ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကျည်းသီးမှည့်များ အထွက်ကောင်း၍ ဈေးကောင်းလည်းရရှိ

     နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အိမ်တိုင်းလိုလိုတွင် နှစ်ရှည်ပင် မကျည်းသီးပင်များ စိုက်ပျိုးကြပါသည်။ ယခုအခါ ရာသီပေါ် မကျည်းသီးမှည့်ရည့်မှည့်ချိန် ဖြစ်ပါသည်။ မန်ကျည်းသီးမှည့် သည်အပူဒဏ်ကို ကောင်းစွာခံနိုင်ပြီး  အပူကိုအကြောင်းပြုဖြစ် သောရောဂါများ အပူလွန်များ အတွက်  အကိုးအားထားပြုရသော ဆေးဖက်ဝင် အစာအဟာရ တစ်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်း မှည့်သည် မြန်မာဟင်းလျာများ ချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး  အစာလည်းဆေး ဆေးလည်း အစာ ဆိုသလို အိမ်ရှင်မများ၏ မီးဖိုချောင်တွင် နေရာယူထားသည့် ဆေးဖက်ဝင်သီးနှံလည်း ဖြစ်ပါသည်။

    ဇန်နဝါရီလ မကျည်းသီးမှည့်များ စတင်ထွက်ရှိချိန် တွင်အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၅၅၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၈၀၀၀) နှုန်းပေါက်ဈေးရှိခဲ့ပြီး ယခု ဧပြီလ ပထမအပတ်တွင် မကျည်းသီးများလှိုင်လှိုင်ထွက်သည့် အတွက်  အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၇၈၀၀) နှုန်းပေါက်ဈေးရှိသဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။  ယခုနှစ်တွင် မကျည်းသီးမှည့်များ အထွက်နှုန်း   ကောင်း၍ ဈေးကောင်းလည်းရရှိပါကြောင်း မကျည်းစိုက်တောင်သူများထံမှသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြိုနယ်၌ ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး လောင်စာဈေးနှုန်း၊ဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အိမ်ရှင်မများ ချက်ပြုတ်ရာ မီးဖိုချောင် အသုံးပြုသည့် လောင်စာများဖြစ်သည့် ထင်း၊ မီးသွေး ၊ လွှစာများကို  စိုစွတ် သည့်မိုးရာသီတွင်  အသုံးပြုလုပ်ရန် အတွက် ယခုလိုခြောက်သွေ့ရာသီတွင်   ဝယ်ယူ စုဆောင်း  ကြောင်းသိရပါသည်။

    ယခု မတ်လစတုတ္တပတ်တွင် နတ်တလင်းမြို့နယ် လောင်စာဈေးကွက်အတွင်း မကျည်းသား   မီးသွေး တစ်တင်းခွဲဝင် တစ်အိတ် (၁၆၀၀၀)ကျပ်၊ မကျည်သား နံပြား တစ်တင်းခွဲဝင် တစ်အိတ် (၈၀၀၀) ကျပ်၊ အင်သားထင်း ၇ချောင်းခန့်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ လွှစာ တစ်တင်းခွဲဝင် တစ်အိတ် (၁၀၀၀) ကျပ်၊ မကျည်းသား ခွဲခြမ်း တစ်ချောင်း (၂၀၀)ကျပ် နှုန်း၊ ဂတ်စ် တစ်ပိဿာ (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၏ ရာသီပေါ် ဖရဲသီးဈေးကွက်

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဖရဲသီးကို လူတိုင်းနီးပါး ကြိုက်နှစ်သက် သည့်အတွက် နေရာဒေသအလိုက် အရာင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ဆောင်းအကုန် နွေအကူးတွင် ဖရဲသီးများ ထွက်ရှိပြီးရေဓာတ် ဖြည့်တင်းပေးသည့် အသီးဖြစ်သည့် အတွက် နွေရာသီရာသီနှင့် လိုက်ဖက်သည့် အသီးတစ်မျိုးလည်း   ဖြစ်ပါသည်။ အလှူပွဲများတွင်လည်း ဖရဲသီးကိုအချိုပွဲအဖြစ် တည်ခင်းကျွေးမွေးကြပါသည်။      

     ပေါင်းတည် မြို့နယ် အတွင်း ရောင်းချလျှက်ရှိသည့် ကျောက်စိမ်းဖရဲနှင့် ဖရဲကြားသီးများကို ရွှေတောင်မြို့နယ်နှင့် ထုံးဘိုမြို့နယ် တို့မှ ဝယ်ယူရောင်းချကြောင်းသိရပြီး ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း ယခု ဧပြီလ ပထမအပတ်တွင် အရွယ်အစားကိုလိုက်၍ ကျောက်စိမ်း ဖရဲသီး တစ်လုံးလျှင် (၃၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်နှုန်း ၊ ဖရဲကြားသီး တစ်လုံးလျှင်  (၃၅၀၀)ကျပ်မှ (၇၀၀၀)ကျပ်နှုန်းဖြင့် အသီးသီး ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ်တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စျေးများတွင် ၂၀၂၅ခုနှစ် ၊ မေလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁)ပြည်(၅၀၀၀/-)ကျပ်၊ (၂၄)ပြည်တစ်အိတ် (၁၂၀၀၀၀/-)ကျပ်၊ ဆင်းသုခ (၁)ပြည်(၃၂၅၀/-)ကျပ်၊(၂၄)ပြည်တစ်အိတ်(၇၈၀၀၀/-)ကျပ်၊ ရက်(၉၀)(၁)ပြည် (၃၇၅၀/-) ကျပ်၊(၂၄)ပြည်တစ်အိတ်(၉၀၀၀၀/-)ကျပ် ၊ ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

   ဆီစျေးနှုန်းများအနေဖြင့် ပဲဆီ(၁)ပိဿာ(၂၅၀၀၀/-)ကျပ်၊နှမ်းဆီ(၁)ပိဿာ(၂၅၀၀၀/-)ကျပ်နှင့် စားအုန်းဆီ(၁)ပိဿာ (၇၂၂၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချနေပြီး စားဖိုဆောင်သုံးသီးနှံအဖြစ် ငရုတ်ခြောက် (၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငရုတ်ပုခြောင် (၁)ပိဿာ (၁၉၀၀၀/-)ကျပ်၊ ကြက်သွန်နီအလတ် (၁)ပိဿာ (၂၂၀၀/-)ကျပ်၊ ကြက်သွန်ဖြူကြူကုတ်(၁)ပိဿာ (၁၆၀၀၀/-)ကျပ်၊  (ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာ (၁၂၀၀၀/-) ကျပ် ၊ အာလူးအလတ်စား (၁)ပိဿာ(၄၅၀၀/-)ကျပ်၊ ဗမာကြက် (၁)ပိဿာ (၃၀၀၀၀/-) စီဘီကြက် (၁)ပိဿာ (၂၂၀၀၀/-)ကျပ်၊ ဝက်သား ၃ထပ်သား (၁)ပိဿာ (၂၃၄၀၀/-)ကျပ်၊ ဘဲသားအခြန်း (၁)ပိဿာ (၂၀၀၀၀/-)ကျပ်၊ အမဲသား (၁)ပိဿာ (၁၉၈၀၀/-)ကျပ်၊ ဆိတ်သား (၁)ပိဿာ (၂၉၈၀၀/-)ကျပ်၊ ကျော့ပုစွန်(၁)ပိဿာ (၄၀၀၀၀/-)ကျပ်၊ ရေချိုငါးခူ (၁)ပိဿာ (၁၆၀၀၀/-)၊ ငါးကြင်းခုတ်သား (၁)ပိဿာ (၁၅၀၀၀/-)ကျပ်၊ ငါးမြစ်ခြင်း (၁)ပိဿာ (၈၀၀၀)ကျပ်၊ ငါးရံ့ (၁)ပိဿာ (၁၅၀၀၀/-)ကျပ်၊ ကြက်ဥ (၄၅၀)၊ ဘဲဥ (၅၀၀)၊ ဆား(၁)ပိဿာ (၆၀၀/-)ကျပ်၊ ကုလားပဲ (၁)ပိဿာ (၅၉၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

          အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင် ဧပြီလ ပထမပတ်နှင့်နှိုင်းယှဉ်ပါက  ကုန်စျေးနှုန်းများမှာတည်ငြိမ်နေပြီး ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်ဈေးကွက်သီးနှံဈေးနှုန်းအခြေအနေ

     ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်နှစ်က (၁၈၀၀၀ - ၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၅၀၀၀ -၁၆၀၀၀ -၁၈၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊အောင်ပန်းမှ ပုံမှန်အဝင်ရှိနေပြီး ဒေသတွင်းအရောင်းအဝယ်မှာလည်း ပုံမှန်ဖြစ်သည့်အတွက် ဈေးငြိမ်နေလျက် ရှိပါသည်။

     အာလူးအနေဖြင့် အရွယ်အစားပေါ်မူတည်၍ ယခင်နှစ်က တစ်ပိဿာလျှင် (၂၅၀၀ -၂၆၀၀- ၂၇၀၀ -၂၈၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်မှာတော့ တစ်ပိဿာလျှင် (၄၅၀၀-၅၀၀၀-၅၅၀၀) ကျပ်ဈေးရှိပြီး အဝင်ပါးကာ ဒေသတွင်း ဝယ်လိုအားကောင်းနေသည့်အတွက် ဈေးကောင်းလျက် ရှိပါသည်။

     ငရုတ်သီးခြောက်အနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် (၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ငရုတ်သီးခြောက်(အရှည်)တစ်ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀-၁၆၀၀၀ ကျပ်၊ (အပု) တစ်ပိဿာလျှင် ၁၈၅၀၀-၁၉၀၀၀-၂၀၀၀၀ ကျပ်ဈေးရှိပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များကြီးမြင့်လာသည့်အတွက် စိုက်ပျိုးသူ တောင်သူများလျော့နည်းလာပြီး အထွက်နှုန်း လည်းနည်းလာသောကြောင့် ဈေးကောင်းအနည်းငယ်ရနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းခြံမြို့နယ်၏ ငရုတ်သီးခြောက်ဈေးနှုန်းများ

          မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိကာ အချက်အချာကျသောမြို့တစ်မြို့ ဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းဖြင့်ဖွံဖြိုးတိုးတက်သောမြို့တစ်မြို့ဖြစ်ပါသည်။ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ပျိုးမှုမှာလည်း စိုက်ဧက(၁၄၇၄) ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရသိရှိရသည်။ ငရုတ်သီးမှာ မြန်မာ့ဟင်းလျာ များချက်ပြုတ် စားသောက်ရာတွင် ထမင်းမြိန်စေရန်နှင့် အရောင်းအဆင်းရရှိရန်အတွက် မပါမဖြစ် စားကုန်တစ်မျိုးဖြစ်၍ စားသုံးမှုများပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာ ဈေးတို့တွင် ၂၀၂၅ ခုနှစ် ဧပြီလနောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော ငရုတ်သီးခြောက် ဈေးနှုန်းများမှာ ငရုတ်သီးခြောက် ( အရှည်) တစ်ပိဿာလျှင် ( ၁၅၀၀၀) ကျပ်၊ ကျွန်းပု (ခေါ်) ငရုတ်ပွသေး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် ငရုတ်ပွသေး (အလတ်စား)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်သီးကြမ်းမှုန့်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်သီးခြောက်များမှာ ဒေသတွင်း ထွက်ရှိမှုများနှင့် ကျောက်ဆည်မြို့၊ မန္တလေးမြို့တို့မှလည်း ဝယ်ယူရောင်းချမှုရှိကြောင်းသိရသည်။

DOCA(မန္တလေး)

ပြည်မြို့ပေါ်ဈေးများရှိ ပင်စိမ်းဈေးနှုန်းဈေးကွက်

     မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက်ပေါက်ရောက်ပြီး အလွယ်တကူရှာဖွေ တွေ့ရှိနိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးကို ပြောပါဆိုလျှင် ပင်စိမ်းကို ပြောရမည်ဖြစ်ပါသည်။ ပင်စိမ်းပင်သည်စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက် နိုင်သည်။ တစ်ကြိမ်စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်းမာရေးအတွက်စားသုံးကြသည်။ ပင်စိမ်းပင် များမှန်သမျှအနံ့ပြင်းသည်။ အရွက်သည်ရွက်ဆိုင်ထွက်၍အပွင့်သည် စင်္ကြာပုံရှိသည်။ ပင်စိမ်းပင်ကို စိုက်ပျိုးမြေမရှိသော မြို့ပြတိုက်ခန်းနေသူများပင် ပန်းအိုး၊ သေတ္တာခွံများဖြင့်စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းဖြူ(ဟင်းစားပင်စိမ်း)၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးတို့ ပေါက်ရောက်ကြသည်။ ပင်စိမ်းပင်သည် အပူပိုင်းဒေသတွင် ပိုမို၍စိုက်ပျိုးဖြစ်ထွန်းသော ဆေးဘက် ဝင်ဆေးပင်ဖြစ်သည်။ ပင်စိမ်းပင်သည် ဓာတ်မြေဩဇာလည်းထူးကဲ ကျွေးရန်မလို၊ အပင်ပြုစုမှု လည်း လိုအပ်မှုနည်းပါးသည့်အပင်မျိုးဖြစ်ပါသည်။ စီးပွားဖြစ်စိုက်လျှင်မူ ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာ ကျွေးပေးနိုင်လျှင်ပိုကောင်းပါသည်။ ပြည်မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀-၂၀၀)ကျပ်ရှိပါသည်။          

DOCA(ပဲခူး)

မန္တလေးပဲကြီးဈေးနှုန်းစျေးကွက်

         မန္တလေးစျေးကွက်အတွင်းပဲကြီးသီးနှံမှာ (အစို/အခြောက်)အရောင်းသွက်သည့် ပဲတစ်မျိုး ဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်း တစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရပါတယ်။စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင် တို့မှထွက်သည့်ပဲကြီးသီးနှံများအပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝင် ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်း တွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ၃တင်းဝင် တစ်အိတ် လျှင် ပဲကြီး(ကြီး)၂၇၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊ပဲကြီး(လတ်) ၂၅၀၀၀၀ကျပ်နှင့် ၂၆၀၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၂၀၀၀၀ ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာပဲကြီး(ကြီး) ၄၈၈၇ကျပ် နှင့် ၄၉၇၇ကျပ်၊ ပဲကြီး(လတ်) ၄၅၂၅ကျပ်နှင့် ၄၇၀၆ကျပ်၊ ပဲကြီး(သေး) ၃၉၈၂ကျပ်နှင့် ၄၁၆၃ကျပ် ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူအချိန်တွင် တစ်ပိဿာပေါက်စျေးမှာ ပဲကြီး(သေး) ၄၆၁၅ကျပ်နှင့်၄၇၀၆ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ ယခုပေါက် စျေးနှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးအနည်းငယ်လျော့နည်းသွားကြောင်း သိရပါ တယ်။   ပဲကြီးသီးနှံဝင်ရောက်မှုပမာဏ ပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲ မှုရှိကြောင်းသိရပါတယ်။ ပြည်တွင်း ၌ ပဲကြီးမှာ စားသုံးမှုပမာဏများပြားပြီး စျေးကွက်အတွင်းအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ပြည်မြို့ရှိဖရဲသီး ဈေးနှုန်းဈေးကွက်

     မြန်မာနိုင်ငံတွင် ဖရဲသီးကို ဒေသအနှံ့အပြား၌စိုက်ပျိုးကြပြီး ဖရဲသီးအများဆုံးစိုက်ပျိုးသော ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးသည် ယခင်က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌စိုက်ပျိုးကြပါသည်။

     ဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများ ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဈေးကြီး၌ ၂၀၂၅ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ဖရဲသီးအကြီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀၀)ကျပ် ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ဖူးစားပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ခြင်း

     ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ နေကျော်တန်းရှိ တောင်သူ ဦးကုလား၏ ပြောင်းဖူးစိုက်ခင်းသို့ (၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ စိုက်ပျိုးသော ပြောင်းဖူးမျိုးမှာ (၇၀၂)တံဆိပ် ၁ထုပ်ကို (၄၈၀၀၀)ကျပ် ပေး၍ဝယ်ယူ စိုက်ပျိုးရပါသည်။ ပြောင်းဖူးပင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပြောင်းဖူးများ ခုတ်ယူရောင်းချ၍ရပါသည်။ ပြောင်းခင်းတစ်ခင်း၏ ကုန်ကျစရိတ်မှာ (၅၀၀၀၀၀)ကျပ်ကုန်ကျပြီး၊ ပြောင်းဖူးများထွက်ပေါ်ချိန်တွင်  အခင်းသို့လာရောက်ပြီး အကြီး/အသေး (၁)ဖူးကို (၅၀၀)ကျပ်ဖြင့် လာရောက်သိမ်းယူပါသည်။ ပြောင်းဖူး ထွက်ပေါ်ချိန်မှ တုန်းချိန်အထိ အဖူးရေ ၁၈၀၀ခန့် ခူးဆွက်ရောင်းချရပြီး ဝင်ငွေအနေဖြင့် (၉)သိန်းကျပ်ရရှိပြီး၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၄)သိန်းကျပ်ခန့် ရရှိသည်ဟု သိရပါသည်။ ဈေးများတွင်ရောင်းချသော လက်လီဈေးမှာ (၁)ဖူးကို (၇၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်ဖူးလျှင် သယ်ယူခနှင့်အထွေထွေကုန်ကျစရိတ်နှုတ်လိုက်လျှင် တစ်ဖူးလျှင် လက်လီရောင်းချသူ၏ အကျိုးအမြတ်မှာ (၁၀၀-၁၅၀)ခန့် ရရှိနိုင်သည်ဟု ခန့်မှန်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ပြောင်းဖူးများကို ရန်ကုန်မြို့နှင့် နယ်မြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရပါသည်။ ပြောင်းဖူးများဈေးကောင်း ရရှိသောကြောင့် အမြတ်များ များရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း