HighLight News

Powered by Drupal

တောင်ဒဂုံမြို့နယ်၊ ဝင်းဝင်းထက် ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ဒဂုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၅.၁၁.၂၀၂၅)ရက် နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အမှတ်(၁၅၃၅)၊ အောင်ဇဗ္ဗူလမ်း၊ (၅၇)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ “ဝင်းဝင်းထက်” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍  ကွင်းဆင်းအသိ ပညာပေးးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် “ဝင်းဝင်းထက်”ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဆန်ရောင်းချနေမှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရန်သို လှောင်ထားခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင် ထားခြင်းများတွေ့ရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

တောင်ဒဂုံမြို့နယ်၊ (၅၇) ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၅.၁၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၂း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုး များ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

      ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) ကဖြန့်ဖြူးသည့်ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိကို တောင်ဒဂုံမြို့နယ်၊ (၅၇)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ (၁၀)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး   Mandalar Gonsaung Co.ltd မှ ဖြန့်ဖြူးရောင်းချ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဒဂုံမြို့နယ်၊ ၅၃ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၅.၁၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုး များ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) ကဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်ဒဂုံမြို့နယ်၊ (၅၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင် စု(၇)စုအား မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး Myanmar Top Notch Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည်  စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်းရှိ ဒေါ်အိအိဖြူ (ဆီဆိုင်) နှင့် ဦးထွန်းမြင့်နိုင် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၂၆.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“စည်ပင်သာယာမြို့မဈေးရှိ ဆန်ဆိုင်များဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအားကွင်းဆင်းစစ်ဆေး”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှသင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့ နိုဝင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များရှိဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှိများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းထက် အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ် နေကြာလျာထားဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ဧကအားလုံး Drum Seeder ဖြင့်စိုက်ပျိုးရေး‌တောင်သူများနှင့်တွေ့ဆုံ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကမာကနီကျေးရွာအုပ်စု သု့ခသီတာဓမ္မာရုံ၌ နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆီထွက်သီးနှံ နေကြာလျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့် စိုက်ပျိုး‌နိုင်ရေးဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကမာကနီ၊ ကျုံတောချောင်၊ ကျုံဖရယ်၊ သခွတ်ပင်၊ ဆားတိုင်မွှတ်၊ ခရိက္ခနိ၊ သရက်တော၊ တာတိုက်၊ သမင်ခြံ၊ ထန်းတပင်၊ ပျားမွှတ်၊ ဘို့ဒင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်နေကြာလျာထားဧက ပြည့်မီအောင် စိုက်ပျိုးရေးဆောင်ရွက်ကြရန်၊ နွေစပါးစိုက်ဧကအားလုံး Drum Seeder ဖြင့် စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန် မြေဩဇာများ အချိန်ကိုက် အချိုးကျ သုံးစွဲရန် စိုက်ပျိုးနည်းများစနစ် ssတကျ စိုက်ပျိုးနိုင်ရေးနည်းလမ်းများအား ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက် အတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက် ဦးဟိန်းသော်ဇင်ဦး လက်လီလက် ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ ဦးရဲတင်းဟိဏ်း လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက် မြို့မဈေးအတွင်း ရောင်းချသော ဦးဟိန်းမင်းလတ်နှင့် ဒေါ်မြသီတာကျော် လက်လီဆိုင်၊ ဒေါ်လဲ့လဲ့သင်း လက်လီအရောင်းဆိုင်၊ ဦးစန်းဌေး လက်လီအရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးမြင့်မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့်ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သယ်ယူခ၊ အလုပ်သမားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားအုန်းဆီ ရောင်းချသော လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံနေကြာ လျာထားဧကပြည့်မီနိုင်ရေး တောင်သူများကွင်းဆင်းတွေ့ဆုံ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်တောင်သူများနှင့် တွေ့ဆုံခန်းမ၌ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့် စိုက်ပျိုး‌ရေးနှင့် ဆီထွက်သီးနှံ နေကြာလျာထားဧက ပြည့်မီနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ဧက(၁၀၀) စံပြကွက်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ ပြီးပါက သီးထပ်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများအား နေကြာလျာထားဧက (၂၅)ဧက ပြည့်မီအောင်စိုက်ပျိုးရေး၊ နွေစပါးဧက (၇၅)ဧကအား Drum Seeder ဖြင့်စိုက်ပျိုးရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး မြေဆီလွှာတိုး တက်ကောင်းမွန်စေရေးအတွက် ပိုက်ဆံလျော်များ တွဲဖက်စိုက်ပျိုးနိုင်ရေး‌ ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်ချောင်း၊ တောင်ကျောင်း၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေးTalk Show ဆောင်ရွက်ခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွေဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့က စားသုံးသူအခွင့်အရေးနှင့် ပတ်သတ်တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအား ကာကွယ်ပေးနေသည့် အကြောင်းအရာများ၊ ကုန်စည်အမျိုးအစားအလိုက် အုပ်စု(၈)စုကို စစ်ဆေးနိုင်ရန် စားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၂/၂၀၁၉) အမိန့်ကြော်ငြာချက်ကို ထုတ်ပြန်ထားရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ရှိပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် စစ်ဆေးနေခြင်းများ အကြောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက နိဂုံးချုပ်အနေဖြင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်း ပြောခွင့်ပေးနေကြောင်းနှင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများ ယခုလက်ရှိ အလွယ်ကူဆုံးဖြစ်သော Consumer Call Center ၁၅၃၅ သို့ တိုင်ကြားများ ဆွေးနွေးခဲ့ကြပြီး ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးမှ ဆွေးနွေးမှုများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဒဂုံမြို့နယ်ရှိ Trusty Family Co.ltd အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Trusty Family Co.ltdအား နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ Olympic Hotel, National Swimming Pool Complex, U Wisara Road, Dagon tsp, Ygn ရှိ  Trusty Family Co.ltd သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေး ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်ပေးရာတွင်လည်း အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေးနှင့်  တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News