ၊ ဈေးကွက်အနေဖြင့် ဖောက်သည်ဈေးပေးသလို ကိုယ်တိုင်လည်း ရွာစဉ်လှည့်၍ ရောင်းချကြပါသည်။ နှီးဖျာသုံးမျိုးတွင် နှီးသားဖျာများကို ကျေးလတ်ဒေသများတွင် ဈေးနှုန်းသင့်၍ အသုံးများသောကြောင့် ပိုမိုရောင်းချရကြောင်း၊နှီးဖျာသုံးမျိုးစပ်(၅)ပေပတ်လည် တစ်ချပ်လျှင် သုံးသောင်းကျပ်၊ (၁၀)ပေပတ်လည်တစ်ချပ်လျှင်ခြောက်သောင်းကျပ်ဖြင့် ရောင်းချပါသည် ။ ဝါးနှီးဖျာယက်လုပ်သော မှိုင်းဟင်ကျေးရွာသည် တောင်သူလုပ်ငန်း လုပ်ကိုင်သူနည်းပါးပြီး ဝါးနှီးဖျာယက်လုပ်သောကျေးရွာဖြစ်သဖြင့် အမျိုးသား များကဝါးများဝယ်ယူပေးခြင်း၊နှီးဖျာပေးခြင်းများကို ပြုလုပ်ပေးပါသည်။အမျိုးသမီးများကအိမ်တွင်းမှုကိစ္စများပြုလုပ်ရင်းတစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေများရရှိအောင် မိရိုးဖလာနှီးဖျာများယက်လုပ်၍ရောင်းချလျက်ရှိပြီး ကျန်းမာရေးနှင့်ညီညွတ်၍ဈေးနှုန်းသင့်တင့်သောကြောင့် ပြည်တွင်းဖြစ် ဝါးနှီးဖျာများကို ဝယ်ယူသုံးစွဲသင့်ပါကြောင်း  ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး(One Village One Product)အနေဖြင့် ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ တံတားဦးကကွမ်းနုဝါ စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်တွင် ကွမ်းစိုက်ပျိုးမှုလုပ်ငန်း အားရှေးယခင်ကပင် စိုက်ပျိုးလျက်ရှိပြီး တံတားဦးကကွမ်းနုဝါ၊ငါးမျှာကဆေး၊ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ပြည်ရှား၊အသာဝါးလို့ထွေးဟု ဆိုရိုးစကားပင်ရှိခဲ့ပါသည်။တံတားဦးဒေသထွက် ကွမ်းမှာ စျေးကွက်အတွင်းတွင် လူသိများထင်ရှားပါသည် ။ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တံတားဦးမြို့နယ်၊ ချောင်းခွကျေးရွာရှိ ကွမ်းစိုက်ပျိုးသူခြံပိုင်ရှင်နှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှု ၊ စျေးကွက်အခြေအနေအား မေးမြန်းခဲ့ပါသည်။ ကွမ်းစတင်စိုက်ပျိုးမည်ဆိုပါက မြေကို ထယ်ထိုး ၊ ထွန်မွှေပြီး ဆိတ်ချေး လှည်း(၅)စီးခန့်နှင့်  မြစ်ကိုက်ပိုးများမလာစေရန် ကျောက်မှုန့်(ဂျစ်ပဆန်) ထည့်၍ သမအောင်မွှေပြီး မြေခံကောင်းအောင် သေချာစွာပြုပြင်ပေးရပါသည်။

          ကွမ်းအပင်(၁၀၀၀)စိုက်လျှင် ကွမ်းခြံအတွက် လိုအပ်သောပစ္စည်းများဖြစ်သည့် တိုင်ဝါး (၂၅၀) လုံး၊ ငြမ်းဝါး(၂၅၀၀)လုံး၊ အုန်းလက်(၅၀၀)၊ပိုက်စိမ်းလိပ် (၃၀၀)ပေ (၃)လိပ်၊ အမိုးအကာပြုလုပ်ရန် ကြေးနန်းခွေ(၆)ပိဿာ၊ ကွမ်းမျိုးအပင်(၁၀၀၀) အသုံးပြုရပါသည် ။ ကွမ်းအပင်(၁၀၀၀)စိုက် ကွမ်းခြံတစ်ခြံတွင် အကန့်(၄)ကန့်(၆)ဇယားပါရှိပြီး ၊ အကန့်တစ်ကန့်လျှင် ကွမ်းအပင်(၂၅၀)ဝင်ပါသည်။အကန့်(၄)ကန့်(၆)ဇယားဖြစ်သည့်အတွက် ကွမ်းပင်(၁၀၀၀)စိုက်ပျိုးပြီးဖြစ်ပါသည်။ ကုန်ကျ စရိတ်အနေဖြင့် ကွမ်းမျိုးတစ်ပင်လျှင်(၅၀၀/-)ကျပ်ဖြင့် ကွမ်းပင်(၁၀၀၀)လျှင် (၅၀၀၀၀၀/)ကျပ် ကုန်ကျမည်ဖြစ်ပြီး၊ တိုင်ဝါး၊ ငြမ်းဝါး၊ အုန်းလက်၊ ပိုက်စိမ်းလိပ်၊ ကြေးနန်းခွေနှင့် လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀-၂၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့်(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရသော်လည်း ယခုအခါ ကွမ်းစိုက်ပျိုးသူ ကွမ်းခြံပိုင်ရှင်များမှ ဇွန်၊ဇူလိုင်လများတွင် အစိုက်များသည်ကိုတွေ့ရှိရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အပင်အမြစ် စွဲလွယ်ပြီး ကြီးထွားနှုန်းမြန်၍ အောင်မြင်ဖြစ်ထွန်းသောကြောင့် ဖြစ်ပါသည်။ကွမ်းမျိုးအနေဖြင့် အထွက်တိုးမျိုး(ဥဓမ)နှင့် ကွမ်းနုဝါမျိုးဟူ၍စိုက်ပျိုးကြပြီး  ခြံပိုင်ရှင်များ အဓိကစိုက်ပျိုးသောမျိုးမှာ ကွမ်းနုဝါမျိုးဖြစ်ပါသည်။ကွမ်းနုဝါမျိုးသည် စျေးကွက်ကောင်းမွန်ပြီး ကွမ်းစားသူများမှကြိုက်နှစ်သက်ပြီး ပွဲရုံများမှအရောင်းအဝယ်ကောင်းသောကြောင့် ကွမ်းနုဝါမျိုးကို အဓိကစိုက်ပျိုးရခြင်းဖြစ်ပါသည်။ ကွမ်းစတင်စိုက်ပျိုးချိန်မှစ၍ (၇)ရက်ခန့် ရွက်ဖြန်းရေ နံနက်/ညနေ တစ်ကြိမ်စီရေးလောင်းပေးရကြောင်း၊ရေများများလောင်းရန်မလိုဘဲ ရွက်ဖြန်းရေသာလောင်းပေးရမှာဖြစ်ကြောင်း၊တစ်ပတ်ကျော်လာသောအခါ ကွမ်းပင်များအမြစ်စွဲပြီး ရှင်သန်လာမည်ဖြစ်ပါသည်။ အမြစ်စွဲပြီးရက် ( ၂၀ - ၃၀ ) အတွင်း ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများကို အပင်အခြေအနေပေါ် မူတည်ပြီးဖြန်းပေးရပါသည် ။ ကွမ်းစိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ကွမ်းစတင်ခူးသည့်အပတ်တွင် ကွမ်းပင် (၁၀၀၀)ခူးလျှင် အချိန်(၁၅-၂၀)ပိဿာအထိ ထွက်ရှိကြောင်း ၊ တစ်လလျှင်(၂)ကြိမ်(၁၅)ရက်ခြားပြီးခူးဆွတ်ရပါသည်။ ကွမ်းခူးပြီး အပင်အခြေအနေပေါ်မူတည်၍ လိုအပ်လျှင် အားဆေး၊မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကိုဖြန်းပေးရပါသည်။ နွေရာသီဆိုလျှင် တစ်လလျှင်(၂)ကြိမ် ရေသွင်းပေးရပါသည် ။ မြေခံအခြေအနေကိုကြည့်၍ လိုအပ်လျှင်လိုအပ်သလို ရေသွင်းပေးရပါသည် ။ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်းအထွက်နှုန်းကောင်းပြီး ဆောင်းရာသီတွင် အထွက်နှုန်းကျဆင်းလာကြောင်း၊ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်း(၁၀၀၀)စိုက်လျှင် အချိန်(၇၀-၈၀)ပိဿာ ထွက်ရှိပြီး ဆောင်းရာသီ တွင်ပိဿာချိန်(၂၀-၂၅)ပိဿာထွက်ရှိပါသည်။ ကွမ်းစျေးနှုန်းအနေဖြင့် နွေရာသီနှင့်မိုးရာသီများတွင် တစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများရှိပြီး ဆောင်းရာသီတွင် တစ်ပိဿာလျှင်(၁၁၀၀၀-၁၂၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့သော်လည်း စျေးကောင်းရရှိကြောင်း၊ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်းစျေးနှုန်းနိမ့်သော်လည်း အထွက်နှုန်းကောင်းသောကြောင့် ဆတူအကျိုးအမြတ်ရရှိမှာဖြစ်ပြီး စျေးကွက်အနေဖြင့် တံတားဦးဒေသမှ ထွက်ရှိသော ကွမ်းများအား မန္တလေး၊မိတ္ထီလာမြို့များသို့ အဓိကတင်ပို့ရောင်း ချလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ခြုံကြည့်လျှင် ကွမ်း(၁၀၀၀)စိုက်ပျိုးထားသော ကွမ်းခြံပိုင်ရှင်အနေဖြင့် တစ်လလျှင်( ၂၅၀၀၀၀ - ၃၀၀၀၀၀)ကျပ် ပျမ်းမျှဝင်ငွေရှိပြီး တစ်နှစ်လျှင်(၂၅၀၀၀၀၀-၃၀၀၀၀၀၀)ကျပ်ဝန်းကျင်ဝင်ငွေရရှိမှာဖြစ်ပါသည်။ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ ပြုစုကောင်းပါက (၁၀-၁၂)နှစ်အထိသက်တမ်းရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိသောကြောင့် ကွမ်းပင်စိုက်ပျိုးပြီး စီးပွားရေးအောင်မြင်ဖြစ်ထွန်းသည့် ကွမ်းနုဝါကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဂဏန်းတင်ပို့မှုအခြေအနေ ကွင်းဆင်းလေ့လာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင်နှင့် ငါးလုပ်ငန်းဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဦးမောင်တင်တို့သည် (၈-၃-၂၀၂၂)ရက်နေ့ နံနက်(၈:၃၀) နာရီ အချိန်တွင် ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ  ထူးချွန်ဂဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့ သွားရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာ ဂဏန်းတင်ပို့မှုနှင့် ပတ်သက်၍  ကွင်းဆင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ ထူးချွန်းဂဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများသို့ ဂဏန်းတင်ပို့ခြင်းကို  ၂၀၁၀-ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်လျှက်ရှိပါသည်။ ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာ ရေချို၊ ရေငန်၊ ငါး၊ ပုဇွန်ထုတ်လုပ်မှုအပြင် သဘာဝရေအရင်းအမြစ်ထဲမှ နိုင်ငံခြားဝင်ငွေ ရှာပေးနေသည့် ဂဏန်းတင်ပို့မှုမှာလည်း အဓိကအခန်းကဏ္ဍာမှ ပါဝင်နေပေသည်။ ကမ္ဘာ့ပေါ်တွင် ဂဏန်း(၈)မျိုးရှိသည့်အနက် ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ တောရွှံဂဏန်းနှင့် ဒီရေတော ဂဏန်း  (၂)မျိုးသာ အထွက်များပါသည်။

          ပေါက်တောမြို့နယ် ဂဏန်းအဝယ်ဒိုင်များတွင် ဂဏန်းရောင်းချလျှင် ရှယ်နှင့်(Joy) ဆိုပြီး နှစ်မျိုးခွဲခြား ဝယ်ယူလေ့ရှိပါသည်။ ဂဏန်းဝယ်ဈေး၊ ရောင်းဈေးသည် ဝယ်လိုအားအပေါ်မူတည်ပြီး အတက်/အကျရှိပြီး၊ ယခုရက် ၁၀၀-ဂရမ် အထက်အဆင့် (1kg)လျှင် ဈေးနှုန်းကျပ် (၃၀၀၀)နှင့် ၁၀၀-ဂရမ် အောက် (1kg)လျှင် ကျပ်(၉၀၀) ပေးဝယ်ရပြီး၊ ဝယ်ယူရရှိသော ဂဏန်းများကို ဒိုင်တွင်ထားပြီး ရန်ကုန်သို့ကားဖြင့်တင်ပို့ကြပါသည်။ ဂဏန်းများကို ရေငံထဲသို့ တစ်နေ့(၂)ကြိမ်၊ (၁)ကြိမ်လျှင် (၅)မိနစ်ခန့် စိမ့်ပေးရပါသည်။ ဒေသအခေါ် တောရေကျွေးတယ်လို့ခေါ်သည်။ ဂဏန်းများကို ရေတစ်ခါကျွေးလျှင် (၆)ရက်မှ (ရ)ရက်ထိ ခံနိုင်ရည်ရှိပြီး ရန်ကုန်ဒိုင်အရောက် ၁၀၀-ဂရမ်အထက် (1kg)လျှင် ဈေးနှုန်း ကျပ်(၆၀၀၀)နှင့် ၁၀၀-ဂရမ်အောက် (1kg)လျှင် ကျပ်(၁၆၀၀)ထိ ရရှိကာ ဂဏန်းတင်ပို့လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေတွက်ခြေကိုက်သလို ဂဏန်းရောင်းဝယ် တင်ပို့မှုလုပ်ငန်းသည် ဂဏန်းကိုသက်ရှိအတိုင်း ကိုင်တွယ်လုပ်ကိုင်ရသဖြင့် အမြတ်ကြီးသလို အရှုံးကြမ်းသည့် လုပ်ငန်းမျိုးဖြစ်သည်။

            သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည် ငါး၊ပုဇွန်၊ဂဏန်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် ရေမြေသဘာဝကောင်းမွန်ပြီး မြေလွတ်၊ မြေရိုင်း၊ မြစ်ချောင်းများပွားများခြင်း၊ ရာသီဉတုမျှတခြင်း၊ ကုန်ကြမ်းရရှိမှု လွယ်ကူခြင်း၊ ရခိုင်ပြည်နယ်အတွက် အမယ်သစ် (Value added) ပြည်ပပို့ကုန် တိုးမြှင့်လာခြင်းများ ဖြစ်ပေါ်လာကာ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာခြင်းတို့ကြောင်း ဂဏန်းတင်ပို့ ရောင်းချမှုလုပ်ငန်းအပြင် ငါး၊ ပုဇွန်သားပေါက်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်ပါ၍ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် စိတ်ပါဝင်စားစွာ ရခိုင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ပါက အလုပ်အကိုင်အခွင့်အလမ်းရရှိကာ စီးပွားရေးအကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရခိုင်)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကွက်

        တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။ လက်ရှိတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၅၃၀ဝိ/-)နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာ လျှင်(၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိပြီး ရန်ကုန်မြို့ပေါ်တွင် (၆၀၀ဝိ/-)၊ (၆၂၀ဝိ/-)နှုန်း  ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

          ယခုအချိန်သည် ကွမ်းသီး အများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိသော်လည်း စျေးကွက်အတွင်းတွင် ပစ္စည်းအဝင်များသောကြောင့် ယခင်အပတ်ထက် ယခုအပတ်စျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်၊၊ ကွမ်းသီးကို ထားဝယ်မှ ရန်ကုန်သို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခ(ကားခ) တစ်ပိဿာလျှင်(၈ဝိ/-)နှုန်း ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်ပပို့ကုန် “ဆီးဆံ” ကြိတ်ခွဲထုတ်လုပ်သည့် ဆီးခွဲစက်နှင့်ဆီးသီးအရောင်းအဝယ်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သောအဖွဲ့သည် (၈.၃.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် မကွေးမြို့နယ်၊ မကွေး-နတ်မောက်လမ်း၊ ကံပြားကျေးရွာရှိ  ဦးထွန်းဝင်း၏ ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ သွားရောက်တွေ့ဆုံကွင်းဆင်း၍ ဆီးသီးအစို/အခြောက်ဝယ်ယူရရှိမှု၊ ဝယ်စျေး၊ ရောင်းစျေးနှင့် ပြန်လည်တင်ပို့မှု အခြေအနေများကို  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

          အဝယ်ဒိုင်ဖြစ်သူ ဦးထွန်းဝင်း၏ ပြောကြားမှုအရ အမျိုးသား (၅) ဦး၊ အမျိုးသမီး(၁၀)ဦးပုံမှန် ငှားရမ်းထားပြီး တစ်ရက်လျှင် အမျိုးသား(၁)ဦး (၆၀၀ဝိ/-)နှုန်းနှင့် အမျိုးသမီး(၁)ဦး (၅၀၀ဝိ/-) နှုန်းပေးချေရကြောင်း ဆီးသီး အစို/ အခြောက်များကို ဇန်နဝါရီလမှ မတ်လအထိဝယ်ယူရပြီး အစို များကို (၁၂)ရက်ခန့် နေလှန်းရပါကြောင်း၊ ကံပြားကျေးရွာပတ်ဝန်းကျင်ရှိ  ကဗြူ၊ ညောင်ပင်၊ ကံလှ၊ မင်းရွာ၊ ကံသာကြီး၊ ကံသာလေးအစရှိသည့်ကျေးရွာများမှ လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ပျိုးထားသည့် ဆီးပင်များမှ တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေပါကြောင်း၊ ယခင်နှစ်က ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၁၆၀ဝိ/-)ခန့်၊ ဆီးသီးအစို (၁၆)တစ်တင်းကို(၁၁၀ဝိ/-) ကျပ်ခန့်သာ ပေး၍ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်တွင် ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၅၀၀ဝိ/-)ကျပ်နှင့် ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို (၄၀၀ဝိ/)ကျပ်နှုန်း ဝယ်ယူရကြောင်း ဆီးသီး အစိုများကို(၁၂)ရက်ခန့် နေ့လှန်းမှသာ ဆီးသီးအခြောက်ရရှိပါကြောင်း၊ ဆီးသီးအခြောက်တစ်တင်း ရရှိရန် ဆီးသီးအစိုပြည်(၂၀)ခန့်သုံးစွဲရပါကြောင်း၊ ဆီးသီးအခြောက်(၁)တင်းကို ကြိတ်ခွဲပါက ဆီးဆံ (၂၀/၂၅)ကျပ်သားခန့်သာရရှိပြီး ဆီးခွဲကြမ်း(၁)တင်း(၃၀၀)ကျပ်နှုန်းဖြင့် ပဲကြော်၊ ပဲလှော်ဖိုများနှင့်နှမ်းလှော်ဖိုများသို့ ရောင်းချရကြောင်း၊ ဆီးဆံ(၁) ပိဿာကို (၂၄၀၀ဝိ/၂၅၀၀ဝိ/-)ခန့်ဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချရပါကြောင်း၊ယခုနှစ်တွင် ဆီးသီးအစို/အခြောက်တင်း(၅၀၀၀၀)ခန့် ဝယ်ယူရရှိပြီးဖြစ်ကြောင်း၊ ဆီးဆံပိဿာ(၈၀၀)ခန့်တင်ပို့ပြီးဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းဒေသတွင်  မိုးနှောင်းများခဲ့သည့်အတွက် အပွင့်များကြွေ၍ ဆီးသီးအထွက်နှုန်းနည်းသော်လည်း ဆီးသီးရောင်းရစျေးမှာ ယခင်နှစ်ထက်(၃)ဆခန့်ပိုမိုရရှိသဖြင့် တောင်သူများအတွက် အပိုဝင်ငွေတိုးလျှက်ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

 

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။

              မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-1၊ RSS-3 နှင့် RSS-5 ( ၃ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ရော်ဘာဈေးနှုန်းမှာ ယခင်နှစ်ထက် ယခုနှစ်တွင်  ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ်    (၇.၃.၂၀၂၂) မှ (၁၀. ၃.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-1 တစ်ပေါင်လျှင် (၁၄၀ဝိ/-)ခန့်၊ RSS-3 တစ်ပေါင်လျှင် (၁၃၀ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၂၀ဝိ/-)ခန့် ပေါက်ဈေး ရှိပြီး RSS-1 သည်  RSS-3 နှင့် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်း ပိုရလျက်ရှိကြောင်း သိရှိရပါသည်။ ရော်ဘာကို မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တို့ကိုသာ အများဆုံးတင်ပို့ကြောင်းနှင့် သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၈ဝိ/-) (၉ဝိ/-)နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(၂.၃.၂၀၂၂)နေ့နှင့် ယခု အပတ်(၉.၃.၂၀၂၂)နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခုအပတ် နှမ်းစမုံနက်ရှယ်သန့် ၃တင်း (၄၅)ပိဿာ (၁၉၀၀၀၀) ဈေးရှိခဲ့ပြီး နှမ်း(ပြာ)၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ (၄၅)ပိဿာ ယခင်အပတ် (၁၄၀၀၀ဝိ/-) ၊ ယခုအပတ်တွင် (၁၅၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် နှမ်းစမုံနက် (၁၈၀၀)အိတ်၊ နှမ်းပြာ(၄၆၀)အိတ်၊ နှမ်းနီ(၂၂၀)အိတ်၊ နှမ်းဖြူ(၁၈၅)အိတ် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၃၈၀ဝိ/)ရှိခဲ့ပြီး ယခုအပတ် (၄၄၂၀ဝိ/-) ဖြစ်၍ (၄၀ဝိ/-)ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ကုလားပဲ (H.L) ယခင်အပတ်(၄15၀ဝိ/-) ယခုအပတ်(၄၅0၀ဝိ/-) ဖြစ်၍ (3၅၀ဝိ/-)ကျပ်ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၄၁၅၀ဝိ/-)ယခုအပတ်(၄၅၃၀၀) ဖြစ်၍ (၃၈၀ဝိ/-)ကျပ်ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၀၀၀ဝိ/-) ယခုအပတ်(၃၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-) ဈေးမြင့်၊ ပဲကြီးယခင်အပတ် (၆၀၀၀ဝိ-)ယခုအပတ်(၆၃၀၀ဝိ)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်၊ မြေပဲ(လုံးဆံနီ/ဖြူ) တစ်ပိဿာ ယခင်အပတ်(၃၅၀ဝိ/-)ယခုအပတ်(၃၉၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး မတ်ပဲမှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်ပဲစဉ်းငုံနီ (၁၃၀ဝ)အိတ်၊ ကုလားပဲ(HL)(၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၁၃၀၀)အိတ်၊ ဘိုကိတ်ဖြူ(၂၉၀)အိတ်၊ ဘိုကိတ်ပြာ (၅၃၀)အိတ် မြေပဲလုံးဆံဖြူ (၈၀၀)အိတ်၊ မြေပဲလုံးဆံနီ (၇၃၀)အိတ်၊ ပဲကြီး(၉၈၀)အိတ်၊ မတ်ပဲ (၂၂၀)အိတ် ဖြစ်ကြောင်းသိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ(၁၈၀ဝိ-၁၉၀ဝိ)ဖြစ်ပြီး ယခုအပတ်(၁၇၅ဝိ-၁၈၅ဝိ)ရှိသည့် အတွက် (၅ဝိ/-)ကျပ်ဈေးလျော့ခဲ့ပြီး ပိဿာချိန်(၃၈၅၀ဝ)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးခရိုင်၊ မကွေးမြို့နယ် စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ စားသုံးသူ ရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(စစ်ဆေးရေးမှူး)နှင့်အဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ ကံပြားရွာရှိ Lucky-7 စက်သုံးဆီ အရောင်းဆိုင် တွင်အထူးသက်သာသော စျေးနှုန်းဖြင့်ရောင်းချနေသော ရိုးရိုးဒီဇယ်နှင့် Premium ဒီဇယ်များအား အရည်အသွေးနှင့်အချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီစျေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလွှဲနှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီ ကုမ္ပဏီများမှ မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချပေးခြင်းဖြစ်ပြီး Lucky-7 စက်သုံးဆီအရောင်းဆိုင် အနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ရိုးရိုးဒီဇယ်၊ (၉၀၇၀.၄၄၂)လီတာ၊ Premiumဒီဇယ် (၁၂၈၃၅.၄၄၅) လီတာ နှင့်ဖေဖော်ဝါရီလအတွင်း ရိုးရိုးဒီဇယ်(၂၅၁၅၆.၃၀၅)လီတာ၊ Premium ဒီဇယ်(၃၂၁၆၈.၁၀၉)လီတာ နှင့်မတ်လ(၁)ရက်မှ (၇)ရက်နေ့အထိ ရိုးရိုးဒီဇယ်(၁၀၈၇၂.၅၆၁)လီတာ၊ Premium ဒီဇယ်(၁၂၄၅၄.၅၉၇) လီတာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လက်ရှိပြင်ပဆိုင်များတွင် ဒီဇယ်(၁)လီတာ (၂၃၉၅)ကျပ် ရှိပြီး သက်သာသောစျေးနှုန်းဖြင့် ရောင်းချနေသည့်ဆိုင်ဖြစ်၍ ဒီဇယ်(၁)လီတာ(၂၂၁၇)ကျပ်ဖြင့် ရောင်းချ ပေးသည့်အတွက် (၁၇၈)ကျပ်သက်သာကြောင်း၊ ပြင်ပဆိုင်များတွင် Premium ဒီဇယ်(၁)လီတာ (၂၄၂၅)ကျပ်ရှိပြီး အထူးဈေးနှုန်းဖြင့်ရောင်းချသည့်ဆိုင်ဖြစ်၍ Premium ဒီဇယ်(၁)လီတာ (၂၂၄၀) ကျပ်ရောင်းချပေးသည့်အတွက် ပြင်ပထက်(၁)လီတာ (၁၈၅)ကျပ် သက်သာကြောင်း လေ့လာသိရှိ ရပါသည်။ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တလမ်းမှ ပူးပေါင်းဆောင်ရွက်ပေးမှုအား မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း