သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့တွင် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောနှုန်းဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို ရောင်းချပေးလျက် ရှိပါသည်။

            နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ငူမြို့နယ်ရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား လည်းကောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တောင်ငူမြို့ အမှတ် ၁၃ ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား လည်းကောင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများအား တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

          Diamond Dragon Co.,Ltd သည် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးလျက်ရှိရာ နိုဝင်ဘာလ ၂ ရက်နေ့အထိ အဆင့်မြင့်စားအုန်းဆီ ၃၄၀၁၂ ပိဿာ (၅၅.၅၅ တန်)ရောင်းချပေးခဲ့ပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ် ဆန်စက်ကုန်စည်ဒိုင်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်း မှ လုပ်ငန်းရှင်များအား “စားသုံးသူအခွင့်အရေးဦးစားပေး” အသိပညာပေး တွေ့ဆုံဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၂)နေ့ (၁၁:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်ကုန်စည် ဒိုင်တွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ကုန်စည်ဒိုင်အသင်းသားများပူးပေါင်း၍  ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆွေးနွေး အသိပညာပေးခဲ့ကြပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး (၂၀၁၉) ဥပဒေအကြောင်း အကျယ်တဝင့်ဆွေးနွေးပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားတိုးတက်စေရန် မျှော်မှန်း၍ ကုန်စည်ဒိုင် အသင်းသားများ သိထားသင့်သည့် ကုန်စည်ဒိုင် အဓိပ္ပာယ်၊ အမျိုးအစား၊ လက်ငင်းဈေးကွက်ကုန်စည်ဒိုင်၊ ကြိုရောင်းကြိုဝယ် ဈေးကွက်ကုန်စည်ဒိုင်၊ ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များနှင့် အောင်မြင်သော ကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှုစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြကောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်ရောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးမှ ဦးခိုင်လွမ်းမိုးသည် မိတ်ဖက်ဌာန ပူးပေါင်း၍ (၉.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ပန်းတနော် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၆)ဆိုင်မှ ကုန်မျိုးစုံအား ဈေးကွက်စောင့်ကြ်း စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား များ ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကြရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်များကိုသာ စစ်ဆေး တွေ့ရှိခဲ့ကြပါသည်။ ဆိုင်ရှင်များကိုလည်း မိမိတို့ရောင်းချနေသော ကုန်စည်များသည် သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်၊ ထောက်ခံချက်လိုင်စင်ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ဈေးကွက်အတွင်းရှိရောင်းချနေသော ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အတွက် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူ နစ်နာမှုကို ကုစားခွင့်ပြုနိုင်ရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် စီးပွားရေး လုပ်ငန်း ရှင်တို့ဘက်မှလည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍လိုက်နာရမည့် တာဝန်များကို လေးစားလိုက်နာကြပါရန် ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်း ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား/သူများအား “စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိနိုင်ရန် အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများနှင့်အတူ(၇.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် “စားသုံးသူအခွင့်အရေးဦးစားပေး” ခေါင်းစဉ်ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်  ကျောင်းသားလူငယ် (၁၃၆) ဦးအား အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ အကြောင်း ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် အသိပညာပေး တွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရန် စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့် ပက်သက်၍ လုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျှက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးများ၊ စီးပွားရေးလုပ် ငန်းရှင်တို့၏ လိုက်နာရ မည့်တာဝန်များ၊ စားသုံးသူတို့၏ အခွင့်အရေး နစ်နာဆုံးရှုံမှုများ ရှိလာပါက အရေးဆို တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်သွယ် တိုင်ကြားနိုင်ရန် ဖွင့်လှစ်ထားရှိသောကြောင့် ဆက်သွယ်နိုင်သည့် လိပ်စား၊ ဖုန်းနံပါတ်များ၊ Mobile app၊ website, Facebook page နှင့် CICC စင်တာများတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြား၍ ရနိုင်ပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ/လူငယ်များက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁:၃၀)နာရီ အချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ပေါ်ရှိ စတိုးနှင့် ဆေးဆိုင်များတွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်ဌာန များနှင့်အတူ (၈.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မအူပင် မြို့နယ်ပေါ်ရှိ စတိုးနှင့် ဆေးဆိုင်(၁၀)ဆိုင်မှ ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေး စစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်မအူပင်မြို့ပေါ်ရှိ စတိုးနှင့်ဆေးဆိုင်များတွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကြရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည် များကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြပါသည်။ကလေးအဟာရဖြည့်စွပ်စာများကို ရောင်းချရာတွင် လည်း ဌာနတို့၏ ထောက်ခံချက်လိုင်စင်ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ရက်လွန်ကုန်စည်များရှိပါကလည်း ကုမ္ပဏီနှင့် ချိတ်ဆက်၍ ပြန်လည်ပေးသွင်းလဲလှယ်ရန်နှင့် မိမိတို့ရောင်းချသော ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင် သည့်အတွက် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူနစ်နာမှုကို ကုစားခွင့် ပြုနိုင်ရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တို့ဘက်မှလည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍လိုက်နာရမည့် တာဝန်များကို လေးစားလိုက်နာကြပါရန် ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး အဟာရဖြည့်စွက်စာများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဂျုံခေါက်ဆွဲလုပ်ငန်းနှင့် ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ ဂျုံခေါက်ဆွဲလုပ်ငန်း(၂)ခုနှင့် ပုန်ထွန်ရပ်ကွက်ရှိပဲငံပြာရည်လုပ်ငန်း(၁)ခုတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် နှင်းဆီတံဆိပ် ဂျုံခေါက်ဆွဲ၊ ကြယ်ငါးပွင့်တံဆိပ် ဂျုံခေါက်ဆွဲနှင့် ကြက် တံဆိပ် ပဲငံပြာရည်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း” နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့်ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန် ခဲ့ကြပါသည်။

DOCA(ရှမ်း)

         စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌‌ဟောပြောခြင်း

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၀-၁၁-၂၀၂၂)ရက်နေ့ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် သံတွဲမြို့၊ကြိမ်ချောင်း ကျေးရွာ  အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ အများပြည်သူဘေးအန္တရာယ်မဖြစ်ပေါ် စေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

         အဆိုပါ‌ဟောပြောပွဲတွင် သံတွဲမြို့၊ ကြိမ်ချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင် (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆက်လက်၍ သံတွဲခရိုင်ရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်ပြည့်စုံ (အငယ်တန်းစာရေး) မှ အစားအသောက်များအား  ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ ဖော်ပြပါရှိမှုအား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ သေချာစွာ လေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

အစေ့ထုတ်ပြောင်းရောင်းဝယ်ရေးလုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၉.၁၁.၂၀၂၂ ရက်နေ့နံနက်နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝိုင်းမော်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ ထွန်းမြင့်အောင်ကြည်ဦး အစေ့ထုတ်ပြောင်းရောင်းဝယ်ရေးကုမ္ပဏီမှ  လုပ်သားများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင်  ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့်စားသုံးသူ နှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက် ပေးသည့်မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူ များအတွက် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ် ကျေ နပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ် လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန် သာယာသောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း တို့ဖြစ်ကြောင်း စသည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီးစားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ၁၀.၁၁.၂၀၂၂ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွား‌ရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သိုမဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ ကျောင်းသူ/ကျောင်းသားများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့်ပြသကာ ရှင်းလင်း‌‌ဟောပြောခဲ့ပါသည်။ ထို့နောက် စာသင်ကျောင်းမုန့်ဆိုင်များအား ဘေးအန္တရာယ်ရှိသော အစားအစာများ‌ရောင်းချခြင်း ရှိမရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၂၀)ဦး၊ ကျောင်းသူ/ကျောင်းသား(၂၉၀)ဦး၊ စုစုပေါင်း(၃၁၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိဒေသတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၉)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိရွှေလီဆန်ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဒုတိယညွှန်ကြားရေးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး စားသုံးသူပြည်သူများ ရသင့်ရထိုက်သော အခွင့်အရေးများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များကို သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း၊ ဆက်လက်၍ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့်အညီ မိမိဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အလားအလာရှိသည့် MSME လုပ်ငန်းများစွာရှိကြောင်း၊ ခေါက်ဆွဲ၊ မြေပဲဆားလှော်၊ အာလူးကြော်စသည့် စားသောက် ကုန်လုပ်ငန်းများအား အဆင့်မြင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မိမိတို့ဌာန ဆိုင်ရာများမှ အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်ကျင်းပမည့် လွတ်လပ်ရေးနေ့ ကုန်စည်ပြပွဲအခမ်းအနားတွင်လည်း ဒေသထုတ်ကုန်များကို ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း၊ ထိုပြပွဲတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်‌ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ