သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်

           ခဲလံကျည်တောက်(ခေါ်) ကောက်ညှင်းကျည်တောက်သည် မြန်မာနိုင်ငံတွင် အလွန်ထင်ရှား၍ ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများ စားသုံးသောမုန့်ဖြစ်ပါသည်။ခဲလံဆိုသော စကားမှာ ရှမ်းဘာသာစကား (ခဝ်လံ)မှ ဆင်းသက် လာသည်။ဝါးထဲသို့ ကောက်ညှင်းဆန် ထည့်၍ ချက်သောထမင်း(ဝါ) စားဖွယ်ကို ရှမ်းတို့က ခဲလံဟု ခေါ်ကြကြောင်း၊တစ်ချို့မှာ ယိုးဒယားစကား ခေါက်လမ် (ဝါးကျည်တောက်ထဲမှ ကောက်ညှင်း) ဟု ဆိုကြ သည်။မြန်မာနိုင်ငံ အင်းလေးဒေသတွင် ကောက်ညှင်းကျည်တောက်ကို  ခေါက်လန် ဟုသုံးနှုန်းကြပြီး အနောက်ရိုးမကမ်းခြေနှင့် မြစ်ဝ ကျွန်းပေါ်ကမ်းရိုးတမ်းဒေသတို့တွင်မူ ကောက်ညှင်းကျည်တောက်ဟူ၍သာ သုံးနှုန်းကြပြီး ရှေးအခါက ပေါင်းတင်းကျည်၊ ပေါင်းစည်ကြီးဟု တင်စား ခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိ ရပါသည်။

ကောက်ညှင်းကျည်တောက် ဖြစ်ပေါ်လာပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန်အတွက် အကောင်းဆုံးဝါးမှာ တင်းဝါးပြီး တင်းဝါး ဟုခေါ်သည့် ဝါးကို တောနက်နက်ထိ သွားခုတ်ကြရပြီး ဝါးအရမ်းနုပါက အဆင်မပြေ တတ်၍ ဝါးအရင့်ကို ခုတ်မှသာ ကောက်ညှင်းကျည်တောက်လေးက အကာလှလှလေးနှင့် ပုံထွက်လှ လာပါသည်။ကောက်ညှင်းကျည်တောက် ပြုလုပ်ရန်အတွက် ရှေးဦးစွာ ကောက်ညှင်းဆန်ကို (၄)နာရီကြာ ရေဖြင့် စိမ်ထားပြီး တောင်းပလုံးများဖြင့် ရေစစ်ထားရကြောင်း သိရှိရသည်။ ထို့နောက်ရေစစ်ထားသော ကောက်ညှင်းဆန်ကို စဉ့်အင်တုံထဲတွင် ပဲဆီသန့် ၊အုန်းသီး၊ ဆား အနည်းငယ် တို့ဖြင့် ရောနယ်၍ ဝါးကျည်တောက်ထဲသို့ လက်(၂)ဆစ်ခန့် ချန်၍ ထည့်ပေးရကြောင်း၊ ထိုသို့ချန်၍ ထည့်ရခြင်းမှာ ကျည်တောက်ထဲမှ ကောက်ညှင်းများ ကျက်ပြီးနောက် အနည်းငယ် ဆန့်ထွက်နိုင်စေရန် လျော့ထားရခြင်းဖြစ်ကြောင်း၊ လက်(၂)ဆစ်ခန့် ချန်ထားသည့် နေရာတွင်  ရေအပြည့်ထည့်ရကြောင်း သိရှိရပါသည်။

          ကောက်ညှင်းကျည်တောက်ဖုတ်ရန်  ဝါးအစို တစ်ချောင်း၏ အရင်း၊အဖျား တစ်ဖက် တစ်ချက်စီတွင် ဒေါက်ထောက်ပြီး တန်းလုပ်ထားရသည်။ ထိုတန်း တစ်ဖက်တစ်ချက်စီတွင် ကောက်ညှင်း ထည့်ထားသော ဝါးကျည်တောက်များကို ခပ်စောင်းစောင်း စီ၍ ထောင်ထားရသည်။ ထို့နောက် ထောင်ထားသော ဝါးတန်းအောက်တွင် ထင်းမီးတောက်အနည်းငယ်ဖြင့် ရေများ ခမ်းသွားအောင် (၂)နာရီကြာခန့် မီးဖုတ် ပေးရပြီးနောက် မီးကျီးချ၍  (၃)နာရီခန့် ကောက်ညှင်း ကျည်တောက်များကို လှည့်၍ မီးဖုတ်ပေး ရသည်။ ကောက်ညှင်းကျည်တောက် ဖြစ်လာရန် မီးဖုတ်၍ ပြုလုပ်ရချိန် (၅)နာရီခန့် ကြာမြင့်သည်။ထို့နောက် မီးဖုတ်ထားသော ကောက်ညှင်းကျည်တောက် များ အေးချိန်တန်၍ ဝါးကို ခွဲလိုက်လျှင် ဝါးအမြေးများဖြင့် ရစ်ပတ်နေသော ငွေတောင့်သဖွယ် ဖြူဖွေးသော ကောက်ညှင်း ကျည်တောက်ကို ရရှိသည်။

ရှေးစာဆိုများမှ တင်စားခေါ်ဝေါ်ပုံ

          ဝါးထဲတွင်ကျက်ပြီးသားဖြစ်နေသော ကောက်ညှင်းကျည်တောက်မှာ ဝါးအမြှေးပါးများဖြင့် ကပ်နေ၍ သေသပ် ချောမောလှသည်။ ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံကို -

          “အစွယ်နှစ်ချောင်း ဖြူဖြူလွင် ၊တောမှာပေါက်တဲ့ဆင်

ဆန္ဒန်ဆင်မင်း သူ့ဝမ်းခေါင်း၊ ခြင်္သေ့အပေါင်းအောင်း

လုံစွာပိတ်၍ မီးမှာထား၊ ငွေတောင့်ထိုအလား

ဘုရားတရားတင်ပါလေ၊ တို့လည်းအမျှဝေ”ဟူ၍ ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးနံ ဝါးကိုဆိုလို၍ ခြင်္သေ့ဆိုသည်မှာ အင်္ဂါနံဖြစ်၍ ဆန်ကိုဆိုလိုသည်ဖြစ်ကြောင်း ရှေးစာဆိုများက တင်စားခေါ်ဆိုခဲ့ ကြသည်။

ကုန်ကြမ်းအသုံးပြုပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် တင်းဝါးများကို မိုးကုတ်လမ်းရှိ ရွှေညောင်ပင်မြို့မှ (၅၀)ပါတစ်စီးလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် မှာယူရသည်။ကောက်ညှင်းဆန်ကို ရွှေဘိုမြို့ အနောက် ဘက်ရှိ ချီပါကျေးရွာနှင့် ဆိပ်ခွန်ကျေးရွာများမှ နှစ်ပတ်လည်စာ ဝယ်ယူထားရပြီး ကောက်ညှင်း ကျည်တောက်ပြုလုပ်ရာတွင် သုံးသည့် ကောက်ညှင်းဆန်မှာ (ရှယ်မွှေး) အမျိုးအစားဖြစ်သည်။ ကောက်ညှင်းဆန် စိမ်ရာတွင် ကောက်ညှင်းဆန် (သစ်)ဆိုလျှင် ချက်ချင်းဆေး၍ ချက်ချင်းဆယ်ပြီး ဝါးကျည်တောက်ထဲသို့ ထည့်၍ ပြုလုပ်နိုင်သည်။ကောက်ညှင်းဆန်(ဟောင်း) ဖြစ်ပါက (၄)နာရီခန့် ကြာအောင်စိမ်ထားရပြီး ငချိတ် ကောက်ညှင်းဆန် ဖြစ်ပါက တခြားကောက်ညှင်းဆန်များထက် (၁)နာရီခန့် ပို၍စိမ်ရကြောင်း သိရသည်။ ကောက်ညှင်းကျည်တောက် ဖုတ်ရန် ထင်းကို နှစ်ပေါက် အသုံးပြုရန်   ကြိုတင်ဝယ်ယူထားရသည်။

ထုတ်လုပ်မှု

          ကောက်ညှင်းကျည်တောက်လုပ်ရာတွင် မိသားစုလုပ်အားအပြင် အလုပ်သမား(၃)ဦးခန့် ငှားရမ်း၍ လုပ်ရပြီး တစ်ဦးလျှင် (၇၀၀၀)ခန့်လုပ်အားခ ပေးရသည်။ တစ်နေ့တွင် ကောက်ညှင်းဆန် နေ့စဉ် (၃၀)ပြည် ခန့် ပြုလုပ်ရပြီး ကောက်ညှင်းဆန် ပြည်(၃၀)တွင် ကောက်ညှင်းကျည်တောက် (၁၇၀)ချောင်းခန့် ထွက်ရှိသည်။ ဝါးအပေါ်မူတည်၍ ကောက်ညှင်းကျည်တောက် အနည်း/အများ ထွက်ရှိသည်။အမှာရှိပါက ကောက်ညှင်းဆန် ပြည်(၇၀)အထိ ပြုလုပ်ရသည်။ကောက်ညှင်းဆန်

ပြည်(၃၀)တွင် ဆီ (၅)ပိဿာခန့် ထည့်ရပြီး ဝါးခြောက်ပါက ဆီပို၍ ထည့်ရသည်။ ကောက်ညှင်း ကျည်တောက်ကို အုန်းသီး၊ငှက်ပျောနှင့် ပဲ ဟူ၍ အရသာ (၃)မျိုးဖြင့် ထုတ်လုပ်ပြီး တချို့က

နှစ်ပတ်လည် ပြုလုပ်၍  ရောင်းချသော်လည်း ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်း ကျည်တောက်ကို နှစ်စဉ် (၉)လပိုင်းလလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြောင်း ရွှေဘိုမြို့ရှိ ဆယ်စုနှစ်မက ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူ ဒေါ်တင်အိ ကောက်ညှင်း ကျည်တောက်လုပ်ငန်းမှ သိရသည်။

ဈေးနှုန်းဈေးကွက်

          ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်း များပြားစွာရှိပြီး ဒေသတွင်းဝယ်ယူစားသုံးကြသည့်အပြင် အခြားမြို့နယ်များဖြစ်သော မုံရွာ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များရှိ ကိုယ်စားလှယ်များက မှာယူရောင်းချကြကြောင်း ၊ အုန်းသီး ကောက်ညှင်းကျည်တောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၊ ငှက်ပျောနှင့် ပဲကောက်ညှင်း ကျည်တောက် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ မြန်မာ့အစားအစာ ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်အကြောင်းအား လေ့လာ၍  ရေးသားတင်ပြ လိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌အောက်တိုဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့် စပ်လျဥ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ မျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ ဖယောင်းလုပ်ငန်းရှင်၊ ပဲချောင်းလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးအသိပညာပေးခြင်း(၂၉)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ ဈေးကားများဖြင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့်  ရောင်းချ

        စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် နေပြည်တော်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ ဈေးကားများဖြင့် စားအုန်းဆီများကို လှည့်လည်ရောင်းချပေးလျက်ရှိရာ (၂၇-၁၀-၂၀၂၂)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၅)ဦးမှ လယ်ဝေးမြို့နယ်ရှိ ကျေးရွာ(၁၀)ရွာသို့  ဆီပိဿာချိန် (၂၂၀၀)ကိုလည်းကောင်း၊ (၂၈-၁၀-၂၀၂၂)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၆) ဦးမှ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် တပ်ကုန်း မြို့နယ်များရှိ ကျေးရွာများနှင့် တပ်ရင်း/တပ်ဖွဲ့များအား ဆီပိဿာချိန် (၂၆၄၀)ကိုလည်းကောင်း၊ (၂၉-၁၀-၂၀၂၂)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၈)ဦးမှ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆီပိဿာချိန်(၅၂၈၀)ကိုလည်းကောင်း ရောင်းချပေးလျှက်ရှိပါသည်။

          ဆက်လက်၍ (၃၁-၁၀-၂၀၂၂)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁)ဦးမှ တပ်ကုန်းမြို့နယ်ရှိ EPC ဝန်ထမ်း၊ ဆည်မြောင်းဝန်ထမ်း၊ စိုက်ပျိုးရေးသုတေသန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘိုးဘွားရိပ်သာ၊ ထွေ/အုပ်ရုံးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများသို့ ဆီပိဿာချိန်(၄၄၀)အား တစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး (၁-၁၁-၂၀၂၂)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၃)ဦးမှ ဒက္ခိဏသီရိ မြို့နယ်နှင့် လယ်ဝေးမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများသို့  ဆီပိဿာချိန်(၁၆၅၀)အား တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရာသက်ပန် တံဆိပ် အဆင့်မြင့်စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်  ရောင်းချ

           စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ရာသက်ပန် တံဆိပ် အဆင့်မြင့်စားအုန်းဆီများကို ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂-၁၁-၂၀၂၂) ရက်နေ့က သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

          အဆိုပါ ရောင်းချပေးခြင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တိုင်းအဆင့် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဆီပိဿာချိန်(၅၃၁၅)ပိဿာနှင့် (၅၀) ကျပ်သားကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေး Talk Show ဆောင်ရွက်

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁.၁၁.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌  စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

       Talk Showပြုလုပ်ရာတွင် ဒေါ်ဆန္ဒမွန်(ဒု-ဦစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်မှု၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားရမည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို  အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ကချင်)

 

လားရှိုးမြို့နယ်အတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန ၊ လားရှိုးမြို့ ၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များအလိုက်ဆောင် ရွက်လျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင်  ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  လားရှိုးမြို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လည်းကောင်း၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးမှ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး(ဆင့်ပွား)သင်တန်း၌ လည်းကောင်း၊ သီပေါမြို့နယ်တာဝန်ခံရုံးမှ အိုအေစစ် ဘော်ဒါဆောင်တို့တွင်လည်းကောင်း စားသုံးသူအခွင့်အရေးနှင့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအရာများအား အသီးသီးအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း   သိရှိရပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဘုတလင်မြို့နယ်တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၂၇.၁၀.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် (၅)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ မတူညီကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ မိမိတို့ ကုန်စည်များကို ဝယ်ယူအသုံးပြုမည် ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဘုတလင်မြို့နယ်တာဝန်ခံမှလည်း စားသုံးသူများ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများ ရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ‌ကျောင်းသား/သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို ကလေးအရွယ်မှ စ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာ စောင် များ ဖြန့်ဝေကာ အခမ်းအနားကို (၁၁:၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးနှင့် ရေဦးမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အချက်အလက်များသိရှိနိုင်ရန် ကုန်စည်ဒိုင် ဒု-ဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ယခင်က ရွှေဘိုမြို့ရှိ ဘုရင့်ရုပ်ရှင်ရုံတွင် ပဲ၊ နှမ်းများကို စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ရာမှ (၃)နှစ်ခန့် အရောင်း အဝယ်လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် နေရာတစ်ခုသတ်မှတ်၍ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်ရန် ယခုလက်ရှိတည်ရှိသည့် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို ၂၀၀၂ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ပြီး အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို အလုပ်အမှုဆောင်အဖွဲ့(၁၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို (၂)နှစ် သတ်မှတ်ထားပါကြောင်း၊ နေ့စဉ်ရောင်းဝယ်မှုဈေးနှုန်းအနေဖြင့် မန္တလေးဈေးကွက်ကိုအခြေခံ၍ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း၊ တောင်သူများမှ ပွဲရုံသို့ပို့ထားသည့် ပစ္စည်းနမူနာကို ပွဲစားများမှ ကုန်စည်ဒိုင်သို့ယူဆောင်လာပြီး ရောင်းဝယ်ပြုလုပ်ကြကြောင်း၊ လက်ရှိအချိန်၌တစ်ရက်လျှင် မြေပဲဆံတစ်တင်းခွဲဝင်အိတ်(၂၀၀)ခန့်နှင့် အစေ့ထုတ်ပြောင်း တစ်တင်းခွဲဝင် အိတ်(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် သင်းဖွဲ့စည်းမျဉ်းရှိပြီး အသင်းသားအရေအတွက်(၁၀၀)ခန့်ရှိကြောင်း၊ အသင်းသို့ဝင်ရောက်လိုပါက အသင်းသားတစ်ဦးလျှင် အသင်းဝင်ကြေးခုနှစ်သိန်းကျပ်၊ နှစ်စဉ်ကြေးခုနှစ်သောင်းကျပ်နှင့် ကိုယ်စားလှယ်တစ်ဦးလျှင် နှစ်စဉ်ကြေး ငါးသောင်းကျပ် သတ်မှတ်ထားပါကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့်လွှမ်းခြုံနိုင်သည့် သီးနှံများမှာ ပဲစဉ်းငုံ၊ မြေပဲဆံနှင့် နှမ်းသီးနှံများဖြစ်ပြီး တစ်နှစ်လုံးအဓိကအရောင်းအဝယ်ပြုလုပ်သည့်အပြင် ရွှေဘိုဒေသမှ ထွက်ရှိသည့်ပဲစဉ်းငုံသည် တစ်နိုင်ငံလုံးတွင် နာမည်ကြီးသည်ဟုသိရကြောင်း၊ ကျန်သီးနှံအနေဖြင့် အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းများအပြင် အခြားပဲ မျိုးစုံအနည်းငယ်လည်းအရောင်းအဝယ်ဖြစ်ကြောင်း၊ လွှမ်းခြုံချိတ်ဆက်ဝယ်ယူသည့်ဒေသမှာ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့ဖြစ်ပြီး ပြန်လည်ရောင်းချသည့် ဒေသမှာ မန္တလေးသို့အဓိကတင်ပို့ပြီး ပဲစဉ်းငုံကို ရန်ကုန်သို့လည်းတင်ပို့ကြောင်း၊ ယခင်ကတောင်သူများကို မိမိ၏ယုံကြည်မှုဖြင့် သီးနှံကြိုတင်ငွေထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း Covid-19ကာလမှ စတင်၍ယနေ့အချိန်ထိ ဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်း ပေးချေသည့်နည်းလမ်းကို အသုံးပြုပြီး ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ခြင်းလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်မှ နှစ်စဉ်အရောင်းအဝယ် ပြုလုပ်နိုင်မှုငွေကြေးတန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ်သီးနှံဈေးနှုန်းများ မြှင့်တက် လာသည့်အပေါ်မူတည်၍ တိုးမြှင့်လာကြောင်း၊ အသင်း၏နှစ်ပတ်လည်အစည်းအဝေးကို ၂နှစ်တစ်ကြိမ် ကျင်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနဖြင့်သာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အခြားသောအစိုးရဌာနများ၊ နယ်များရှိရုံးခွဲများ နှင့်ချိတ်ဆက်ဆောင်ရွက်မှုမရှိကြောင်း၊ ဒေသတွင်းရှိ တောင်သူ၊ လယ်သများ၊ ကုန်သည်များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းဝယ်ယူ၍ ဒေသပြင်ပရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့သာ ကုန်ကြမ်းပြန်လည်ရောင်းချပြီး ပြည်ပမှဝယ်ယူသူများနှင့်ချိတ်ဆက်၍ ရောင်းချမှုမရှိကြောင်း၊ ပြည်တွင်း ဆွေးနွေးပွဲအနေဖြင့် ရန်ကုန်၊ မူဆယ်နှင့် မုံရွာတွင်ကျင်းပသည့် ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ကုန်စည်ပြပွဲများတွင် ပါဝင်ပြသမှုမရှိသေးကြောင်း၊ ရွှေိဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် မိမိတို့ အသင်းဝင်သက်တမ်းတစ်လျှောက်လုံးတွင် အသင်းဝင်အချင်းချင်း အငြင်းပွားမှုလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် ရွှေဘိုမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည့် ကထိန်ပွဲတော်တွင် နှစ်စဉ် ပါဝင်လှူဒါန်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အသင်းဝင်များအတွက် သီးနှံရောင်းဝယ်ရာတွင် ရင်းနှီးမြှုပ်နှံ ရန်အတွက် ချေးငွေလိုအပ်သဖြင့် ချိတ်ဆက်၍ ပံ့ပိုးကူညီပေးစေလိုကြောင်းနှင့် ရွှေိဘိုကုန်စည်ဒိုင်အနေဖြင့် အခြားသောတိုင်းဒေသကြီးများနည်းတူ UMFCCI အသင်းဝင်ပြီး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်လိုကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

မုံရွာခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

       စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ( Community Center)ခန်းမ၌(၂၆.၁၀.၂၀၂၂) ရက်နေ့ ၊ နေ့လယ် ( ၁၃ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး က စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေး နိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိ လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄)ချက်အား ရှင်းလင်းခြင်း ၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ် လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ ရှိ စားသုံးသူရေးရာဦးစီးဌာနရဲ့ (Consumer Information and Complaint Center) CICC ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှာ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်တဲ့ ( www.doca.gov.mm ) (Complaint System)၊Mobile Application ဖြစ်သည့် (Doca Myanmar) app ၊Consumer Call Center (1535)သို့ဆက်သွယ်၍ သော်လည်း‌ကောင်း၊ ထို့အပြင် ACCP Website (ASEAN Cross-border Complaint)စသည့်တို့ကို ဆက်သွယ်ပြီးတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခေတ်မီတိုးတက်နေသည့် မုံရွာမြို့မှ ဆန်စက်များ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး တဖက် မှာလည်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းအပါအဝင် ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် နီးနီးကပ်ကပ်ဆက်ဆံ၍ တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲ များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခြင်း၊ အထက်အဆင့်တာဝန်ရှိသူများထံ တင်ပြခြင်းများကို စဉ်ဆက် မပြက် ဆောင်ရွက်လျှက်ရှိပါသည်။

      မုံရွာမြို့ရှိ ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဆန်/ စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက် ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့နယ် ဆန်စက်လုပ်ငန်းရှင် အသင်းဝင် ဆန်စက်လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မုံရွာစက်မှုဇုံနဲ့ မုံရွာမြို့ပေါ်မှာ ဆန်စက်(၁၃)လုံးရှိပါကြောင်း၊ ဆန် တန်(၅၀) မှ တန်(၁၀၀)ကြား ကြိတ်ခွဲနိုင်တဲ့ အလတ်စားဆန်စက်တွေဖြစ်ပါကြောင်း၊ ဆန်စက်အားလုံး လက်ရှိလည်ပတ်လျှက်ရှိပါ ကြောင်း၊ဆန်စက်အများစုက ဂျပန်နိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံထုတ် ခေတ်မီဆန်စက်တွေဖြစ်ပါကြောင်း၊ဆန်စက်များ တနှစ်ပတ်လုံး ကြိတ်ခွဲလျှက်ရှိကြောင်း၊ တစ်ချို့ဆန်စက်များတွင် နေ့/ည (၂)ဆိုင်းထားပြီးလည်ပတ်နေပါကြောင်း၊ စက်မှုဇုန်က ဆန်စက်များသည် နေ့ဘက်တွင်သာ လည်ပတ်သည်ဟု သိရှိရပါကြောင်း၊ အများဆုံးကြိတ်ခွဲတာကတော့ ဧရာမင်းစပါးဖြစ်ပါကြောင်း၊ မနောသုခနဲ့ ရွှေဘိုပေါ်ဆန်းကိုလည်း ကြိတ်ခွဲပါကြောင်း ၊ ကုန်ကြမ်းစပါးဝယ်ယူရရှိမှုအနေနဲ့ကတော့ ကလေးမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ မင်းကင်းမြို့၊ ဒီပဲယင်းမြို့၊ ဘုတလင်မြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ ချောင်းဦးမြို့၊ ရွှေဘိုမြို့ စတဲ့ မြို့နယ်များက အများဆုံးဝယ်ယူပါ ကြောင်း ၊ ပုလဲမြို့နယ်ကထွက်တဲ့ ဝန်ကြီးဧရာစပါးနဲ့ ချောင်းဦး မြို့နယ်ကထွက်တဲ့ မနောသုခ စပါး‌တွေကတော့ အရည်သွေးရော၊ ဆန်ထွက်နှုန်းရော ကောင်းမွန် ပါ ကြောင်း ၊ ရွှေဘိုပေါ်ဆန်းကတော့ အထူးပြောစရာမလိုပါဘူး။ 

     ဆန်ချောထဲမှာတော့ အကောင်းဆုံးဘဲ ဖြစ်ပါ ကြောင်း ၊စစ်ကိုင်းတိုင်းဒေသကြီးက အဓိကထွက်တဲ့ ဆန် (၂) မျိုးရှိပါ ကြောင်း ၊ ဧရာမင်းနှင့်ရွှေဘိုပေါ်ဆန်း ဖြစ်ပါ ကြောင်း ၊ မြန်မာတစ်နိုင်ငံလုံး ‌ဒေသအနှံ့ ဖြန့်ဖြူးရောင်းချကြပါ ကြောင်း ၊ မနောသုခဆန်ကတော့ Export တင်ပို့ပါကြောင်း၊ မန္တလေးနဲ့ ရန်ကုန်က ဆန်ကုန်သည်ကြီးတွေက တဆင့် Export ရောင်းချကြ ပါ ကြောင်း ၊ ကျွန်တော်အနေနဲ့ ရန်ကုန်မှာရှိတဲ့ မိတ်ဆွေကုန်သည်ကြီးအချိူ့နဲ့ ချိတ်ဆက်ပြီး ရွှေဘိုပေါ် ဆန်းနှင့် ဧရာမင်းဆန်ကို အ‌ရည်အသွေးကောင်းကောင်း ထုတ်လုပ်ပြီး Export တင်ပို့နိုင်ဖို့ ဆောင်ရွက် နေတာရှိပါ ကြောင်း ၊ လက်ရှိပေါက်ဈေးမှာ ဧရာမင်းစပါး တင်း (၁၀၀) ကို ၁၅ သိန်း‌ခန့် ၊ မနောသုခ ၁၂ သိန်းခန့် ရှိပါကြောင်း၊ ရွှေဘိုပေါ်ဆန်းမှာ ၁၉ သိန်းနှင့် သိန်း ၂၀ ဝန်းကျင်မှာရှိပါကြောင်း၊ ဆန်ဈေးအနေနဲ့ကတော့ ဧရာမင်းဆန်တစ်အိတ် ၅၅၀၀၀ ကျပ်၊ မနောသုခ ဆန်တစ်အိတ် ၄၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ၈၃၀၀၀ ကျပ် ဝန်းကျင်ရှိပါ ကြောင်း ၊ အရည် အသွေးပေါ်မူတည်ပြီး ဈေးနည်းနည်းကွာမှုရှိကြောင်း၊ ဆန်လတ်ကတော့ မုန့်လုပ်ငန်းတစ်ချို့က ဝယ်ကြတာရှိကြောင်း ၊ ဆန်ကွဲနဲ့ ဖွဲနုကတော့ မွေးမြူရေး အစားအစာအတွက် ဝယ်ကြပါကြောင်း ၊ မုံရွာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ထွက်သမျှကို ဝယ်ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ