သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးခြင်း” ပြုလုပ်

     ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးခြင်း”ကို ၂၅.၈.၂၀၂၂ ရက်နေ့က မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်မှ ဝန်ထမ်းများ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

      အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲအလိုက် အလှည့်ကျ ဝန်ထမ်း (၄) ဦးမှ မိမိတို့ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား ဆွေးနွေးခြင်း၊ အသိပညာပေးဟောပြောဆွေးနွေးပွဲများတွင် အထောက်အကူဖြစ်စေရန် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ “ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဆွေးနွေးခြင်း” ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Online Consumer Complaints Function အားတရားဝင်မိတ်ဆက်ခဲ့

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) အနေဖြင့် ‌စားသုံးသူများအနေဖြင့် E-commerce Platform  များကို ယုံကြည်မှုရှိစွာဖြင့် အသုံးပြုနိုင်စေရန်နှင့် ဒေသတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများကို လွယ်ကူ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်အတွက် ASEAN Online Consumer Complaints Function အား ACCP ၏ Website တွင်လွှင့်တင်ထားရှိပြီး၊ တတိယအကြိမ် အာဆီယံစားသုံးသူ ကာကွယ်ရေး ညီလာခံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ Complaint Function သည် အာဆီယံဒေသတွင်း စားသုံးသူတိုင်ကြားမှုများအား အွန်လိုင်းမှ တစ်ဆင့်ဖြေရှင်းဆောင်ရွက်ပေးခြင်းဆိုင်ရာကွန်ရက် ASEAN Online Dispute Resolution Network (ODR Network) ၏ ကနဦးဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါသည်။

စားသုံးသူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ စားသုံး သူအသင်းအဖွဲ့များမှ ကိုယ်စားပြု၍သော်လည်းကောင်း ဒေသတွင်းရှိ သက်ဆိုင်ရာ Focal points များ ထံသို့တိုင်ကြားနိုင်ပါသည်။ စားသုံးသူများအနေဖြင့် မိမိတိုင်ကြား မှုနှင့်စပ်လျဉ်းသည့် ဖြေရှင်းဆောင်ရွက် ပေးမှု အဆင့်ဆင့်အားသိရှိနိုင်ရန်အတွက် ခြေရာခံသည့်စနစ်ပါရှိပါသည်။ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူမှပေးအပ်လာသည့် အချက်အလက်နှင့်စာရွက်စာတမ်းများကို အထူးထိန်းသိမ်းသွားမည်ဖြစ်ပါ သည်။ တိုင်ကြားမှု တစ်ခုချင်းစီအတွက် ဖြေရှင်းဆောင်ရွက်ပေးမည့်အချိန်ကာလအား ရက်ပေါင်း ၃၀ သက်မှတ်ပေးထားပြီး၊ အထူးအခြေအနေတစ်ရပ်ရပ်အတွက် ဖြေရှင်းချိန်အား ရက်တိုးမြှင့် ပေးထားပါ သည်။

စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို http:// www. aseanconsumer . org သို့ ဝင်ရောက်၍တိုင်ကြားနိုင်ပါသည်။

Source : DOCA (ASEAN)

ASEAN Toolkit on Sustainable Consumption အား တရားဝင်မိတ်ဆက်ခဲ့

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အစိုးရဝန်ထမ်းများ၊ စားသုံးသူကာကွယ်ရေးအသင်း အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေရှည်တည်တံ့သည့်စားသုံးသူမှုဆိုင်ရာ သဘောတရား နှင့် မူဝါဒ‌အကြံပြုချက်များကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ASEAN Toolkit on Sustainable Consumption အား ဖိလစ်ပိုင်နိုင်ငံ၏ ဦး‌ဆောင်မှု၊ Japan-ASEAN Integration Fund (JAIF) ၏ ထောက်ပံ့မှုဖြင့် ရေးဆွဲခဲ့ပါသည်။ အဆိုပါ Toolkit တွင် module (၄)ခုအား အောက်ပါခေါင်းစဉ်များဖြင့် ထည့်သွင်းပြုစုထားပါသည်-

(က)    Concepts and Principles of Sustainable Consumption

(ခ)      Best regional and international practices and approaches to policies that promote sustainable consumption

(ဂ)      Tools and instruments used in influencing consumer behavior

(ဃ)    Use of appropriate instruments and tools in selected sectors စားသုံးသူပြည်သူများအနေဖြင့် http:// www. aseanconsumer . org သို့ ဝင်ရောက်၍ Toolkit နှင့် advocacy material များကို Download ရယူနိုင်ပါသည်။  

Source : DOCA (ASEAN)

ASEAN Consumer Interactive Online Distance Learning Tools အား တရားဝင် မိတ်ဆက်ခဲ့

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စားသုံးသူများအနေဖြင့် စားသုံးသူအသိပညာနှင့်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ The ASEAN Consumer Online Distance Learning Tools (E-learning modules) ကို မိတ်ဖက်အဖွဲ့အစည်းဖြစ် သည့် GIZ ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး တတိယအကြိမ် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ E-learning modules တွင် အောက်ဖော်ပြပါ ခေါင်းစဉ်များ ပါဝင်ပါသည်-

(က)    Understanding Consumer Issues

(ခ)      Becoming a Consumer Champion

(ဂ)      Building a Consumer Movement

(ဃ)    Mediating Disputes

ဝင်ရောက်လေ့လာလိုသူများအနေဖြင့် http:// www. aseanconsumer . org တွင် Register ပြုလုပ်၍ အခမဲ့လေ့လာနိုင်ပါသည်။

Source : DOCA (ASEAN)

မြန်မာ့ကြိမ်လုပ်ငန်း

         မြန်မာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ကျယ်ဝန်းပြီး သစ်တောမြေဖုံးလွမ်း ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၁၄၉၇၈ရှိကာ မြန်မာ့သစ်တောတွင် အပင်ကြီး၊ အပင်ငယ် မျိုးပေါင်း ၅၂၀၄မျိုး၊ ဝါး ၈၆မျိုး၊ ကြိမ် ၃၄မျိုး၊ မြက် ၃၈၆မျိုး၊ ငှက်၁၂၄၀မျိုး ရှိကြောင်း လေ့လာသိရှိရပါသည်။

          ကြိမ်ဟူသော ဝေါဟာရသည် မြန်မာ့ဝေါဟာရဖြစ်ပြီး၊ ရူပဗေဒ ပညာရပ်တွင် CHLAMUS ၊ အင်္ဂလိပ်အခေါ်  CANE  ဟုလည်းကောင်း၊ RATTAN ဟုလည်းကောင်းခေါ်ဝေါ်ပါသည်။ ကမ္ဘာပေါ် တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုးရှိရာ မြန်မာနိုင်ငံ၌ ၃၄မျိုးခန့်ရှိပြီး ကုန်းပေါ်တွင်ပေါက်သော ကုန်းကြိမ်နှင့် ရေစပ်တွင်ပေါက်သော ရေကြိမ်ဟူ၍ နှစ်မျိုးခွဲခြားကာကုန်းကြိမ်သည် ပင်စည်ကြီးပြီး၊ ရေကြိမ်သည် နွယ်ဆန်သည့်အပင်မျိုးဖြစ်ကာ ပင်လုံးသေးပါသည်။ မြန်မာနိုင်ငံတွင် ကြိမ်ပေါက် ရောက်ရန် ရေမြေတောတောင်သဘာဝရာသီဥတုနှင့်ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက်ရောက်ပါသည်။

          မြန်မာနိုင်ငံတွင် ပေါက်ရောက်သောကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊ နွံကြိမ်၊ ကြိမ်ခါး၊ လက်ပံကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူလေးခေါ် ထားဝယ်ကြိမ်၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ အူပွကြိမ်၊ ဆင်ကြိမ်၊ ဝါးအူကြိမ်၊ ကြာနှာမောင်း၊ ကြိမ်နီကြီး၊ တိုက်ကြိမ်၊ ကလာကြိမ်၊ သောင်ကြိမ်၊ စန်းသော်ကြိမ်၊ မြစ်ပြကြိမ်၊ ကြက်ဥကြိမ်၊ ကြိမ်မဲ၊ မျောက်ချေးကြိမ်၊ ကြိမ်တက်၊ ကြိမ်စိမ်း၊ နောက်ချေးကြိမ်၊ မျောက်တလွှဲကြိမ်၊ ကြိမ်ဖြူ၊ ခါးဆက်ကြိမ်၊ နောက်ကြောကြိမ်၊ လက်ဝါးကြိမ်များ ဖြစ်ကြသည်။ ရေကြိမ်၊ ကြိမ်နီနှင့် ကြက်ဥကြိမ်တို့ကို လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုပါသည်။

          မြန်မာနိုင်ငံတွင် အသုံးအများဆုံးကြိမ်မှာ သိုင်းကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်နှင့် ကြက်ဥကြိမ်တို့ဖြစ်ပါသည်။ ကြိမ်ထည်ပရိဘောဂလုပ်ငန်းတွင် အသုံးပြု သည့်ကြိမ်အမျိုးအစားများမှာ ကြိမ်ပေါင်းခေါ် ကြိမ်နှာမောင်း၊ ရမထာကြိမ်၊ ကြက်ဥကြိမ်နှင့် ရေကြိမ် တို့ဖြစ်ပါသည်။ ပရိဘောဂပြုလုပ်ရန် လိုအပ်သော စက်ကိရိယာများမှာ ကြိမ်ဖြောင့်စက်၊ နန်းဆွဲ စက်နှင့် အခွံချွတ်စက်တို့ဖြစ်ပါသည်။

ထုတ်လုပ်ပုံအဆင့်ဆင့်

          ကြိမ်ထည်ပစ္စည်းများ မပြုလုပ်မီ အသုံးပြုမည့် ကြိမ်ချောင်း၊ ကြိမ်လုံးများ၌ ချေးညှော် အညစ်အကြေးကင်းစင်ရန်အတွက် ဓါးဖြင့်ဦးစွာခြစ်၍ အဆစ်သတ်ရသည်။ ကြိမ်လုံးပတ်အကြီး/ အသေးပေါ် မူတည်၍ ဓါးခုံတွင် လေး/ငါး/ခြောက်ပင် စိတ်ယူရသည်။ ကြိမ်လုံးများကို အစိတ် သေးသေးလေး ရအောင်ခွဲစိတ်ပြီးနောက် နန်းခံနှင့် (၃)ကြိမ်ခန့် ထပ်မံနန်းဆွဲရပါသည်။ သို့မှသာ ကြိမ်အစိတ်ကလေးများ အရွယ်ညီသွားမည်ဖြစ်ပါသည်။ နန်းဆွဲထားသည့်ကြိမ်များ အရွယ်ချင်းတူရန် နန်းတိုက်သည်ဟုခေါ်ပါသည်။ ခွဲစိတ်ပြီးကြိမ်များ၏ အလယ်အူကိုဆွဲထုတ်၍ အကြောသာကျန်အောင် ထပ်မံပြုလုပ်ရပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြိမ်ပင်များ ပျော့ပြောင်းပြီး ကွေးညွတ်၍ရကာ လိုအပ်သလို ပုံဖော်နိုင်ရန်ဖြစ်သည်။ ကြိမ်ထည်လုပ်ငန်းအဆင့်ဆင့်တွင် စွဲမြဲစေရန် သေးငယ်သည့် ဖိုသံ(၁၅စင်တီမီတာ၊ ၃၀စင်တီမီတာ)များဖြင့် ဆက်ရပါသည်။ သေချာစွာ နန်းဆွဲပွတ်တိုက်ထားသော ကြိမ်များမှာ ခေါက်ဆွဲမျှင်ကဲ့သို့ သေးသွယ်ပျော့ပျောင်းသဖြင့် ခွေသွင်း ရစ်ပတ်ရ လွယ်ကူပါသည်။

ထုတ်ကုန်များနှင့် ဈေးကွက်ကွင်းဆက်

          ကြိမ်ထုတ်ကုန်များကို ထုတ်လုပ်သည့် နည်းလမ်းမှာ(၂)နည်းရှိသည်။ ပထမနည်းမှာ အိမ် တွင်းမှုလုပ်ငန်းအနေဖြင့် ထုတ်လုပ်သည့်နည်းစနစ်ဖြစ်သည်။ ဤနည်းတွင် ထုတ်လုပ်သူများသည် ထုတ်ကုန်ပစ္စည်းများကို ၎င်းတို့၏ မိသားစုဝင်လုပ်အားများဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်ပစ္စည်းများကို ဒေသတွင်းရှိဈေးကွက်/ ပွဲစားများ သို့မဟုတ် ပြည်ပပို့ကုန်လုပ်ငန်းကုမ္ပဏီများသို့ ရောင်းချကြပါသည်။ ဒုတိယနည်းမှာ ကုမ္ပဏီထုတ်လုပ်သည့်စနစ်(သို့မဟုတ်) ကုမ္ပဏီကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်သည့် နည်းတို့ဖြစ်ပါသည်။ ထုတ်လုပ်သူအများစုနှင့် ကုမ္ပဏီများတွင် ကြိမ်ပစ္စည်းများ ထုတ်လုပ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်သမားများနှင့် စက်ရုံများရှိသည်။ လတ်တလော ဝယ်လိုအားနှင့် ဈေးနှုန်း များပေါ်မူတည်၍ ကြိမ်ထုတ်ကုန်များကို ပြည်တွင်းဈေးကွက် သို့မဟုတ် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချကြသည်။

          ကြိမ်ကိုအသုံးပြု၍ မြန်မာ့ရိုးရာလက်မှုပညာများအဖြစ် လူ့အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ဟိုတယ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို ပြုလုပ်ကြ ပါသည်။

စစ်ကိုင်းမြို့မှနာမည်ကျော်ကြားသော ကြိမ်လက်ရာများ

         မြန်မာ့လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချသော စစ်ကိုင်းမြို့နယ် တင်းတိပ်ကျေးရွာအုပ်စု မကျည်းစဉ်၊ မကျည်းကုန်း၊ တင်းတိပ်၊ ငွေပဒေသာ၊ တောင်ငူကုန်း ကျေးရွာများတွင်  ကြိမ်လုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦးခန့်ရှိပြီး၊ မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ ကားလမ်းဘေးတစ်ဖက်တစ်ချက်တွင် ဝယ်ချင့်စဖွယ်လက်ရာမျိုးစုံ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲ၊ ခင်းကျင်းထားသည့် ကြိမ်အချောထည်ပစ္စည်းအရောင်းဆိုင်(၇)ဆိုင်ရောင်းချလျက်ရှိပါသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများ ရောင်းချနေသော ဆိုင်ကြီးများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိနေပါသည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာ လက်ရာကြိမ်ထည် ပစ္စည်းအမျိုးမျိုးဖြင့် နာမည်ကျော်ကြားပါသည်။ ကြိမ်ကုန်ကြမ်းကို ကချင်ပြည်နယ်နှင့် မန္တလေး မြို့တို့မှ ဝယ်ယူပြီး၊ ကုန်ချောပစ္စည်းများကို မြန်မာပြည်အနှံ့ တင်ပို့ရောင်းချပါသည်။ မကျည်းစဉ်ကျေးရွာသူ/ ရွာသားများသည်ကြိမ်ထည်လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင် ကြသူများဖြစ်ပြီး ပုံခွေ၊ ပုံရိုက်၊ ကြိမ်တုပ်၊ နန်းဆွဲ၊ အရောင်တင်ခြင်း လုပ်ငန်းများကို အမျိုးသားများက ဦးဆောင်လုပ်ကိုင်ကြပြီး၊ ကြိမ်ထိုးခြင်းလုပ်ငန်းကို အမျိုးသမီးများက လုပ်ကိုင်ကြပါသည်။ ကြိမ်ကုန်ချော ဈေးနှုန်းများမှာ အမှီပါကုလားထိုင် ကြီး/လတ်/ငယ်                      ၁၉ဝဝဝိ/ မှ ၇၅ဝဝဝိ/၊ ကြိမ်ဆက်တီအရွယ်မျိုးစုံ ကျပ် ၆သိန်းမှ ၁၉သိန်း၊ စားပွဲဝိုင်းကြီး/လတ်/ ငယ် ကျပ် ၄သောင်းမှ ၁သိန်း၈သောင်း၊ ကြိမ်လိုက်ကာ(၅)ချပ်တစ်စုံ   ကျပ် ၁ သိန်းခွဲမှ ၂ သိန်း၊   စာအုပ်စင် ကျပ် ၃သောင်းမှ ၁သိန်း၊ စာထည့်ခွက် ၄ဝဝဝိ/မှ ၂၅ဝဝဝိ/၊ ဦးထုပ်တစ်လုံး ၂ဝဝဝိ/မှ ၅ဝဝဝိ/-၊  ခေါင်းအုံးကြီး/လတ်/ငယ် ၂၅ဝဝိ/မှ ၅၅ဝဝိ/၊ ရေအိုးအုပ်ဆောင်းတစ်ခု ၃ဝဝဝိ/မှ၃၅ဝဝိ/၊ ထမင်းအုပ်ဆောင်း တစ်ခု ၇၅ဝဝိ/မှ ၂၅ဝဝဝိ/၊ ဆရာမဆွဲခြင်းတစ်ခု ၈၅ဝဝိ/မှ၁၅ဝဝဝိ/၊ တစ်ရှု့ဘောက်စ် ၇ဝဝဝိ/- ဈေးနှုန်း အသီးသီးဖြင့် ရောင်းချကြောင်းသိရပါသည်။

သုံးသပ်တင်ပြချက်

       မြန်မာ့ကြိမ်ထည် လက်မှုအနုပညာလက်ရာများသည် သေသပ်လှပသဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက ဝယ်ယူအားပေးရသည် လက်ရာမွန်ပစ္စည်းများအဖြစ် ထင်ရှားကျော်ကြားနေပါသည်။ နေအိမ်၊ တိုက်ခန်းများသာမက ဟိုတယ်များတွင်အလှဆင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် အသုံး အဆောင်ပစ္စည်းများအဖြစ် စိတ်ကြိုက်ရွေးချယ် သုံးစွဲနေကြပါသည်။ နိုင်ငံတော်အစိုးရနှင့် ကြိမ် လုပ်ငန်းရှင်များ ပူးပေါင်း၍ ကြိမ်လုပ်ငန်းများ တိုးတက်ရေးနှင့် ပြည်ပသို့ ကြိမ်ထည်ပစ္စည်းများ ပိုမို တင်ပို့နိုင်ရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြန်မာ့ကြိမ်ထည်လုပ်ငန်းမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ပြီး ကြိမ်လုပ်ငန်းရှင်နှင့် လုပ်သားတို့ဘဝ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

တမူးမြို့တွင် ဖယောင်းတိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံ

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ ဖယောင်းတိုင်လုပ်ငန်းရှင် ဦးပေါက်စနှင့် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်သည် ( ၂၃.၈.၂၀၂၂ ) ရက်နေ့တွင် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      တွေ့ဆုံဆွေးနွေးရာတွင် ဖယောင်းတိုင်လုပ်ငန်းရှင် ဦးပေါက်စအနေဖြင့် ဖယောင်းတိုင် ပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဖယောင်းခဲများကို မန္တလေးမြို့မှာ မှာယူအသုံးပြုရပါ ကြောင်း၊ မိမိတွင် ဖယောင်းပြုလုပ်ရန် ဖယောင်းခုံ ( ၁၀ ) ခုံရှိပြီး တစ်လလျှင်  ရက် ( ၂၀ ) ခန့်သာ လုပ်ငန်းလည်ပတ် လုပ်ကိုင်ရပါသည်။ ကုန်ကြမ်းဖယောင်းခဲ ( ၁ ) ပိဿာ ကျိုချက်၍ ထွက်ရှိမှု အနေဖြင့်  ကုန်ချောထည် ဖယောင်းတိုင်အရွယ်အစားပေါ် မူတည်၍ ဖယောင်းတိုင်ဆိုဒ်ကြီး ( ၅ ) တိုင်ပါ ( ၁၂ ) ထုပ်၊ အလတ်ဆိုဒ် ( ၆ ) တိုင်ပါ ( ၁၅ ) ထုပ်နှင့် အသေးဆိုဒ် ( ၁၂ ) တိုင်ပါ ( ၇၀ ) ထုပ်ခန့် ထုတ်လုပ်ရရှိပါသည်။

        ယခင် လျှပ်စစ်မီးများ မရရှိခင်ကာလများက ဖယောင်းတိုင်များ ဖြန့်ဖြူးရောင်းချရာတွင် အရောင်းအဝယ်သွက်ပြီး ယခုအခါတွင် လျှပ်စစ်မီးများ ရရှိလာပြီဖြစ်သည့်အတွက် အနည်းငယ်သာ ရောင်းချရပါကြောင်း၊ ယခုကာလတွင် ဖယောင်းတိုင်များကို ဘုရားမီးပူဇော်ရန်အတွက်သာ ရောင်းချရလျက်ရှိပါသည်။

         ဈေးနှုန်းများအနေဖြင့် ဖယောင်းတိုင် ဆိုဒ်ကြီး ( ၁ ) ထုပ်လျှင် ( ၂၆၅ ) ကျပ်၊ အလတ် ( ၁ ) ထုပ်လျှင် ( ၅၈၀ ) ကျပ်၊ အသေး ( ၁ ) ထုပ်လျှင် ( ၁၆၅ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် လက်ကား ရောင်းချလျက်ရှိပါသည်။ ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တမူးမြို့နယ် ခမ်းပတ်၊ ဘုက္ကန်နှင့် မိုးရေးဘက်သို့ ဖြန်းဖြူးရောင်းချလျက်ရှိပါကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

             

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်၊ စာကလေးခွေကြော် ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၁)ဦးတို့သည် (၂၄.၈.၂၀၂၂)ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင်မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ  “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်၊ စာကလေး ခွေကြော်ရောင်းချသည့်လုပ်ငန်းသို့ သွားရောက်၍ ဆီသုံးစွဲမှုပမာဏနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေတို့ကို သိရှိနိုင်ရန် သွားရောက်တွေ့ဆုံခဲ့ပါသည်။

             ထိုသို့ တွေ့ဆုံခဲ့ရာတွင် “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်၊ စာကလေးခွေကြော် ရောင်းချသည့်လုပ်ငန်းရှင် ဒေါ်ခင်လေးရီမှ  မိမိတို့လုပ်ငန်းကို ယခင်ကလုပ်သား (၁၆)ဦးဖြင့်  လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် လုပ်သားအင်အား ( ၇ ) ဖြင့် လည်ပတ်လျှက်ရှိပါကြောင်း၊ ယခင်က စားအုန်းဆီ တစ်ပိဿာကို (၁၇၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး တစ်ရက်လျှင် ပျမ်းမျှ ဆီ(၁၁၀) ပိဿာခန့် ကုန်ကြောင်း၊ ပဲမှုန့် (၁၀၀) ပိဿာ အသုံးပြုပြီးပဲချောင်းကို အဓိကထားထုတ်လုပ် ကြောင်း၊ ပဲချောင်း အထုပ်(၃၀၀၀) ခန့်ရရှိပြီးမှ ပိုသောပဲမှုန့်များကို မုန့်ကြိုးလိမ်နှင့် စာကလေးခွေ အဖြစ် ထုတ်လုပ်ကြောင်း၊  ယခုအခါတွင် ဆီတစ်ပိဿာကို (၈၅၀၀-၁၂၀၀၀) ကျပ် နှုန်းဖြင့် ဝယ်ယူရသဖြင့် တစ်ရက်လျှင်ပျမ်းမျှ ဆီ(၄၀)ပိဿာခန့်သာ လုပ်နိုင်တော့ကြောင်း၊ ပဲမှုန့်(၇၅)ပိဿာ အသုံးပြုပြီး ပဲချောင်းအထုပ်ရေ (၂၀၀၀)ထုပ် ရရှိပြီးမှသာ ပိုသောပဲမှုန့်များကို မုန့်ကြိုးလိမ်နှင့် စာကလေးခွေအဖြစ် ထုတ်လုပ်ကြောင်း၊ ယခင်က တစ်လလျှင် ပိတ်ရက်မရှိ လုပ်ငန်းလည်ပတ် နိုင်ပြီး ယခုအခါတွင် အလုပ်သမားများကို အလုပ်လက်မဲ့ မဖြစ်စေရေးအတွက် တစ်ပတ်တွင်(၃)ရက်၊ တစ်လလျှင်(၁၂)ရက်သာ လည်ပတ်နိုင်တော့ကြောင်း၊ မိမိတို့ထုတ်ကုန်များကို မုံရွာမြို့ပေါ်ရှိဈေးများ၊ ခရိုင်အတွင်းရှိမြို့များသို့ ဖြန့်ဖြူးရောင်းချသည့်အပြင် ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်သော ကလေးဝမြို့၊ မင်းကင်းမြို့၊ မော်လိုက်မြို့၊ ဖောင်းပြင်မြို့နှင့် ခန္တီးမြို့များသို့ ပို့ဆောင်ပေးရကြောင်း ယခုအခါတွင် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် အဓိကကုန်ကြမ်းဖြစ်သော ပဲမှုန့်၊ ဆီ၊ သကြား၊ ထန်းလျက်များ ဝယ်ယူစရိတ်မြင့်တက်နေသည့်အပြင် ထုပ်ပိုးသည့်အိတ်များ၊ တံဆိပ်ရိုက်ခများ၊ သယ်ယူပို့ဆောင်ခ များပါ မြင့်တက်နေမှုကြောင့် ယခင်က မုန့်တစ်ထုပ်လျှင်(၃၀၀-၅၀၀) ကျပ် ရောင်းချရပြီး ယခုအချိန် တွင် မုန့်တစ်ထုပ်လျှင် (၅၀၀-၁၀၀၀) ရောင်းချမှသာ အဆင်ပြေတော့ကြောင်း၊ ထို့ကြောင့် ပုံမှန်လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိလာသဖြင့် ဩဂုတ်လမှစတင်ပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရကြောင်း ၊ နိုင်ငံတော်အစိုးရမှ စားအုန်းဆီများကို ယခင်ကကဲ့သို့ ဈေးနှုန်းချိုသာစွာဖြင့်လည်းကောင်း၊ လိုအပ်သလောက် ဝယ်ယူရရှိနိုင်ရေးအတွက်လည်းကောင်း၊ မုန့်လုပ်ငန်းရှင်များ အသင်းအတွက် သီးသန့်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ

      စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်း ရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတသော လုပ်ငန်းစဉ်ကိုဆိုသည်ဟု စားသုံးသူကာကွယ်ရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အများ နားလည်လွယ်မည့် အရပ်စကားဖြင့် တင်ပြရလျှင် ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးရရှိစေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရန်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ အကြား အငြင်းပွားမှုဖြစ်ပေါ်ပါက ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်က မျှတသည့် အဆုံးအဖြတ် ပေးခြင်းကို ဆိုလိုပါသည်။

        စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကိုယ်တိုင် ဝယ်ယူသုံးစွဲသူသည် လည်းကောင်း၊ အခြားသူတစ်ဦးက မေတ္တာလက်ဆောင်ပေးခြင်း၊ ချေးငှားခြင်း၊ ပေးကမ်းထောက်ပံ့ ခြင်းကြောင့် ရယူသုံးစွဲသူသည်လည်းကောင်း စားသုံးသူဖြစ်ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင် ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချပေးခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေး ခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသဖြင့် ကုန်စည် ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ဝန်ဆောင်မှုပေးသူများအားလုံးသည် စီးပွားရေးလုပ်ငန်း ရှင်တွင် အကျုံးဝင်ပါသည်။

        စားသုံးသူကာကွယ်ရေးဥပဒေတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ် ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို တိကျ စွာပြဌာန်းထားပါသည်။ ဥပဒေပါ အဆိုပါပြဌာန်းချက်များသည် ဖြောင့်မတ်မှန်ကန်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအဖို့ အထူးတလည် လိုက်နာဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပါ။

      စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဉ်း၍ စားသုံးသူများသိရှိနိုင်ရန် သတင်းအချက်အလက်များ ပေးရပါမည်။ စားသုံး သူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံရပါမည်။ စီးပွားရေးလုပ်ငန်း  လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရပါမည်။ ကုန်သွယ်မှု ပြုရန်နှင့် ထုတ်လုပ်မှုပြုရန် အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များ အပေါ် အခြေခံ၍ အာမခံချက်ပေးရပါမည်။ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့် စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးရပါမည်။

     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူ က ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးရပါမည်။ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ် ပွားစေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြည်ရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထား သော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရပါ မည်။ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြော ဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

        ထုတ်လုပ်သည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါ အကြောင်းအရာအား ဦးစီးဌာနနှင့် စားသုံးသူများထံ အချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေး နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးရပါမည်။ ကုန်စည် သို့မဟုတ် ဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စများ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်း ဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်တို့ကို အလေးထား လိုက်နာဆောင်ရွက်ရပါမည်။

      စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့်ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရပါမည်။ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် စားသုံးသူက လက်ခံ သုံးစွဲနိုင်သော အရည်အသွေးရှိရပါမည်။ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိရပါမည်။ ဘေးအန္တရာယ်ကင်းရှင်းစေရပါမည်။ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိရပါမည်။ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိရပါမည်။ အာမခံ ချက် ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန် လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်းတို့ ရှိစေရပါမည်။ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြ ချက်နှင့် ကိုက်ညီမှုရှိရပါမည်။

    စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ် ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ဖော်ပြခြင်း မရှိလျှင်ဖြစ်စေ စားသုံးသူသည် အာမခံချက် ပေးထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိရပါသည်။ အပိုပစ္စည်း မရရှိနိုင်လျှင် ထုတ်လုပ်သူထံမှ ကုန်စည်တန်ဖိုး သို့မဟုတ် ဝယ်ယူသုံးစွဲသည့် ကုန်စည် သို့မဟုတ် မူလအရည်အသွေးအောက် မနိမ့်သော ကုန်စည်ကို ပြန်လည်ရရှိစေရန် တောင်းဆိုပိုင်ခွင့် ရှိပါသည်။ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယင်းကုန်စည် တန်ဖိုးနှင့်ညီမျှသော ကုန်စည်ကို အစားထိုးလဲလှယ်ပေးရန် တောင်းဆိုခွင့်ရှိပါသည်။ ကုန်စည်နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်ကို ဖော်ပြရန် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှု ရှိခဲ့လျှင် ယင်း အတွက် စားသုံးသူက လျော်ကြေးတောင်းခံခွင့် ရှိပါသည်။

    စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် အာမခံချက်ပေးထားပြီး ရောင်းချသည့် ကုန် စည်နှင့်စပ်လျဉ်း၍ စားသုံးသူသည် အာမခံချက်နှင့်ညီသော အရည်အသွေးတူကုန်စည် ရရှိစေရန် တောင်းဆိုခွင့် ရှိပါသည်။  ရောင်းချသူမှ ငွေပြန်အမ်းပေးရန်၊ ပြင်ဆင်ပေးရန် သို့မဟုတ် ပြန်လည် လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။ အာမခံချက်ပေးထားသည့်အတိုင်း အမှတ်တကယ်မရရှိ ပါက လျော်ကြေးရရှိရန် တောင်းဆိုခွင့်ရှိပါသသည်။

      ဝန်ဆောင်မှုလုပ်ငန်းရှင်သည် မိမိ၏ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးရပါမည်။ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ဝန်ဆောင်မှုပေးရပါမည်။ မိမိပေးသည့်ဝန်ဆောင်မှုသည် စားသုံး သူ၏လိုအပ်ချက်နှင့် ကိုက်ညီရပါမည်။ အမခံထားသည့်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက် ပေးရပါမည်။ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေရပါမည်။

      ဝန်ဆောင်မှုလုပ်ငန်းရှင်သည် အာမခံထားသည့် ကာလအတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် စားသုံးသူသည် ယင်းအတွက် လျော်ကြေးပေးရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။ အာမခံထားသည့် အချိန်ကာလအတွင်း သဘောတူညီထားသော ဝန် ဆောင်မှုကို စားသုံးသူက မရရှိခဲ့လျှင် နစ်နာမှုအတွက် ကုစားခွင့်ပေးရန် တောင်းဆိုခွင့်ရှိပါသည်။

       စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာလျှင်သော်လည်းကောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်း ကြောင့် အာမခံပေးထားသည့်ကာလအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာလျှင်သော် လည်းကောင်း ကုန်စည်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြား ထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရသူ၊ ပြည်ပမှကုန်စည်များ တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်း စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူများတွင် တာဝန်ရှိပါသည်။

     ကုန်စည်တစ်ခုကို လွှဲပြောင်းဝယ်ယူပြီး ပြန်လည်ရောင်းချသူသည် မိမိရောင်းချရန် ဝယ် ယူထားသောကုန်စည်ကို ပြုပြင်မွမ်းမံခြင်းမပြုဘဲ မူလအတိုင်းရောင်းချပါက စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် မူလလွှဲပြောင်းရောင်းချသူတွင် တာဝန်ရှိပါသည်။ ပြန်လည်ပြုပြင်မွမ်းမံပြီး ရောင်းချ ပါက လွှဲပြောင်းဝယ်ယူပြီး ပြန်လည်ရောင်းချသူတွင် တာဝန်ရှိမည် ဖြစ်ပါသည်။ လွှဲပြောင်းဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချမည့်သူသည် ရောင်းဝယ်မှုပြုလုပ်သည့် ကုန်စည်များကို ပြုပြင်မွမ်းမံ ခြင်းကို သိရှိခြင်းမရှိဘဲ ရောင်းဝယ်မှုပြုလျှင်သော်လည်းကောင်း၊ ရောင်းဝယ်မှုပြုလုပ်သည့် ကုန်စည် သည် နမူနာပုံစံ၊ အရည်အသွေး၊ ဖွဲ့စည်းပုံတို့နှင့် ကိုက်ညီမှု မရှိသည်များကို သိရှိခြင်းမရှိဘဲ ရောင်း ဝယ်မှု ပြုလုပ်လျှင်သော်လည်းကောင်း စားသုံးသူနစ်နာဆုံးရှုံးမှုပေါ်ပေါက်ပါက မူလလွှဲပြောင်းရောင်း ချသူတွင် တာဝန်ရှိပါသည်။ ပြုပြင်မွမ်းမံထားခြင်းကိုလည်းကောင်း၊ နမူနာပုံစံ၊ အရည်အသွေး၊ ဖွဲ့စည်းပုံတို့နှင့် ကိုက်ညီမှု မရှိသည်များကိုလည်းကောင်း သိရှိပါလျှက် ရောင်းဝယ်မှုပြုလုပ်ပါက လွှဲပြောင်းဝယ်ယူပြီး ပြန်လည်ရောင်းချသူတွင် တာဝန်ရှိမည် ဖြစ်ပါသည်။

          တင်ပြပါ အချက်အလက်များသည် ဖြောင့်မတ်မှန်ကန်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အတွက် ခက်ခဲသည့်ကိစ္စမဟုတ်ဘဲ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ရင်း အလိုအလျောက် လိုက်နာ ဆောင်ရွက်ပြီးသကဲ့သို့ ဖြစ်မည် ဖြစ်ပါသည်။ လုပ်ငန်းရှင်တစ်ဦးအတွက် အဓိကဆောင်ရွက်ရမည်မှာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများကို ဥပဒေနှင့်အညီ ဖော်ပြေပေးရန်ဖြစ်ပါသည်။

        စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လိပ်စာ၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန် စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက် များကို ဖော်ပြရမည်ဟု ပြဌာန်းထားပါသည်။ ပုဒ်မ ၄၂ အရ ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်း များ၏ သုတေသနပြုချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များကိုလည်း ဖော်ပြနိုင်ပါသည်။

       စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက် တို့ကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟု ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ ပုဒ်မ ၄၃ ပါအချက်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မည်သည့်ဘာသာဖြင့် ဖော်ပြထား စေကာမူ မြန်မာဘာသာဖြင့်လည်း မဖြစ်မနေ ဖော်ပြပေးရန် ပြဌာန်းထားခြင်း ဖြစ်ပါသည်။

      မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ လုပ်ငန်း ရှင်များ ဆောင်ရွက်ရာတွင် အခက်အခဲမဖြစ်စေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ပေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ သည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အခက်အခဲဖြစ်ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။ သက်ဆိုင်ရာဦးစီးမှူးရုံးများက လုပ်ငန်းရှင်များအား ဥပဒေနှင့် အညီဖော်ပြပေးနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

      ကုန်စည်ထုတ်လုပ်သူသည် ကုန်အညွှန်းအမှတ်အသားကို တိကျမှန်ကန်စွာ ဖော်ပြခြင်း၊ ဖော်ပြထားသည့်အတိုင်း ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းများ ပြုလုပ်လျှင်သော်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ကြော်ငြာထားသည့်အတိုင်း ဝန်ဆောင်မှုလုပ်ငန်းများပြုလုပ်လျှင်သော်လည်းကောင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ပြီးသကဲ့သို့ ဖြစ်မည်ဖြစ်ပါသည်။

         သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များထုတ်လုပ်ရာတွင် ကုန်အညွှန်း အမှတ်အသားကို တိကျစွာဖော်ပြပေးခြင်း၊ ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းဖြင့် သော်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းရှင်များက ကြော်ငြာ ထားသည့်အတိုင်း ဝန်ဆောင်မှုပေးခြင်းဖြင့်သော်လည်းကောင်း ဖြောင့်မတ်မှန်ကန်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

DOCA(ပဲခူး)

 

                                                         

ညောင်လေးပင်မြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊  ညောင်လေးပင်မြို့တွင် (၁၉.၈.၂၀၂၂) ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ညောင်လေးပင်မြို့ရှိ A.B.M အမက မူလွန် ကျောင်းသို့ သွားရောက်၍ ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

           ပထမဦးစွာ A.B.M အမက မူလွန် ကျောင်းရှိ ဆရာ/ဆရာမ (၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၈၀) ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီဝင်းမှ စာပေနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ဟောပြောခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီး ဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူအခွင့်အရေးများ ၊ စားသုံးသူတာဝန်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန် (၁) ပြည် (၁၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ အသင်း (အရှေ့) နှင့် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန် (၁)ပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် ၂၂.၈.၂၀၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် (၆) မင်းတဲရပ်ကွက်နှင့် အမှတ် (၅) သံတံတားရပ်ကွက် အတွင်း၌ ရောင်းချပေးလျက်ရှိသည်။

          ထိုသို့ရောင်းချပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးကျော်ဆန်းဦး ဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ ဆန်စားသုံးမှု အခက်အခဲမရှိစေရန် သတ်မှတ်ရက်နေ့အလိုက် လိုက်ခံရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ