သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ထုတ်စွမ်းအားမြှင့်တင်မှ နိုင်ငံစီးပွားတိုးတက်မည်

          မြန်မာနိုင်ငံသည်  စိုက်ပျိုးစီးပွားရေးကိုအခြေခံသည့် တိုင်းပြည်ဖြစ်သည်။ နိုင်ငံ လူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် ကုန်ထုတ်စီးပွား လုပ်ငန်းများ ကိုယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှု စီးပွားဘဝ မြင့်မားတိုးတက် လာမည်ဖြစ်သည်။

          ကျေးလက်စီးပွား ကုန်ထုတ် လုပ်ငန်းများကိုလေ့လာကြည့်မည်ဆိုပါကရှိပြီးရေခံ၊ အခြေခံ ကောင်းပေါ်တွင် သမားရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း များသောအားဖြင့် လုပ်ကိုင် ကြသည်။ ရေခံ၊ မြေခံ၊ အခြေခံကောင်းများနှင့် စွမ်းအားအရင်းအမြစ်များရှိနေသော်လည်း ခေတ်မီနည်းစနစ်၊ သုသေတနရှာဖွေဖော်ထုတ်မှုအသစ်များဖြင့် ဆောင်ရွက်နိုင်မှုအားနည်း သောကြောင့် စိုက်ပျိုး ရေးကဏ္ဍတွင် ထင်သလောက်ခရီးမပေါက် ဖြစ်နေသည့် သဘော ရှိသည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိိုးတိုးတက်အောင်  သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကျေးလက်နေပြည်သူလူထုများမှ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

          နိုင်ငံသားတိုင်း အသက်ရှင် နေထိုင်ရန်အတွက် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဧက စုစုပေါင်း ၁၃ သန်းခန့်ရှိပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့်ဝါကို အဓိက စိုက်ပျိုးကြသည်။ အချို့နေရာများတွင် တစ်သီးစားနှင့် နှစ်သီးစားစိုက်ပျိုးကြသည်။ စိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိက စိုက်ပျိုးကြရာ နိုင်ငံအတွင်း  လူတစ်ဦး တစ်နှစ် ဆန်စားသုံးမှုမှာ (၁၅၅ KGခန့်) စားသုံးသဖြင့် ပြည်တွင်း၌ ဆန်ဖူလုံမှုရှိသည်။ မျိုးကောင်းမျိုးသန့်ဖြင့် အထွက်တိုးစိုက်ပျိုးလျှင် ပြည်ပသို့နှစ်စဉ် တင်ပို့ နိုင်ပြီး နိုင်ငံ့စီးပွား တိုးတက်မည်ဖြစ်ပါသည်။ ထို့ကြောင့်ဆန်ကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး အတွက် အထွက်နှုန်း တိုး အောင် ဆောင်ရွက်လျက်ရှိသည်။

          ပြည်သူများ စားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ဝဝလင်လင်စားသုံးနိုင်ရေးအတွက် အဓိက စားသုံးသည့် ဆန်နှင့် ဂျုံကို ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်နေသည်။ ထို့အပြင် အခြားသော ဖြည့်စွက်စားကုန်များကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုး

 ထုတ်လုပ်နိုင်အောင် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှု မှာ များပြားလာသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေးအတွက် နေရာဒေသမရွေး စိုက်ပျိုးနိုင်သော၊ စားသုံးဆီထုတ်လုပ်ရေးကို တိုက်ရိုက် အကျိုးပြုနိုင်သော တစ်ဧက ဆီထွက်နှုန်း ပိဿာ(၁၄၀) ခန့်ရရှိနိုင်သည့် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးရေးအား လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။

          ၂၀၂၂ -၂၀၂၃ စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို တစ်နိုင်ငံလုံး စိုက်ဧက ၁ ဒသမ ၅သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေး ချေးငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေးခွင့်ပြုထားပြီး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆီနှင့်ပတ်သက်၍ စက်မှုသုံးဆီနှင့်စားသုံးဆီ နှစ်မျိုးရှိသည်။ စက်မှုသုံးဆီကိုလျှော့ချ၍ မဖြစ်နိုင်သော်လည်း စားသုံးဆီကို ပြည်သူများ အနေဖြင့်  လျှော့ချသုံးစွဲခြင်းဖြင့်  ကုန်ကျစရိတ်လည်းသက်သာ၊ ကျန်းမာရေးနှင့်လည်း ညီညွတ် ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်းချွေတာနိုင်မည်ဖြစ်သည်။

         မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုးနေသည့် သီးနှံများအနက် ဆန်နှင့် မြေပဲသီးနှံတို့သာ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကျန်သီးနှံများနှင့် ဆီထွက်အခြား သီးနှံ များကို ထပ်မံကြိုးစားစိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်။ ထို့ကြောင့် စိုက်ပျိုး သီးနှံဆီထွက် နေကြာစိုက်ပျိုးရေးကိုဒေသအလိုက် တွန်းအားပေး ဆောင်ရွက် လျက်ရှိသည်။ စိုက်ဧက များကိုလည်းတိုးချဲ့ ၊ အထွက်နှုန်းလည်း တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်သူ များကလည်းဆီကိုချွေတာသုံးစွဲပါကြပါက ၊ ပြည်သူများဝင်ငွေ၊ နိုင်ငံ့ဝင်ငွေ တိုးတက်လာမည် ဖြစ်သည်။ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ၊ စိုက်ပျိုးရေး သွင်းအားစုများအပြင် စိုက်ပျိုးရေ ရရှိရေးတို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိရာ စိုက်ပျိုးရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်း များတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်ငန်းများ တိုး တက်လာအောင်ကြိုးပမ်း ဆောင်ရွက်ကြလျှင် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အကျိုးစီးပွားကို ရည်မှန်းကာ ဝေမျှလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

သက်သာသောနှုန်းထားဖြင့် ဆန်နှင့် ဆီများရောင်းချပေးခဲ့

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များတို့ပူးပေါင်း၍ ၂၂-၈-၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီး ဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဆန်နှင့် စားအုန်းဆီများကို သက်သာသောနှုန်းထားများဖြင့် စားသုံး သူပြည်သူများထံသို့ ရောင်းချ‌ပေးခဲ့ရာ ဧရာဝတီပေါ်ဆန်း 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၂၈၀ဝိ/- ဖြင့် ဆန်အိတ် (၉၀) အိတ်၊ ရက် (၉၀) ဆန် 10Kg (5 ပြည်) တစ်အိတ်လျှင် ၈၀၀ဝိ/- ဖြင့် ဆန်အိတ် (၅၃) အိတ်နှင့် စားအုန်းဆီ ၁ ပိဿာလျှင် ၅၀၀ဝိ/- ကျပ်ဖြင့် ဆီပိဿာချိန်ပေါင်း (၆၆၀) ပိဿာရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဟိုပုံးမြို့ နောင်တောင်း ပရဟိတ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ဩဂုတ်လ (၂၆) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟိုပုံးမြို့ နောင်တောင်း ပရဟိတ စာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူ ကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

       အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် နောင်တောင်း ပရဟိတစာသင်ကျောင်း ကျောင်းတာဝန်ခံ ဦးခွန်မောင်ကောက်က အဖွင့်အမှာစာကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါ်စောယုထွေး (ဦးစီးမှူး)က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပြီး  တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ကြောင်း သိရှိရသည်။

      ထိုနောက် အခမ်းအနားတွင် ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ (၅၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

 

စားအုန်းဆီဖူလုံရေး ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံး၌ (၂၄.၈.၂၀၂၂)ရက်နေ့ နေလည်(၁:၀၀)တွင် စားသုံးသူပြည်သူများ ဆီလုံလောက် စွာ ရရှိနိုင်စေရေးအတွက် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်၊ ဒုခရိုင်မှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသော ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်း(ယာယီ) ဥက္ကဌ ဦးဖြိုးညီညီအောင် နှင့် ဆီလုပ်ငန်းရှင်များတက်ရောက်ကြကြောင်း သိရှိရပါသည်။ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆီလုပ်ငန်းရှင်များအား စားသုံးသူပြည်သူများအတွက် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချနေသည်မှာ အများအသိပင်ဖြစ်ကြောင်း၊ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် တင်သွင်းလာပါက အချိန်နှင့်တစ်ပြေးညီ စားသုံးသူအများပြည်သူများ လက်ဝယ်သို့ ရောင်းချနိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဌမှ မြို့တွင်းတွင်လက်ရှိအချိန်တွင် ဆီလုံလောက် မှု ရှိနေပြီဖြစ်ပြီး နယ်များကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချသွားရန် လိုအပ်ကြောင်း၊ သို့မှသာ ဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ကြမ်းများ ပြတ်လပ်နေ၍ ဆီဈေးနှုန်းကြီးမြင့်သော်လည်း စက်တင်ဘာ၊ အောက်တိုဘာလများတွင် မြေပဲကုန်ကြမ်းများ ပေါ်ထွက် လာနိုင်ချေရှိသောကြောင့် ဆီဈေးနှုန်းများကျဆင်းနိုင်ချေရှိကြောင်း  သိရှိရပါသည်။ ဆက်လက်၍ ဆီလုပ်ငန်းရှင်များမှလည်း အသီးသီးအကြံပြုဆွေးနွေးခဲ့ပြီး အကြံပြုဆွေးနွေးချက်များကို ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ညနေ(၁၄:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

တောင်ကုတ်မြို့သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     ရခိုင်ပြည်နယ် တောင်ကုတ်မြို့နေ သောက်ရေသန့်လုပ်ငန်းလုပ်ကိုင်သူ ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို (၂၅-၈-၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် တောင်ကုတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် လာရောက်တွ့ဆုံဆွေးနွေးခဲ့ပါသည်။

     လုပ်ငန်းရှင်မှ မိမိသည် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ရှိ “ဝေသာလီဦး”အမှတ်တံဆိပ်ဖြင့် သောက်ရေသန့်ဖြန့်ဖြူးရောင်းချသူတစ်ဦးဖြစ်၍ ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ၏ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်လိုကြောင်းပြောကြားရာ ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉စားသုံးသူကာကွယ်ရေးဉပဒေအရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်ပစ္စည်း ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ် ချက်များ၊ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒါဏ်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး ထုတ်လုပ်သည့် “ဝေသာလီဦး” သောက်ရေသန့် ကုန်အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြရန်လိုအပ်သည့်အချက်များအား ဖြည့်စွက်ပြောကြားဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရွှေဘိုမြို့၊ အ.ထ.က(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး   ဟောပြောပွဲကျင်းပ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟု သုတများရရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၄ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ဒု-ဦးစီးမှူး(၂)ဦးနှင့် အကြီးတန်းစာရေး(၂)ဦး လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းမှ စားသုံးသူ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်း ထားကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်ပစ္စည်း ဝယ်ယူရာတွင် မိမိဝယ်ယူသည့်ကုန်ပစ္စည်း၏ ပြေစာကိုသိမ်းဆည်းထားရန် လိုအပ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ထိုပြေစာနှင့် အတူအရေးဆိုတိုင်ကြား  နိုင်ကြောင်း၊ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်မှ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊  မိမိတို့ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အ သားများနှင့် ပြည့်စုံမှဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ဌာနသို့ဆက်သွယ်တိုင်ကြားနိုင် ကြောင်း၊ တိုင်ကြားရာတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်း ကောင်း၊ Onilne ဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊  Concumer Call Center များသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့  ဆရာ/ ဆရာမ(၂၇)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၉၀)ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် (၂၀၀) စောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

     စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတို့လိုက်နာရမည့်တာဝန်နှင့် အခွင့်အရေးများကို တောင်းဆိုနိုင်မည့် အကျိုး ရလဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၅၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် စက်တင်ဘာလ ၄

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး  စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့် ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

       ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Pageနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

ဒေသတွင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ်ဖြင့် စားသုံးသူပြည်သူများထံအရောက် စားအုန်းဆီများရောင်းချပေးလျက်ရှိ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများသတ်မှတ် အရည် အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

       စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချ စေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်း စိစစ် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

        ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စားအုံးဆီဒေသတွင်းတိုက်ရိုက်ရောင်းချမှု အစီအစဉ်အနေဖြင့် ဩဂုတ်လ (၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိတွင် (၂၅)ရက်နေ့သည် ဥပုဒ်နေ့ဖြစ်၍ တစ်ရက်နားသဖြင့် (၆)ရက် တိုင် ဆီကုန်သည် (၈)ဦးမှ အလှည့်ကျဖြင့် တစ်ရက်လျှင်ဈေးကား (၄)စီးဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေးအနီး၊ အောင်ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးစသည့် ဈေးလေးဈေးအနီးတွင် နေ့စဉ်နံနက် (၇:၃၀)နာရီခန့်မှတင်၍ စားသုံးသူများ အလွယ်တကူဝယ်ယူနိုင် ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်း ဈေးကား တစ်ပိဿာ ဈေးနှုန်း (၃၉၀ဝိ/-)”ဟူ၍ ဗီနိုင်းကပ်ကာ ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင် ယခင်ကထက် ဝယ်ယူသည့်သူများပြားသဖြင့် တစ်ဦးလျှင်ငါးဆယ်သားနှုန်းသာ ရောင်းချပေးကြောင်း၊ ရွှေဘိုမြို့ပေါ်သာမက မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှလည်းလာရောက် ဝယ်ယူကြကြောင်း၊ ဌာနအနေဖြင့် ရောင်းချမှုအစီအစဉ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတင်ပြ ဆောင်ရွက်လျက်ရှိပြီး ရောင်ချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ရွှေဘိုမြို့ နယ်ဆီကုန်သည်အသင်းမှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာဈေးများတည်ရှိရာ ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူမျာ ပူးပေါင်း၍ စနစ်တကျ ဝယ်ယူနိုင်စေရန်ကြိုးတန်းပေးခြင်း၊ တုံကင်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်းနှင့် စားသုံးသူများကလည်း တစ်နေ့ထက် တစ်နေ့စည်ကားသိုက်မြိုက်စွာ တန်းစီဝယ်ယူ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သထုံခရိုင်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

         သထုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၄.၈.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်အား Online မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး မှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင် ပါဝင်သော စကားရပ်များ၏ အဓိပ္ပါယ်၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် (၇)ချက်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် (၅)ချက်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် အခြေအနေများအား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ ပြည်တွင်းရော်ဘာကုန်ကြမ်း အခြေပြုတန်ဖိုးမြင့်ထုတ်ကုန်များ၏ ဈေးကွက် “

        တောင်တန်းများ၊ ကမ်းရိုးတန်းလွင်ပြင်များကို ပိုင်ဆိုင်ထားပြီးမိုးရေလက်မ လုံလောက်စွာ ရရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများသည် ရော်ဘာစိုက်ပျိုးရန် သင့်လျှော်သည့် မြေခံ၊ရေခံနှင့် ရာသီဥတုကောင်းအားပိုင်ဆိုင်ထားပါသည်။မွန်ပြည်နယ်သည် မြန်မာနိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးနှင့် ထုတ်လုပ်မှုပမာဏအများဆုံး ထွက်ရှိသောပြည်နယ် တစ်ခုဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ ရော်ဘာထုတ်လုပ်မှုပမာဏ အများဆုံးအားပိုင်ဆိုင် ထားသည့်အလျှောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၏ရော်ဘာ ဈေးနှုန်းအပေါ်အခြေပြု၍ ရောင်းဝယ်မှုကို အဓိကပြုလုပ်ကြသည်။ ပြည်ပဝယ်လက်များမှလည်း ရော်ဘာတန်ချိန်ပမာဏ သိန်းချီလိုအပ်သည့်အခါတွင် မွန်ပြည်နယ်သို့အဓိကထား၍ ချိတ်ဆက်လျှက်ရှိသည်။ ထိုအခါ မွန်ပြည်နယ်မှရော်ဘာလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များသည် အိမ်နီးချင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ညှိနှိုင်း ရောင်းဝယ်မှုများလုပ်ဆောင်လျှက်ရှိသည်။

        ကမ္ဘာပေါ်တွင် ရော်ဘာအား အရည်နှင့် အစိုင်အခဲ(အပြား/အတုံး)ပုံစံများဖြင့် ထုတ်လုပ်၍ စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းများအဖြစ်ပြန်လည်အသုံးပြုကြသည်။ ၎င်းတို့မှာ

  • Concentrated Latex     ရော်ဘာအစေးရည်
  • TSR (Technically Specified Rubber ) နှင့်
  • RSS (Ribbed Smoked Sheet) တို့ဖြစ်သည်-

         Concentrated Latex ရော်ဘာအစေးရည်ဟူသည်မှာ ရော်ဘာအပင်မှရရှိသည့် ရော်ဘာအစေးရည်အား ရော်ဘာအသားပါဝင်မှုအသားတင် ၆၀ ရာခိုင်နှုန်းရရှိအောင် ပြန်လည်သန့်စင် ထားသည့်ပျော်ရည် (အစေးရည်) ဖြစ်သည်။ ရော်ဘာအပင်မှခြစ်၍ ရရှိသောရော်ဘာအစေးရည်တွင်  DRC-Dry Rubber Content ဟုခေါ်သည့် ရော်ဘာပါဝင်မှုပမာဏ ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း ရေဓါတ် ၅၀မှ ၆၀ ရာခိုင်နှုန်းနှင့် အခြားဓါတ် ၁၀ ရာခိုင်နှုန်းပါဝင်သည်။ ထိုပျော်ရည် (အစေးရည်)အား ရေဓါတ်ပါဝင်မှုလျော့ချ၍  အသားတင်ရော်ဘာအသားပါဝင်မှု ၆၀ ရာခိုင်နှုန်း ရရှိစေရန် သန့်စင်ပြီး ထိုသို့သန့်စင်ထားသည့် ရော်ဘာပျော်ရည်(အစေးရည်)အား စက်မှုလုပ်ငန်း များတွင် ပြန်လည်အသုံးပြုရန်အတွက် ရောင်းချကြသည်။ သန့်စင်ထားသည့်ရော်ဘာပျော်ရည်  (အစေးရည်)အား သားရေကွင်း၊လက်အိတ်၊ ဘောလုံးနှင့် ဖော့ကဲ့သို့သော ပစ္စည်းများထုတ်လုပ်ရန် အတွက်အသုံးပြုသည်။ မြန်မာနိုင်ငံတွင် ထိုသို့သန့်စင်ထားသည့် ရော်ဘာအစေးရည်အား မခဲစေရန်အတွက် အစေးရည်အား ကြာရှည်ခံအောင် ထားသိုနိုင်မည့်လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။

ဒေသတွင်းဈေးကွက်နှင့် လုပ်ငန်းအခြေအနေ

     မြန်မာနိုင်ငံရှိ ရော်ဘာလုပ်ငန်းအများစုမှာ ခြံရှင်ငယ်များဖြစ်ကာ၊ ခြံရှင်ငယ် များပြားခြင်းကြောင့် ရော်ဘာထုတ်လုပ်သည့် အရည်အသွေးအားဖြင့် တသမတ်တည်းတန်းညှိ၍ ထုတ်လုပ်ရန်ခက်ခဲလျှက်ရှိပြီး ခြံရှင်ငယ်အများစုမှာအရည်အသွေးနိမ့်သည့် ရော်ဘာကုန်ကြမ်း များကိုသာထုတ်လုပ်နေကြသည့်အစဉ်အလာရှိနေသည်။ ရော်ဘာထုတ်ကုန်အား အချိန်တိုတို အတွင်းထုတ်လုပ်၍ဈေးကွက်သို့ ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိရန်အတွက်ဦးစားပေးကာ ထုတ်လုပ်နေကြသဖြင့် ထုတ်လုပ်မှုအရေအတွက်များသော်လည်း အရည်အသွေးမြင့်ရော်ဘာများ ကိုပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်ကြသည်။ ရော်ဘာအခြေပြုတန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှသာ ပြည်တွင်းရော်ဘာကုန်ကြမ်း ဝယ်ယူသုံးစွဲမှုမြင့်တက်လာမည်ဖြစ်ပြီး ပြည်တွင်းရော်ဘာဈေးကောင်းရရှိကာ ဈေးကွက်ခိုင်မာလာမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မြန်မာ့ရော်ဘာကုန်ကြမ်းကို ပြည်ပသို့အဓိကတင်ပို့မှု အားထားနေရသောအိမ်နီးခြင်းနိုင်ငံများ၏ နယ်စပ်ဂိတ်များမှ တရားဝင်ပို့ဆောင်ခွင့်ရရှိခြင်းရှိမရှိနှင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် တရားဝင်ကုန်သွယ်ခြင်းရရှိမှုအခြေအနေများသည်လည်း ဈေးကွက်စိန်ခေါ်မှုကြီးနေဆဲဖြစ်သည်။ ရော်ဘာနှင့်ပတ်သက်သော စိုက်ပျိုးမှု၊ထုတ်လုပ်မှုတို့၏  ကိန်းဂဏန်းအချက်အလက်များမှာ ပြည့်စုံစွာရှိသော်လည်း ဒေသအလိုက် ရော်ဘာကုန်ကြမ်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များမှာ သေချာခိုင်မာစွာမရှိနေပေ။

ပြည်တွင်းဈေးကွက်အခြေအနေ

      ပြည်တွင်းဈေးကွက်အခြေအနေဖြင့်ရော်ဘာကုန်ကြမ်းကို အသုံးပြုပြီးရော်ဘာတန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်သော စက်ရုံနှင့်လုပ်ငန်းများမှာလည်း ပြည်ပမှသွင်းကုန်အဖြစ် ဝင်ရောက် လာသောဈေးကွက်ကို ယှဉ်ပြိုင်နှိုင်စွမ်းနည်းနေသည်။ ပြည်တွင်းရော်ဘာထွက်ကုန် အသုံးပြု  နိုင်သည့် ဈေးကွက်မခိုင်မာခြင်းကြောင့် ဈေးကွက်မတည်ငြိမ်ခြင်းနှင့် ဈေးကောင်းမရရှိခြင်း အကြောင်းရင်း ကိုဖြစ်စေသည်။ အရည်အသွေးမြင့်ရော်ဘာကုန်ကြမ်းများအား ထုတ်လုပ်ရန် အတွက် လိုအပ်သည့် နည်းပညာအကူအညီ၊ ဓါတုကုန်ကြမ်းသွင်းအားစုများ မပြတ်ရရှိရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့မှာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့် အခြေအနေဖြစ်နေဆဲပင်ဖြစ်ပြီး ပြည်တွင်း ရော်ဘာဈေးကွက်ခိုင်မာမှုအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေဆဲဖြစ်ပါသည်။ အထက်ပါစိန်ခေါ် မှုများကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မှသာ ရော်ဘာအခြေပြုစက်ရုံ လုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလက်မှုများတိုးတက်ထွန်းကားလာပြီး ပညာတတ်မဟုတ်သော အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးလာနိုင်မည်ဖြစ်ကာ ရော်ဘာ လုပ်ငန်းကို မှီခိုနေကြရသောအခြေခံ တောင်သူများ၏ လူမှုစီးပွားရေးဘဝမြင့်တက်လာမည် ဖြစ်ပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ