ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်ဖိုမျှစ်ဈေးကွက် အရောင်းသွက်

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ရာသီပေါ်သီးနှံဈေးကွက်သည် စည်ကားလျက်ရှိရာ အုတ်ဖိုဒေသထွက် သီးနှံများနှင့်အတူ မျှစ်သီးနှံ ဈေးကွက်သည် အရောင်းအဝယ်ကောင်းမွန်ပြီး အရောင်းသွက်လျက်ရှိပါသည်။

    အုတ်ဖိုမြို့မဈေးကွက်အတွင်းသို့ ကိုင်းကြီး၊ ကြို့ကိုးပင်၊ ဝင်းသရက်၊ ထန်းပင်ကုန်း၊ တိမ်မြုပ်၊ သရက်နှစ်ဖျားလိမ် စသောကျေးရွာများမှ မျှစ်များ အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်းသို့ တင်ပို့‌ ရောင်းချလျက်ရှိပါသည်။ မျှစ်များကို ပါးပါးလှီးပြီး အချဉ်ထည့်ထားသော မျှစ်စပ်၊ မျှစ်ချဉ်များနှင့် အချောင်းလိုက်ပြုတ်သော မျှစ်ပြုတ်များ အဖြစ်နှင့် နှစ်မျိုးနှစ်စား တင်ပို့ကြပါသည်။ ဒေသတွင်းစားသုံးရန် ဖူလုံရုံသာမက ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးကြီးသို့လည်း တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။ မျှစ်ဈေးနှုန်းများအနေဖြင့် မျှစ်စပ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ မြေပဲသီးနှံ ဈေးနှုန်းဈေးကွက်

      မြေပဲကို လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးကြပြီး မြန်မာလူမျိုးများအနေဖြင့် ဆီကြိတ်၍ လည်းကောင်း ၊ မြေပဲဆံကို ပဲကြော်၊ ပဲလှော်များ ကြော်လှော်၍ လည်းကောင်း စားသုံးကြသလို သက်သက်လွတ်စားခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် လူခန္ဓာကိုယ်အတွက် လိုအပ် သော အာဟာရဓာတ်များလည်း ရရှိနိုင်မှာဖြစ်ပါသည်။  ပြည်ခရိုင်တွင် ဆီထွက်သီးနှံ (၃)မျိုးရှိရာ မြေပဲသီးနှံသာ ဧကအများဆုံး စိုက်ပျိုးကြောင်း သိရပါသည်။ ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးမြေပဲ စိုက်ပျိုးနေချိန်ဖြစ်ပါသည်။

မြေပဲစတင်စိုက်ပျိုးသည့်ဒေသ

          မြေပဲကိုတောင်အမေရိကတိုက်ရှိ ဘရာဇီးလ်မှ တစ်ဆင့် အာဂျင်တီးနား၊ မြောက်အမေရိကမှတစ်ဆင့် ကမ္ဘာအနှံသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ မြေပဲသီးနှံကို ၁၈၈၅ ခုနှစ် လောက်က အိန္ဒိယမှတစ်ဆင့် မကွေးတိုင်းသို့ ရောက်ရှိလာခဲ့ပါသည်။ မကွေးတိုင်းမှတစ်ဆင့် မြန်မာ  နိုင်ငံအနှံအပြားသို့ရောက်ရှိခဲ့ပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုး၍ အောင်မြင်ကြပါသည်။ ပြည်ခရိုင် အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြေပဲစုစုပေါင်း စိုက်ဧကမှာ (၇၂၃၂၂)ရှိပြီး ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကျန်မြို့နယ်များတွင် အနည်းငယ်သာစိုက်ပျိုးကြပါသည်။

မြေပဲအမျိုးအစားနှင့်သက်တမ်းကာလ

          မြန်မာနိုင်ငံတွင် မြေပဲကို ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိပါသည်။ ပင်ထောင်မြေပဲအမျိုးအစားမှာ စပိန်ကလေးမြေပဲ နှင့် ဂျပန်ကလေးမြေပဲ တို့ဖြစ်ပါသည်။ ဂျပန်မျိုးမှာ အနီရောင်အဆန်ရှိပြီး စပိန်မျိုးမှာ အဆံပန်းရောင်အဖျော့ရှိပါသည်။ ပင်ထောင် မြေပဲ၏ ပင်စည် နှင့်အကိုင်းများသည်ထောင်မတ်၍ ပေါက်ရောက်ကြပြီး အသီးသီးရာတွင် အပင်ခြေမှာ စုပုံရောနှော ၍သီးကာ အသီးမှာ သေးငယ်ပါသည်။ ပင်ထောင်မျိုးမှာ သက်တမ်း (၃)လကြာပြီး အတောင့် အခွံပါး၍ အတောင့်တွင် အစေ့ပြည်ဝပါသည်။ ပင်ပြန့်အမျိုးအစားမှာ စပိန်ကြီးမြေပဲနှင့် ဗာဂျီး နီးယား မြေပဲတို့ဖြစ်ပါသည်။ ပင်ပြန့်မြေပဲ၏ ပင်စည်သည် ထောင်မတ်ပြီး အကိုင်းများမှာ မြေပြင် ပေါ်၌ထွား၍ သွားကြပါသည်။ အသီးသီးလျှင် အကိုင်းတလျှောက်မြေကြီးနှင့် ထိသော နေရာများ တွင်သီးပြီး အတောင့်အခွံထူ၍ မာကျောပါသည်။ ပင်ပြန့်မျိုးသည် မြေပဲတောင့်တစ်တောင့်လျှင် (၁)လက်မခန့်ရှိပြီး သက်တမ်းမှာ (၅/၆)လခန့်အထိ ကြာမြင့်ပါသည်။ ဂျပန်မြေပဲကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး စပိန်မြေပဲကို ပြည်ခရိုင်တွင် စိုက်ပျိုးကြသလို ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းမ ဒေသာ နှင့် ပင်ပြန့်မျိုးတို့ကိုလည်း စိုက်ပျိုးကြပါသည်။

မြေပဲသီးနှံစိုက်ပျိုးချိန်

          မိုးမြေပဲကို မေလနှင့်ဇွန်တွင် မြေပြန့်ဒေသများ၌ စိုက်ပျိုးကြပြီး တောင်တန်းဒေသများတွင် စက်တင်ဘာလမှ အောက်တိုဘာလတွင် စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြပါသည်။ မြေပဲသည် ရေမဝပ်သော သဲဆန်သည့် မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပြီး ရေကောင်းစွာစီးဆင်းမှုရှိသော သဲနှုန်းဆန်သော မြေမျိုးကို ကြိုက်နှစ်သက်ခြင်း၊ သစ်ဆွေးဓာတ်များလွန်းသောမြေတွင် စိုက်ပျိုးပါက မြေပဲအရောင်မဲ တက်ပြီး သဲမြေများတွင် စိုက်ပျိုးပါက  အထွက်နှုန်းလျော့နိုင်ပါသည်။ ပင်ထောင်မြေပဲကို မိုးရာသီ တွင်ယာမြေများ၌ စိုက်ပျိုးခြင်း၊ ဆောင်းရာသီတွင် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးခြင်းနှင့် စပါးအပြီး သီးထပ်အဖြစ်စိုက်ပျိုးနိုင်ပါသည်။

မိုးရေချိန်နှင့်အပူချိန်

          မြေပဲကို စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်မှာ  မိုးရေချိန် (၃၅)လက်မ မှ (၄၅)လက်မ ဖြစ်ပါ သည်။ အပူချိန်မှာ ၅၀Fမှ ၃၀F တွင်စိုက်ပျိုးနိုင်ပြီး ၂၀Fအောက်တွင် ကြီးထွားမှု နှောင့်နှေးစေပါသည်။

မျိုးစေ့ပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်း

          ပင်ထောင်မြေပဲကို အတောင့်လိုက်စိုက်ပျိုးနိုင်သလို အဆန်အနေဖြင့်လည်း စိုက်ပျိုးနိုင် ပါသည်။ အတောင့်လိုက်စိုက်ပျိုးလိုပါက ရေအေးတွင် (၁၂)နာရီမှ (၂၄)နာရီအထိ ရေစိမ်ပြီး (၁/၂) နာရီခန့် အခြောက်ခံထားရပြီး စိုက်ပျိုးရပါသည်။ ပင်ပြန့်မြေပဲကို အတောင့်လိုက် စိုက်ပျိုး၍မရဘဲ အဆန်လိုက်စိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင် မြေပဲစေ့ကို ပိုးသတ်ဆေးများ လူးနယ်ပြီး စိုက်ပျိုး မှသာ ပိုးမွှားဖျက်ဆီးမှုသက်သာစေပြီး အပင်ပေါက်နှုန်း ကောင်းလာမည်ဖြစ်ပါသည်။

စိုက်ပျိုးမြေပြင်ဆင်ခြင်း

          ပင်ထောင်မြေပဲကို မိုးရာသီတွင် ကုန်းကျသော ယာမြေများတွင် စိုက်ပျိုးနိုင်ပြီး မိုးမြေပဲ စိုက်ပျိုးရန်မြေကို မိုးမကျမီ ထယ်ရေးခွဲပေးထား၍ မိုးကျလျှင်စိုက်ပျိုးနိုင်ပါသည်။ ထယ်ထိုးရာတွင် သဲဆန်သောမြေဖြစ်လျှင် ဧပြီလတွင်စတင်ထယ်ထိုးရပါသည်။ မြေစေးဖြစ်ပါက မတ်လနှင့် ဧပြီလ တွင်ထယ်ထိုးရပါသည်။ ထယ်ထိုးပြီး၍ (၂/၃)ရက်အကြာတွင် လယ်စာခဲခြောက်သွေ့လာပါက တလိမ့်တုံး၊ ဂျမ်းတုံးများဖြင့် ထယ်အခဲများကို ခြေပေးရပါသည်။ ထိုသို့ သုံးသွားထွန်၊ လေးသွား ထွန်တို့ဖြင့် ထွန်ယက်ပေးပြီး ပေါင်းမြက်များကို ဖော်ထုတ်၍ ရှင်းလင်းပေးရပါသည်။ ထွန်ရေး(၄) (သို့) (၅)ဆခန့်ရလျှင် စိုက်ပျိုးရန်သင့်တော်သောမြေကိုရရှိပါသည်။

စိုက်ပျိုးမှု

          မြေပဲကိုစိုက်ပျိုးရာတွင် မျိုးစေ့ချနှုန်းမှာ တစ်နေရာနှင့်တစ်နေရာမတူဘဲ မြေကောင်းသော နေရာတွင် စိုက်ကြောင်းကျဲပြီး၊ မြေညံ့သောနေရာတွင်  စိုက်ကြောင်းကျဉ်းထား၍ စိုက်ပျိုးရသော ကြောင့် မျိုးစေ့ချနှုန်းမှာ တစ်ဧကလျှင် မျိုးမြေပဲတောင့် (၅)တင်းမှ (၈)တင်းအထိလိုအပ်ပါသည်။ မြေပဲတောင့် တစ်တင်းလျှင် မြေပဲဆန်(၅)ပြည်အထိ ရရှိနိုင်ပါသည်။ ပင်ထောင်မြေပဲစိုက်ပျိုးလျှင် တစ်တန်းနှင့်တစ်တန်း(၁၅)လက်မမှ (၁၈)လက်မထိ၊ တစ်ပင်နှင့်တစ်ပင် (၂)လက်မ မှ (၃)လက်မ ခြား၍ စိုက်ပျိုးရပါသည်။ ပင်ပြန့်မြေပဲကို တစ်တန်းနှင့် တစ်တန်း (၁၈)လက်မခန့် နှင့် တစ်ပင်နှင့် တစ်ပင် (၄)လက်မမှ (၆)လက်မခန့်ခြား၍ စိုက်ပျိုးရပါသည်။ သဲဆန်သောမြေတွင် မြေပဲစိုက်ပျိုးပါ က အာဟာရဓါတ်ချို့တဲ့သဖြင့် ဓါတ်မြေဩဇာများဖြည့်တင်းပေးရန်လိုအပ်ပါသည်။ တောင်သူများ အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် လုပ်အားခသက်သာစေရန်အတွက် ထွန်ရေးဝင်နေချိန်တွင် ကြဲပက် ၍ စိုက်ပျိုးကြပါသည်။ မျိုးစေ့ချ၍ စိုက်ပျိုးရာတွင် မျိုးစေ့များကိုခြောက်သွေ့သော အရပ်၌ မြေ အနက်(၃)လက်မခန့်နှင့် မြေစိုသောအရပ်၌ (၂)လက်မမှ (၃)လက်မအတွင်း မျိုးစေ့ချစိုက်ပျိုးရပါ သည်။ စိုက်ပျိုးပြီး (၄/၅)ရက်အကြာတွင် အပင်ပေါက်လာကြပြီး ညှောက်ပေါက်စတွင် လေးသွား ထွန်ဖြင့် အပင်များကို ကန့်လန့်ဖြတ်မှုန်းပေးရပါသည်။ စိုက်ပြီး (၂၂)ရက်အကြာတွင် ပန်းများ စတင်ပွင့်လာပြီး နောက်(၄/၅)ရက် အကြာတွင် ဆက်တိုက်ပွင့်လာကြပါသည်။ မြေပဲစိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ကြားလိုက်ပေးရပြီး (၄၅)ရက်အကြာတွင် ဘောင်တင်ပေးရပါသည်။ ကြားလိုက်ခြင်း၊ ဘောင်တင်ခြင်းတို့ကိုပြုလုပ်ရာတွင် ထွန်ကြောင်းဖြောင့်မှ အပင်ထိခိုက်မှုမရှိဘဲ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း

          မိုးမြေပဲကို စက်တင်ဘာလတွင်ရိတ်သိမ်းပြီး ဆောင်းမြေပဲကို ဇန်နဝါရီလတွင်ရိတ်သိမ်းရပါ သည်။ မြေပဲပင်နှုတ်သိမ်းတော့မည်ဆိုလျှင် မြေပဲစည်များညိုးလာပြီး အရွက်ဝါ၍ ကြွေကျလာပါက မြေပဲပင်ကို နှုတ်ကြည့်လျှင် အခွံအတွင်းသား အညိုရောင်ဖြစ်နေပါက နှုတ်သိမ်းချိန် ရောက်လာပြီ ဖြစ်ပါသည်။ မြေပဲနှုတ်သိမ်းချိန်နောက်ကျပါက အနှုတ်ရခက်ပြီး နှုတ်သိမ်းချိန်စောပါက အတောင့် ထဲတွင်ရေများနေသဖြင့် ကြာကြာနေလှန်းရပါသည်။ ထိုမြေပဲသည် ဆီထွက်နှုန်းလည်း ကျဆင်း တက်ပါသည်။ မြေပဲတစ်ဧကလျှင်  အထွက်တင်းမှာ တင်း(၄၀)မှ တင်း(၅၀)ကျော်အထိ ထွက်ရှိ ပါသည်။

မြေပဲသီးနှံစားသုံးခြင်းနှင့် အသုံးပြုပုံ

          မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှောင်၍လည်းကောင်း၊ ပြုတ်၍ လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ မြေပဲဆီအဖြစ်ကြိတ်ခွဲရာတွင် မြေပဲအခွံပါတစ်တင်းကို ဆီကြိတ်လျှင် မြေပဲဆီ(၂)ပိဿာ ခန့်ထွက် ရှိပြီး၊ မြေပဲဆန် (၁၀၀)ပိဿာ ကြိတ်ခွဲလျှင် ဆီပိဿာ (၄၀)ထွက်ရှိသည်ဟု သိရှိရပါသည်။ ဆီကြိတ် ပြီးထွက်ရှိသော မြေပဲဖက်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ မြေပဲ ကြိတ်ဖတ်သည် အခြားဆီကြိတ်ဖတ်များထက် နိုက်ထရိုဂျင်ဓါတ်ပိုမိုပါဝင်သည်ဟု သိရပါ သည်။

တစ်ဧကကုန်ကျစရိတ်နှင့်အကျိုးအမြတ်

          ပြည်ခရိုင်တွင် ယခုအချိန်တွင် မြေပဲများစိုက်ပျိုးနေချိန်ဖြစ်ပြီး မြေပဲများရိတ်သိမ်းမှု မရှိသေး သည့်အတွက် ၂၀၂၂-၂၀၂၃ခုနှစ်အတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်  (၅)သိန်းကျပ်ကျော် ကုန်ကျ နိုင်မည်ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့်လည်း ယခင်နှစ်ကအတိုင်း တစ်ဧကကို တင်း(၅၀) ကျော် ထွက်ရှိမည်ဆိုလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် (၃)သိန်းနီးပါးအမြတ် အစွန်းများ ရှိနိုင်မည် ဖြစ်ပါသည်။

ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းဈေးကွက်

          ပြည်ဈေးကွက်သို့ မြေပဲဆန်စီးဆင်းမှုမှာ ယခုအချိန်တွင် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်သဖြင့် ကံမ၊ မြန်အောင်၊ ကြံခင်း နှင့်ပေါက်ခေါင်းဘက်မှ ရက်ခြားဝင်ရောက်မှုရှိပြီး ဝင်ရောက်သည့် ရက်တွင် အိတ်(၅၀၀)ခန့် ဝင်ရောက်သည်ဟုသိရပါသည်။ ပြည်ပွဲရုံရှိ မြေပဲဆန်များကို ဒေသတွင်း ဆီစက်များ နှင့် ပဲလှော်၊ ပဲကြော်သမားများက ဝယ်ယူမှုရှိပြီး မန္တလေးတိုင်းသို့လည်း တင်ပို့ရောင်း ချကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခု ဇွန်လ ဒုတိယပတ်တွင် မြေပဲဆီဆန် (အဖြူ)တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် ယခင်မေလ ကုန်ပတ်ထက် တစ်ပိဿာလျှင် (၁၀၀-၂၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ လုံးဆန်ဈေးမှာ (အဖြူ)တစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၂၅၀)ကျပ်ဖြင့် ယခင် မေလကုန် ပတ်ထက် တစ်ပိဿာလျှင် (၁၀၀-၁၅၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၃၄၀၀)ကျပ် ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

      မြေပဲကိုလူမျိုးမရွေး၊ ဘာသာမရွေးသုံးစွဲနိုင်ပြီး အရည်အသွေးမီမျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးခြယ်စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလှုံမည်အပြင် ပြည်ပဈေးကွက် သို့လည်း အရည်အသွေးကောင်းမြေပဲဆန်များကိုတင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်

     ယခုတစ်ပတ်၏ ပြောင်းသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀၈၀) ကျပ်မှ (၁၁၀၀) ကျပ်ဖြစ်ပါသည်။ ပြောင်းအဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူမှာ တောင်သူလက်ကျန်နည်းပါးလာသောကြောင့် အဝင်နည်းလာကာ ဈေးဆက်တက်လာပါသည်။ ကြက်သွန်ဖြူပေါက်ဈေးမှာ တစ်ပိဿာလျှင် ထူး-၁ (၅၆၀၀) ကျပ်၊ ထူး-၂ (၆၀၀၀) ကျပ်၊ ထူး-၃(၆၅၀၀) ကျပ်၊ ထူး-၄(၇၀၀၀) ကျပ်၊ ထူး-၅ (၇၇၀၀) ကျပ်၊ ထူးလွန် (၇၈၀၀) ကျပ်နှင့် ကြူကုတ်မှာ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်တို့ဖြစ်ပါသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။

      အာလူးသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် S2 (၂၇၀၀) ကျပ်၊ S1 (၂၅၀၀ ) ကျပ်၊ OK (၂၂၀၀) ကျပ်၊ A1 (၂၀၀၀) ကျပ် ဆွဲ (၁၉၀၀) ကျပ်နှင့် ဂေါ်လီ (၁၅၀၀) ကျပ်တို့ဖြစ်ပါသည်။ အာလူးထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးငြိမ်နေပါသည်။ ချင်းသီးနှံမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ပေါက်ဈေးရှိကာ အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။ ချင်းဥမမှာ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်နည်းပါးပါသည်။ နနွင်းဈေးမှာ တစ်ပိဿာလျှင် ဆင်တောင် (၄၂၀၀) ကျပ်နှင့် ဆင့်(၃၅၀၀) ကျပ်နှင့် ဆင့်(၃၀၀၀) ကျပ်တို့ဖြစ်ပါသည်။

     ကုန်စိမ်းသီးနှံများမှာ ဂေါ်ဖီဈေးကျ၍ တစ်ထုပ်လျှင် (၆၀၀) ကျပ်မှ (၁၀၀၀) ကျပ်၊ ပန်းပွင့်တစ်ပွင့်လျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ရွှေပဲတစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်၊ ဘိုစားပဲတစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၁၇၀၀ )ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ မုံညှင်းတစ်ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၄၀၀) ကျပ်၊ မုန်လာဥဖြူတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သဲယောင်ရွတ်စတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၇၀၀) ကျပ်ခန့်၊ ငရုတ်သီးစိမ်းမှာ မိုးထောင်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကျောက်စိမ်းတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ရွှေအပ်စိမ်းတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကုလားအော်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ သံပရာသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ရခါးညွန့် (၅၀) ညွန့်ပါ တစ်ထုံးလျှင် (၁၅၀၀၀) ကျပ်၊ ကိုက်လန် (၅၀) စီးပါ တစ်ထုံးလျှင် (၁၆၀၀၀) ကျပ်၊ ဥနီ တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ဂျူးမြစ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်နှင့် ဖရုံသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၁၀၀) ကျပ်တို့ဖြင့် ကုန်ဈေးနှုန်းသီးနှံများ ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

“မိတ္ထီလာစျေးကွက်တွင် ကြက်သွန်နီစျေးငြိမ်နေ’’

    မိတ္ထီလာစျေးကွက်တွင် ဇွန်လတတိယပတ်အတွင်း နယ်ဝေးတင်ပို့မှုနည်းကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်မှ ရန်ကုန်၊ ပဲခူးမြို့များသို့ ပုံမှန်အားဖြင့် တင်ပို့မှုရှိသော်လည်း၊ ယခုတစ်ပတ် ရန်ကုန်သို့ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ပဲခူးသို့လည်း ခြောက်ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၄၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရောနှောတင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီနှင့် မူဆယ်သို့ တင်ပို့မှုများခဲ့သော်လည်း ယခုတစ်ပတ်မူဆယ်သို့ တွဲကား တစ်စီး ကုန်ပိဿာ (၂၀၀၀၀) ခန့် သာတင်ပို့နိုင်ခဲ့ပါသည်။ ဒေသတွင်း လှောင်လက်၌ လက်ကျန်များသော်လည်း ရောင်းစျေးမှာ စျေးမြှင့် ပြီး မြဝတီဝယ်လက်သို့ ‌ရောင်းစျေးနှင့်မကိုက်ခြင်းကြောင့်ဖြစ်ကာ မူဆယ်ဝယ်လက်မှာ ပစ္စည်းအရည်‌သွေးကောင်းကို စျေးကောင်းပေးဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ကုန်တင်ခမှာ စျေးငြိမ်နေပြီး လက်ကားစျေးတစ်ပိဿာလျှင် ပဲခူးသို့ (၁၀၀) ကျပ်၊ မူဆယ်သို့ (၂၀၀) ကျပ် ရှိပါသည်။ ကြက်သွန်နီစျေးမှာလည်း ဝယ်လက်အဝယ်အေးသဖြင့် တစ်ပိဿာ လက်ကားစျေး (၂၂၀၀-၂၄၀၀) ကျပ်ဖြင့် စျေးငြိမ်နေကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၄၀၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည်  တစ်အိတ် လျှင်(၉၅၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၃၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀ဝိ/)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၆၀ဝိ/-) ကျပ်၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊(လတ်)တစ်ပိဿာလျှင် (၂၃၀ဝိ/-)ကျပ်၊(အသေး)တစ်ပိဿာလျှင်(၂၁၀ဝိ/-)ကျပ် ၊ ကြက်သွန်ဖြူ လက်လီ(ဗမာ)တစ်ပိဿာ လျှင်(၈၀၀ဝိ/-)ကျပ်၊(ရှမ်း)တစ်ပိဿာလျှင်(၇၅၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင်(၂၈၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၆၅၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင်(၅၀ဝိ/-)ကျပ်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ်၊ဝက်သား တစ်ပိဿာလျှင်(၂၀၀၀ဝိ/-)ကျပ်၊အမဲသားတစ်ပိဿာလျှင်(၁၇၀၀ဝိ/-)ကျပ်၊ဆိတ်သား တစ်ပိဿာလျှင်(၂၄၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်း များဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀ဝိ/-)ကျပ် ၊ နှမ်းဆီသန့်တစ်ပိဿာလျှင်(၁၄၅၀ဝိ/-)ကျပ်၊ နေကြာဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)နှင့်စားဆီတစ်ပိဿာလျှင်(၆၈၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်မေလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ဧရာပဒေသာဆန်၊ မနောသုခဆန်၊ ကြက်သွန်ဖြူ၊ဂျင်း၊ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆီနှင့်CPကြက်သားဈေးနှုန်းများမြင့်တက်ခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကြက်သွန်ဖြူများစျေးကောင်းရရှိလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ခရိုင်အတွင်းတွင် ကြက်သွန်ဖြူစိုက်ဧက(၂၁၇)ဧကစိုက်ပျိုးထားရှိပြီး ဧပြီလကုန်ပိုင်းမှစ၍ အားလုံးရိတ်သိမ်းပြီးဖြစ် ပါသည်။ကြက်သွန်ဖြူ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအပါအဝင်(၁၂၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ မျိုးအနေဖြင့် ဗမာကြက်သွန်မျိုးများကိုသာ စိုက်ပျိုးကြပါသည် ။ တစ်ဧက ကြက်သွန်ဖြူစိုက်ပျိုးမှုမျိုးအနေဖြင့်ပိဿာ(၆၀)ခန့်ကုန်ကျကြောင်း၊ ကြက်သွန်ဖြူသည်ကြက်သွန်နီ ထက်(၁)လနောက်ကျပြီးမှထွက်ကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၅၀၀)ပိဿာခန့်ထွက်ရှိကြောင်း ၊ ပေါ်ဦးပေါ်စတွင် ဗမာကြက်သွန်ဖြူ (၁)ပိဿာလျှင်(၄၀၀၀/-)ကျပ်စျေးဖြင့် ရောင်းချရပြီး ယခုအချိန်တွင်(၈၀၀၀/-)ကျပ်စျေးဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ရှမ်းကြက်သွန်ဖြူအနေဖြင့် တစ်ပိဿာလျှင်(၇၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။အိမ်ရှင်မများအနေဖြင့် ကြက်သွန်ဖြူကို ရွေးချယ်အသုံးပြုရာတွင် ဗမာကြက်သွန်ဖြူကို ပို၍အသုံးများကြကြောင်း၊ ဗမာကြက်သွန်ဖြူမှာ အခွံပါး၍ပိုမိုမွှေးသောကြောင့် အသုံးများခြင်းဖြစ်ပါသည်။ကြက်သွန်ဖြူသည် အိမ်ရှင်မများ ချက်ပြုတ်ကြော်လှော်သောနေရာတွင် မပါမဖြစ်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ တောင်သူများအနေဖြင့် ယခင်နှစ်များထက် ကြက်သွန်ဖြူ စျေးနှုန်းကောင်းမွန်သောကြောင့်  အကျိုးအမြတ်များ ပိုမိုရရှိသဖြင့် ကြက်သွန်ဖြူသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

မိုးကြိုနေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်း

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နေကြာကို တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသော်လည်း မိုးကြိုနေကြာကို စဉ့်ကိုင်မြို့နယ်တွင်သာ စိုက်ပျိုးနိုင်ခဲ့ပါသည် ။ စိုက်ဧကအနေဖြင့် (၁၁၉၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးဧကအားလုံးရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည် ။ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၂၅-၃၅)တင်းအထိ ထွက်ရှိပြီး ကုန်ကျ စရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာ တစ်တင်းလျှင်(၁၈၀၀၀/-)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၉၀၀၀/-)ကျပ်ခန့်ရှိပြီး ယခုနှစ် တွင်နေကြာတစ်တင်းလျှင်(၃၄၀၀၀/-)ကျပ် ၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၅၈၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း သိရှိရပါသည်။နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်းသက်သာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများသီးထပ်သီးညှပ်အပြင်သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားအပ်ပါသည်။

DOCA(မန္တလေး)

 

“စပါးစိုက်တောင်သူများစတင်ပျိုးထောင်နေ”

    ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း စပါးကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ယခုဇွန်လတွင် မိုးစပါးရာသီအတွက် စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ပြီး ဧရာပဒေသာစပါးမျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ယခင်နှစ်ကစပါးမျိုး(၁)တင်းလျှင်(၂၀၀၀၀/-)ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ဧရာပဒေသာမျိုးစပါးတစ်တင်းလျှင်(၂၈၀၀၀-၃၀၀၀၀)ကျပ်အထိစျေးပေးဝယ်ယူရကြောင်း၊ တစ်ဧကစိုက်ပျိုးရန်အတွက် စပါးမျိုး(၂)တင်းပျိုးထောင်ရကြောင်း သိရှိရပါသည်။ ယခုအခါ စပါးများ ပျိုးထောင်ရန်အတွက် ဆည်မြောင်းဦးစီးဌာနမှ ဇွန်လ(၁၆)ရက်နေ့မှစတင်ပြီး ရေများပေးဝေပြီဖြစ်သည့်အတွက် တောင်သူများ စပါးပျိုးထောင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ၊ ပျိုးထောင်ရန်အတွက် ထယ်ရေးပြင်ရာတွင် နွားချေးနှင့်ဖွဲပြာအောက်ခံထားပြီး ပျိုးထောင်ပါက ပျိုးပင်ဖြစ်ထွန်းမှု အားကောင်းကြောင်း၊ပျိုးပင်တစ်လသားအကျော်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ကြောင်း သိရပါသည်။ တစ်ချို့တောင်သူအနည်းငယ်မှာ ပျိုးနှုတ် ၊ လယ်ထွန် ၊ ကောက်စိုက်စရိတ် သက်သာရန်အတွက် လယ်ကွက်ထဲတွင် တိုက်ရိုက်အစေ့ချ စိုက်ပျိုးကြကြောင်းလည်း သိရှိရပါသည် ။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးပြီး တစ်လကျော်အချိန်တွင် သမန်းနှိုးရပါသည်။သမန်းနှိုးသည့်အနေဖြင့် နွားထွန်ဖြင့် သမန်းနှိုးပြီး ဓါတ်မြေသြဇာထည့်သွင်းပတ်ကြဲပေးရပါသည်။တောင်သူအများစုမှာ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးသည့်စနစ်ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးထောင်စရိတ်အနေဖြင့် ထွန်ယက်မြေပြင်၊ မျိုးစပါး၊ လုပ်သားခ စုစုပေါင်း(၁၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း စပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

ဇွန်လ၊ တတိယအပတ်၌ ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

     ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ တတိယအပတ်အတွင်း နေ့စဉ် ကုန်ချိန်ပိဿာ(၆)သောင်းခန့်နှုန်းဖြင့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

   ယခု ဇွန်လ၊ တတိယအပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်)ကျပ်(၂၀၀၀)မှ ကျပ်(၁၉၃၅)၊ အလတ်စ ကျပ်(၁၉၀၀)မှ ကျပ်(၁၈၀၀)၊ အနိမ့်ဈေး ကျပ်(၁၇၀၀)မှ ကျပ်(၁၆၅၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇွန်လ၊ ဒုတိယအပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၇၅)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ထိပ်စ(ရှယ်)ကျပ်(၂၅)ဈေးတက်နေကာ အလတ်စနှင့်အသေးစမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရပါသည်။ ယခု ဇွန်လ၊ တတိယအပတ်အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ(၄)သိန်းခန့်၊ (၁၃၃၃၅)အိတ်၊ တန်ချိန်(၆၅၃)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

  ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၃၀၀)မှ ကျပ်(၁၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)         

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၁၀  ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း