ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆောင်းငရုတ်စိုစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေကွင်းဆင်းလေ့လာ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် ၂.၂.၂၀၂၂ ရက်နေ့တွင် သဲကုန်းမြို့နယ် လောင့်ကြီးကျေးရွာအုပ်စု၊ ရွာလှရွာရှိ ဆောင်းငရုတ်စို စိုက်ပျိုးသော တောင်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် ငရုတ်စို (ဆောင်း) စိုက်ဧကမှာ ၇၅၈ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ သဲကုန်းမြို့နယ်အနေဖြင့် ငရုတ်စို(ဆောင်း)ကို ၂၀၇ ဧကစိုက်ပျိုးထားပါသည်။ တောင်သူ ဦးသန်းလွင်က ငရုတ်စို (၁)ဧက စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ဆောင်းငရုတ်စို ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းမျိုး ဖြစ်ပါသည်။ ယခုအချိန်သည်  ငရုတ်စိုများထွက်ပေါ်ချိန်ဖြစ်သဖြင့် အထွက်နှုန်းမှာ (၁၃၇၀)ပိဿာ ခန့် ထွက်ရှိသည်ဟုသိရှိရပြီး ငရုတ်စို (ဆောင်း)စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့် ကုန်ကျပါသည်။ ထွက်ရှိလာသော ငရုတ်စိုများကို ဝက်ပုတ်မြို့ရှိကုန်စိမ်းဒိုင်သို့ သွားရောက် ရောင်းချသည်ဟုသိရှိရပြီး ငရုတ်စို ရောင်းဈေးမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်ခန့်သာ ရရှိ၍ ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၇၀၀/၂၀၀၀ ကျပ်ခန့်အထိရရှိပါသည်။ ငရုတ်စိုက် တောင်သူများအနေဖြင့်  တစ်ဧကအကျိုးအမြတ် မှာ (၅၉၀၀၀၀)ကျပ်ခန့်ရရှိသဖြင့် ယခင်နှစ်ထက် စာရင် ဈေးမကောင်းပေမယ့် အထွက်နှုန်းပိုလာသောကြောင့် အကျိုးအမြတ်ပိုလာကြောင်း သိရပါသည်။ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်စို စိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းခြင်း၊ အပင်ပြုစုမှု ကောင်းမွန်ပါက အထွက်နှုန်းလည်းတိုး သက်တမ်းမှာလည်း (၇)လလောက် ကြာမြင့်လာနိုင်သဖြင့် တောင်သူများ ပိုမို တွက်ခြေကိုက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူ ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

         ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး လူဦးရေ(၃၁၁၇၁၆)ဦးခန့် နေထိုင် ကြောင်း၊ ပခုက္ကူခရိုင်သည် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ (၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိ ကြောင်း၊ ပခုက္ကူမြို့၏အရှေ့ဘက်တွင် ရေစကြိုမြို့၊ တောင်သာမြို့၊ အနောက်ဘက်တွင် ပေါက်မြို့၊ ဆိပ်ဖြူမြို့၊ တောင်ဘက်တွင် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ မြောက်ဘက်တွင် မြိုင်မြို့နယ်နှင့် ထိစပ် လျက်ရှိကြောင်း၊ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကျပြီး ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ် ကြောင်း၊ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ရောင်းဝယ်ရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်း၊ ပခုက္ကူမြို့နယ်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးများသို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်ပြီး ကုန်းလမ်း၊ ရေလမ်းဆုံရာ မြို့တစ်မြို့ ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကြောင်း၊ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံအပြားသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူကုန်စည်ဒိုင်သို့ မြိုင်၊ ပေါက်၊ ရေစကြို၊  ညောင်ဦးမြို့နှင့် ယောနယ်ဒေသများဖြစ်သော ထီးလင်း၊ ဂန့်ဂေါ၊ ဆော-ကျောက်ထု စသည့်မြို့နယ်များမှ ထွက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး ပခုက္ကူမြို့မှ ထွက်ကုန်များ ပြန်လည်ဖြန့်ဖြူးရာတွင် ပြည်တွင်းရှိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် အမြို့မြို့အနယ်နယ်သို့ ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ်လည်း အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံများသို့ တင်ပို့ဖြန့်ဖြူး၍ သီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး အဓိက စီးပွားရေးအချက်အချာကျသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

          ပခုက္ကူမြို့တွင် ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် လွယ်ကူစေရန် အတွက် ပခုက္ကူကုန်စည်ဒိုင်ကို ၁၉၈၉ ခုနှစ်တွင် အလုပ်အမှုဆောင် (၂၅)ဦးနှင့် အသင်းဝင်(၄၃၀)ဦးတို့ ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ပခုက္ကူကုန်စည်ဒိုင်မှာ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် ပြည်တွင်း သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ဖြန့်ဖြူးလျက်ရှိသော ကုန်စည်ဒိုင်ကြီးဖြစ်ကြောင်း၊ ပခုက္ကူ ကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကို နမူနာများဖြင့် ဈေးဖြတ်ကြပြီး ကြက်သွန်နီကို အမှတ်(၈) ရပ်ကွက်၊ ဦးမေဃ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ရောင်းဝယ်မှုပြုလုပ်ကြောင်း၊ ကုန်စည်ဒိုင် တွင် ဈေးဖြတ်ပြီး ပွဲရုံများတွင် အရောင်းအဝယ်ပြုလုပ်ကြောင်း၊  ပွဲစားများမှတစ်ဆင့် မြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ဝယ်ယူ၍ မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားနှင့် ပြည်ပနိုင်ငံများအထိ တင်ပို့

ရောင်းချလျက်ရှိကြောင်း၊ ပခုက္ကူမြို့ပေါ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်သည့် ကုန်သည် ပွဲစားလုပ်ငန်းရှင် (၁၀၀)ဦးခန့်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကုန်စည်ဒိုင်သို့ ပဲစဉ်းငုံ၊ ပဲယင်း၊ နှမ်းနက်(စမုံ)၊ မြေပဲစသည့် သီးနှံများ အဝင်နည်းနေသေးသော်လည်း  ဖေဖော်ဝါရီလ၊ မတ်လများတွင် သီးနှံမျိုးစုံ အများဆုံး ဝင်ရောက်မည်ဖြစ်ကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်လုပ်ငန်းရှင်တစ်ဦး ထံမှ သိရှိရပါသည်။

          မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစဉ်းငုံအပါအဝင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူသည့်အတွက် အိန္ဒိယနိုင်ငံသို့ အဓိကထား၍ တင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ သီးနှံ(၃)မျိုးကို အိန္ဒိယနိုင်ငံမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ သက်တမ်းတိုး၍ အကန့်အသတ်မရှိ ပဲတင်သွင်းခွင့်ပြုထားသောကြောင့် ယခုနှစ် သီးနှံပေါ်စချိန်မှစ၍ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် သီးနှံစပေါ်သည့်ချိန်မှစ၍ ဈေးနှုန်းဈေးကွက် ကောင်း၍ ပဲစဉ်းငုံအသစ်များ လက်ကျန်မရှိသလောက် ရောင်းချပြီးစီးကြောင်းနှင့် ယခင်နှစ်ဟောင်းက သိုလှောင်ထားရှိခဲ့သော ပဲစဉ်းငုံ ပိဿာ(၃၀)ဝင် အိတ်(၅)သိန်း၊ ပဲတန်ချိန် (၂၈၅၇၇) ဝန်းကျင်ခန့် ကိုလည်း ယခုနှစ်တွင် အကန့်အသတ်မရှိ တင်သွင်းမှုကို လက်ခံသောကြောင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ပြီးဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ ဈေးကောင်းရရှိ၍ စိုက်ပျိုး ထုတ်လုပ်တောင်သူများ၊ ‌ရောင်းဝယ်ဖောက်ကားသူ ကုန်သည်ပွဲစားလုပ်ငန်းရှင်များနှင့် ဆက်နွယ်လျက် ရှိသည့် အလုပ်သမားများ အကျိုးအမြတ်ရရှိသောနှစ်ဖြစ်ကြောင်း၊ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ယခုနှစ်ကဲ့သို့ ပဲမျိုးစုံဈေးကွက်ဝယ်လိုအား မရှိပါက တောင်သူများအနေဖြင့် တွက်ချေ ကိုက်သည့် ဝါ၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးသွားနိုင်ကြောင်း၊ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

          ပခုက္ကူမြို့သည် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကို အဓိကထား၍ ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး ဈေးကွက် အချက်အချာကျသော  မြို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းရှိ  ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ ဝယ်ယူလိုသော မည်သည့်ပဲကိုမဆို ဝယ်လိုအားရှိသလောက် အများဆုံး တစ်စုတစ်စည်းတည်း ဝယ်ယူရရှိနိုင်သော ပဲမျိုးစုံဆုံဆည်းရာ မြို့ဖြစ်သောကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များ အကြိုက်ဆုံးမြို့ ဖြစ်ကြောင်း၊ ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်သည့်အတွက် လုပ်ငန်းရှင်ကုန်သည်ပွဲစားများနှင့် ဒေသခံ ပြည်သူများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး စီးပွားရေးဖွံ့ဖြိုးသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ တိုင်းဆီကုန်သည်အသင်းမှ မကွေးမြို့၊ ကန်သာစျေး၌ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစိစစ်ခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် မကွေးတိုင်းဒေသကြီးသို့ ခွဲဝေချထားပေးသည့် စားအုန်းဆီများ အနက် မကွေးခရိုင်အတွက် ခွဲဝေရရှိသည့် စားအုန်းဆီများကို စည်ပင်သာယာဈေးများ၊ ကျေးရွာ များနှင့် ရပ်ကွက်ဆင်ခြေဖုံးများသို့ ကားဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ (၃.၂.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ မကွေးမြို့၊ ကန်သာစျေးတွင်  မကွေးတိုင်းဆီကုန်သည်များအသင်းမှ  ခွဲဝေရရှိသော စားအုန်းဆီ (၄၀၀)ပေပါအား စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် တစ်ပိဿာလျှင် (၄၅၀ဝိ/-) နှုန်းဖြင့် ရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း ဦးဆောင်သော ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးကူညီဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများ မှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မီမှန်ကန်စွာရောင်းချရေး နေ့စဉ်ရောင်းချမှုစာရင်းနှင့် မှတ်တမ်းဓါတ်ပုံများအား အချိန်နှင့်တပြေးညီ နေ့စဉ်တင်ပြပေးရန် အသိပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူပြည်သူများ သက်သာချောင်ချိရေး အတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ပေးမှုအား မှတ်တမ်း တင်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

ဟင်္သာတမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၊ စားသုံးသူပြည်သူများ၊ သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီများကို ဟင်္သာတမြို့ရှိ စိန်တောင်ဆီစက်နှင့် ငြိမ်းချမ်းရေးကုန်စုံဆိုင်တို့တွင် (၂.၂.၂၀၂၂) မှစ၍ ရောင်းချပေးလျက်ရှိရာ အဆိုပါ အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့က သွားရောက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်း ဆီများဖြစ်ပြီး၊ (၁၇.၁.၂၀၂၂) မှစ၍ တစ်ပိဿာလျှင် ၄၃၁၅ ကျပ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ လက္ကားရောင်းချသူများသို့ ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ဧရာဝတီတိုင်းအတွက်ရရှိသော စာအုန်းဆီ ပေပါ ၁၅၀ ကို ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)၏ အစီအစဉ်ဖြင့် ၊ တိုင်းအတွင်းရှိ ခရိုင်များသို့ခွဲဝေပေးခဲ့သော စားအုန်းဆီများဖြစ်ကာ ဟင်္သာတခရိုင် အတွက် ပိဿာ(၄၄ဝဝ)အား   တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့်  ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ပြည်မြို့၏ နှမ်းစျေးနှုန်းစျေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ ၉၇၆၆၄ဧက ရှိပြီး အထွက်နှုန်းအားဖြင့်  ၁၀ တင်းခန့်ထွက်ရှိသည့်အတွက် အထွက်တင်းစုစုပေါင်းမှာ ၉၇၀၀၀၀ခန့် ထွက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းအသစ်များကို လက်ပံတန်း၊ သာယာဝတီ၊ ကြံခင်းနှင့် မြန်အောင်ဘက်မှ    နေ့စဉ် ၄၅ပိဿာဝင် နှမ်းအိတ် ၄၀၀/၅၀၀ခန့် ပြည်စျေးကွက်သို့ ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းနှမ်းများစျေးကွက်သို့ နေ့စဉ်ဝင်ရောက်မှု ရှိသော်လည်း မိုးနှမ်း အဟောင်းလောက် အရောင်းအဝယ်မဖြစ်ကြောင်းသိရှိရပါသည်။ မိုးနှမ်းမှာဆီကြိတ်လျှင် ဆီထွက် အားကောင်းခြင်း၊ အရည်အသွေး ကောင်းသဖြင့် နှမ်းလှောင်လက်သမားများနှင့် ဝယ်လက်များ အကြိုက်တွေ့သောနှမ်းဖြစ်ပါသည်။ ဝယ်လက်အကြိုက်တွေ့သဖြင့် မိုးနှမ်းစျေးမှာ ဆောင်းနှမ်းထက် စျေးမြင့်လာပါသည်။

          ပြည်စျေးကွက်ရှိနှမ်းစျေးနှုန်းများမှာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (ပထမအပတ်) အတွင်း မိုးနှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ မိုးနှမ်း နက် (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်နှင့် မိုးစမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြစ်ပါသည်။ ဆောင်းနှမ်းနီမှာ (၃)တင်းတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ဆောင်းနှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်နှင့် ဆောင်းစမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၁၇၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ နှမ်းနက်နှင့်စမုံနက်နှမ်းကို မန္တလေးဝယ်လက်များက အဝယ်ရှိပြီး၊ နှမ်းနီကို မြို့တွင်းဆီစက်များနှင့် နယ်ဘက်ရှိဆီစက်သမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ်၄၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

     ထို့ကြောင့်နှမ်းစိုက်တောင်သူများအနေဖြင့် ရာသီ(၃)ရာသီတွင် မိုးနှမ်းစိုက်ပျိုးလျှင် အထွက် နှုန်းလည်းကောင်း၊ အရည်အသွေးလည်းကောင်း၍ ဆီထွက်အားကောင်းသဖြင့် ဝယ်လက် ကြိုက် သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးလျှင် အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပြီး ဆီစက်သမားများအနေဖြင့်လည်း ဆီထွက်နှုန်းပိုမိုလာ၍ တွက်ခြေကိုက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင် ပန်းတောင်းမြို့ရှိ ပဲကြီးစိုက်တောင်သူနှင့် တွေ့ဆုံ၍ စျေးနှုန်းစျေးကွက် အခြေအနေလေ့လာဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်တောင်း မြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် အဖွဲ့သည် (၂၇.၁.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင် မင်းရပ် ရပ်ကွက်ရှိ ပဲကြီးစိုက်ပျိုးသော တောင်သူနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် ပဲကြီးစိုက်ဧကမှာ ၇၈၁၇ဧက ရှိပြီး ပန်းတောင်းမြို့နယ်အနေဖြင့် ၂၃၇၁ ဧကစိုက်ပျိုးထားပြီးဖြစ်ပါသည်။ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်ရှိ ပဲကြီးစိုက်ပျိုးသော တောင်သူ ဦးစိန်ဝင်းမှ သဲသောင်ပြင်မြေနုကျွန်းများတွင် ပဲကြီး (၁)ဧကခွဲစိုက်ပျိုးထားရှိပါသည်။ ပဲကြီး (၁)ဧကခွဲတွင် မျိုး(၂)ပြည်စိုက်ပျိုးရ၍ မျိုးတစ်ပြည်လျှင် ၃၅၀၀ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုး ရပြီး ပဲကြီးတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ၁၅၀၀၀၀ ကျပ် ခန့်ရှိပါသည်။ အထွက်နှုန်းမှာ ယခုနှစ်တွင် ပဲကြီးတင်း(၃၀)ခန့်ထွက်ရှိပြီး ၊စျေးမှာတစ်တင်းလျှင် ၈၀၀၀၀ကျပ် ခန့် ရရှိပါသည်။ ယခင်နှစ်တွင် ပဲကြီးအထွက်နှုန်းမှာ (၁၀)တင်းသာထွက်ရှိပြီး စျေးမှာ တစ်တင်းလျှင် ၅၀၀၀၀ကျပ် သာရရှိခဲ့သည်ဟုသိရပါသည်။ ထွက်ရှိလာသော ပဲကြီးများကို ပြည်မြို့ ရှိပွဲရုံများသို့ တင်ပို့ ရောင်းချသည်ဟု သိရှိရပါသည်။

          ယခုနှစ်တွင်ပဲကြီးအထွက်နှုန်းမှာရာသီဥတုကောင်း၍ အထွက်နှုန်းတိုးလာခြင်း စျေးကောင်း လည်းရသဖြင့် ပဲကြီးစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အကျိုးအမြတ်များလာသဖြင့် နောင်နှစ်တွင်လည်း ပဲကြီးကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

  DOCA(ပဲခူး)

(မိုး)နေကြာများ ရိတ်သိမ်းပြီး(ဆောင်း) နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

            မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပြောင်း၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက်မှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ​နေကြာ(မိုး)ကို (၇၁၂၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၃၀.၄၅)တင်းခန့်ထွက်ရှိပြီး အထွက်စုစုပေါင်း (၂၁၇၀၄၇၆)တင်း ထွက်ရှိပါသည် ။ ဆောင်းနေကြာကို  မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်မြေ ၊ ယာမြေများ၌ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ထွက်ရှိမည်ဖြစ်ပါသည် ။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာကို ကျောက်ဆည်မြို့နယ် တွင်(၄၄၄၂)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၃၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၀)ဧက၊ တံတားဦးမြို့နယ် တွင်(၉၃၉၆)ဧက၊စုစုပေါင်း(၁၇၀၂၆)ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။(ဆောင်း)နေကြာကို အခြားသီးနှံများဖြစ်သည့် ကုလားပဲ၊နှမ်း၊ပဲတီစိမ်းတို့နှင့် သီးညှပ်အဖြစ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း သီးသန့်စိုက်ပျိုးကြပါသည် ။ သီးသန့်စိုက်ပျိုးရာတွင် ပင်ခြား ၊ တန်းခြားစနစ်ဖြင့် စိုက်ပျိုးကြပြီး ဆောင်းနေကြာ တစ်ဧကလျှင်မျိုးစေ့မှာ (၃ - ၄)ပြည်ခန့်ကုန်ကျကြောင်း ၊ မျိုးစေ့စျေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၄၅၀၀ - ၅၀၀၀)ကျပ်ခန့် စျေးနှုန်းပေးရကြောင်း၊ နေကြာမျိုးများဖြစ်သော ဆင်းရွှေကြာ-၂ ၊ရေဆင်းစပ်မျိုးနေကြာ-၁မျိုးများ ကိုအဓိကထား အများဆုံးစိုက်ပျိုးကြပြီး အပင်သက်တမ်းမှာ (၃)လသာကြာမြင့်ကြောင်း သိရှိရပါသည်။လက်ရှိစိုက်ပျိုးထားသော နေကြာသီးနှံများမှာ အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် နေကြာတစ်ဧကလျှင် မျိုး ၊ သွင်းအားစု ၊ လုပ်သမားခ စုစုပေါင်း (၂၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း သိရပါသည်။ နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၁၂၅၀၀)ကျပ်စျေးရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၁၈၀၀၀)ကျပ် စျေးနှုန်းဖြစ်၍ ယခင်နှစ်ထက် စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာဆီကြိတ်ပြီးရောင်းချလျှင် နေကြာတစ်တင်းကြိတ်လျှင်အရည်အသွေးပေါ်မူတည်၍ ဆီ(၃-၄ ) ပိဿာခန့် နှင့် နေကြာဖက်(၅)ပိဿာခန့်ထွက်ရှိပြီး ကြိတ်ခအနေဖြင့် တစ်တင်းလျှင် (၁၀၀၀)ကျပ် ပေးရကြောင်း ၊ စျေးကွက်အတွင်းတွင် နေကြာဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် နှင့် နေကြာဖက် (၁)ပိဿာလျှင်(၆၀၀)ကျပ်စျေးနှုန်များဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း နေကြာစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ နေကြာသီးနှံအား စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာခြင်း ၊ အထွက်နှုန်းများခြင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် များစွာအထောက်အကူဖြစ်သည့်အပြင် နေကြာဖတ်များမှာလည်း ကျွဲ၊နွားများအတွက် အစားအစာအဖြစ်အသုံးပြု၍ ရသောကြောင့် တွက်ခြေကိုက်သည့်သီးနှံဖြစ်၍ တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

     မော်လမြိုင်မြို့၌ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခင်အပတ် (၂၀၂၂ ဇန်နဝါရီ နောက်ဆုံးပတ်)၌ ကြံ့နှစ်ကောင် (အနီ) ၈၇၅၀ ကျပ်၊ ဆင်(ထိုင်း) ၉၃၀၀ ကျပ်၊ ကြံ့တံဆိပ် (အဝါ) ၈၂၀၀ ကျပ် ရှိခဲ့ပြီး ယခုအပတ် (၂၀၂၂ ဖေဖော်ဝါရီ ပထမပတ်)တွင် ကြံ့နှစ်ကောင်(အနီ) ၉၄၀၀ ကျပ်၊ ဆင်(ထိုင်း) ၉၅၀၀ ကျပ်၊ ကြံ့တံဆိပ်(အဝါ) ၈၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

      မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာဈေးမှာ ယခင်အပတ်(၂၀၂၂ ဇန်နဝါရီ နောက်ဆုံးပတ်)တွင်  ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kgပါ တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  50kgပါ တစ်အိတ်လျှင်  ၄၈၅၀၀ ကျပ်၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kgပါ တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ တီစူပါ တရုတ် (သံကွင်း) 50kgပါ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ် ရှိခဲ့ပီး ယခုအပတ်(၂၀၂၂ ဖေဖော်ဝါရီ ပထမပတ်)တွင် ကွန်ပေါင်း(မြန်မာ့ဩဘာ ရွှေကော မက်) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၄၇၀၀ ကျပ်၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kgပါ တစ်အိတ်လျှင်  ၈၃၀၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  50kgပါ တစ်အိတ်လျှင်  ၄၈၅၀၀ ကျပ်၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kgပါ တစ်အိတ်လျှင် ၅၉၀၀၀ ကျပ်၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ တီစူပါ တရုတ် (သံကွင်း) 50kgပါ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းမှာ ယခုအပတ်နှင့် ယခင် အပတ်နှိုင်းယှဉ်လျှင် ကွန်ပေါင်း (ကွန်ပေါင်း(မြန်မာ့ဩဘာ ရွှေကော မက်) ၁၅:၁၅:၁၅၊ ကွန်ပေါင်း ၂၀:၁၂:၁၂၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်)၊ တီစူပါ တရုတ် (သံကွင်း) တို့မှာ ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

ကျိုက်ထိုမြို့၏ ကတွတ်ယိုဈေးကွက်

       ကျိုက်ထိုမြို့သည် ရာသီအလိုက် အသီးအနှံမျိုးစုံထွက်ရှိသော မြို့တစ်မြို့ဖြစ်ရာ ဒေသထွက်အသီးအနှံများအား ယိုမျိုးစုံပြုလုပ်၍ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသည်။ အဓိကထုတ်လုပ်သောယိုများမှာ မရမ်းယို၊ သရက်ယို၊ နာနတ်ယို၊ ရှောက်ယို၊ ချဉ်ပေါင်ယို၊ ဖရုံယို၊ ကတွတ်ယိုတို့ကို အဓိကထုတ်လုပ်ကြသည်။

      ကျိုက်ထိုမြို့၏ ယိုလုပ်ငန်းများအနက် ကတွတ်ယိုသည် လူကြိုက်များသော ဒေသထွက်ကုန်ယိုတစ်မျိုးဖြစ်ရာ ကျိုက်ထီးရိုးဘုရားဖူးလာဧည့်သည်များမှ အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူမှုများသော ယိုတစ်မျိုးဖြစ်သည်။ ဘုရားဖူးဧည့်သည်အဝင်များသည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့မှာ ယိုမျိုးစုံရောင်းအား ကောင်းသောကာလများဖြစ်သည်။

       ကတွတ်ယို (၄၀) ကျပ်သားပါတစ်ဗူးလျှင် (၂၅၀ဝိ/-) မှ (၃၀၀ဝိ/-)ထိ ဈေးနှုန်းရှိပြီး ယိုဗူးများကို ကျိုက်ထီးရိုးဘုရားရင်ပြင်တော်၊ တောင်ခြေကင်ပွန်းကျေးရွာနှင့် ရန်ကုန်- မော်လမြိုင် ကားလမ်းဘေး ကျိုက်ထိုမြို့ လမ်းဘေးဝဲယာတို့တွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

 

၄.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၄.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း