ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဈေးကွက်တွင် ကြက်သွန်ဖြူဈေးအနည်းငယ်ကျဆင်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ပခုက္ကူ ဈေးကွက်သို့  ယောနယ်ဒေသနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံး အကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၆၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး)မျိုး တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၇၀၀၀)ဈေးရှိပြီး ယခင် ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ ကြက်ဥဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

    ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်ဥများ ဈေးအနည်း ငယ်ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀၊ ၄၀၀၀၊ ၄၂၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ယခင်ဇူလိုင်လ(ပထမပတ်) တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်လအတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။               

          ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ သကြားပြောင်းဖူးဈေး အနည်းငယ်ကျဆင်း

      သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် သကြားပြောင်းဖူး  ဈေးအနည်းကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။

            သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ပြောင်းဖူး အရွယ် အစား အကြီးအသေးနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကား ဈေး ကျပ်(၃၀၀-၂၅၀)၊ လက်လီဈေးတစ်ဖူးလျှင် ကျပ်(၃၅၀-၃၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၇၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ ယခင်ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက သကြားပြောင်းဖူးတစ်ဖူးလျှင် ကျပ်(၅၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသ တွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှုမရရှိသေး၍ အခြားမြို့နယ်များ ဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အား ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ကျွန်းစားတော်ပဲများဈေးဆက်လက်မြင့်တက်နေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော စားတော်ပဲများ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲဈေး တရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိ ရသည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် စားတော်ပဲဈေး တရိပ်ရိပ် ဆက် လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ပဲလက်ကျန်နည်းပြီး စားသုံးမှုဝယ်လိုအားမြင့်မားလျက်ရှိ၍ ဈေးမြင့်တက်ကြောင်း၊ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် (၂၀၅၀၀၀-၁၈၅၀၀၀) ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၆၅၀၀၀-၁၄၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၈၀၀၀၀-၁၆၀၀၀၀)၊ ယော စားတော်ပဲ တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀-၁၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍  ဈေးနှုန်း နှိုင်းယှဉ်ပါက (၁)လအတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ် (၂၅၀၀၀)ခန့်ဈေးတက်လာကြောင်း သိရှိရသည်။ တောင်သူများတွင် ပဲလက်ကျန်နည်းခြင်းဖြစ်၍ ကုန်သည်များမှ ဝယ်ယူသိုလှောင် ထားရှိသော ပဲများအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုး များသည် စားတော်ပဲသီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်းအပြင် လုပ်ငန်းရှင်များမှလည်း စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင် ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ပြည်တွင်းစားတော်ပဲ ဈေးကွက် စံချိန်တင်အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ မြေပဲဈေးဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မြေပဲဈေးဆက်လက် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မြေပဲများ ဝင်ရောက်ကြောင်း၊ ပြည်တွင်းဖြစ် မြေပဲဆီသန့် စားသုံး မှုမြင့်မားလျက်ရှိ၍ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံမှာ အရည်အသွေးနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။

    ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် မြေပဲအတောင့်(အခြောက်)တစ်ပိဿာလျှင် ကျပ်(၄၅၀၀ - ၄၀၀၀ - ၂၅၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၈၈၀၀-၈၅၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၈၉၀၀-၈၇၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၅၀၀-၇၀၀၀)၊ ဆုံမြေပဲဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ်(၄၃၀၀-၄၂၀၀)၊ စက်ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၄၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၄၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဆံဈေး ကျဆင်းအရောင်းအဝယ်ဖြစ်၍ မြေပဲဆီသန့်များလည်း ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ် လျက်ရှိရာ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၈၅၀၀-၁၇၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်းမြေပဲဆီစားသုံးမှု မြင့်မားလျက်ရှိ၍ ဆီစက်လုပ်ငန်း ရှင်များမှ  ဝယ်လိုအားကောင်းခြင်းကြောင့် ပခုက္ကူမြေပဲဈေးကွက် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ များ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက် ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ဈေးနှုန်းအနေဖြင့် (V2)တစ်တင်းလျှင် ကျပ်(၈၉၀၀၀-၈၈၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၉၀၀၀၀-၈၈၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ကုလားပဲ(929) တစ်တင်း လျှင် ကျပ်(၈၈၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ(၂၀)ဝင် အိတ်(၁၅၀၀ မှ ၁၇၀၀)ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်း ရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်းများလည်း တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသ တွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲ သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအား ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူ မြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မေလအတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃) သောင်းခန့်၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း ကြက်သွန်နီဈေး ကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် တောင်သူပေါက်ဈေး ကြက်သွန်နီအရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၁၀၀)မှ ကျပ်(၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၆၀၀)၊ လတ်ကြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၇၀၀- ၁၄၀၀- ၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လအတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၁၄၃)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုနည်း၍ ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်ဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဘားအံမြို့ပေါ်ရှိ ကြက်ဥ၊ဘဲဥ ဈေးနှုန်း

    ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင်  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းတွက်လျက်ရှိကြောင်း သိရသည်။

          ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟလျက်ရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင်(၄၀၀)ကျပ်၊ ဘဲဥ အလုံးကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ဘဲဥ အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်၊ဆားဘဲဥ တစ်လုံးလျှင်(၁၀၀၀)ကျပ်နှင့်ငုံးဥ တစ်လုံး(၁၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်းနှင့် ယခင်လနှင့်ယခုလတွင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ခဝဲသီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည်ရာသီစာ သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်နှင့်စီးပွားဖြစ်ပါစိုက်ပျိုးကြသည်။ ဒေသခံတောင်သူများသည် မိမိတို့၏စိုက်ခင်းမှထွက်ရှိသော  ခဝဲသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ လက်ကား/လက်လီ လာရောက် ရောင်းချကြပါသည်။ ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ခဝဲသီးသီးဈေးနှုန်း များမှာ ခဝဲသီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ခဝဲသီး လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် ခဝဲသီး အစည်းသေးတစ်စီးလျှင် (၁၀၀၀၊၁၅၀၀)ကျပ်နှုန်းတို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ်ဈေးရှိကျောက်ဖရုံသီးဈေးနှုန်း

     ကရင်ပြည်နယ် ၊ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် ကျောက်ဖရုံသီးကို တပိုင်တနိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးများရှိ ကျောက်ဖရုံသီးများသည် ဒေသထွက်ကျောက်ဖရုံသီးရှိသလို မိတ္ထီလာဘက်မှဝင်ရောက်လာသည့် ကျောက်ဖရုံသီးများလည်းရှိကြောင်း သိရသည်။

    ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသထွက်ကျောက်ဖရုံသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထားကာလာရောက်ရောင်းချကြသည်။ ကျောက်ဖရုံသီးသည် လူတို့၏ခန္ဓာကိုယ်ရှိ ရေဓာတ်ကို ထိန်းညှိပြီး ဆီးရွှင်စေရုံသာမက ဆီးကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ကျောက်ဖရုံသီး များကို ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိသည်။ ကျောက်ဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကျောက်ဖရုံသီး အလုံသေး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်(၁၀၀၀၊၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခင်လ ကျောက်ဖရုံသီးဈေးနှုန်းနှင့် ယခုလ ကျောက်ဖရုံသီးဈေးနှုန်းမှာ အနည်းငယ်မျှသာ ကွာဟမှုရှိပြီး ယခုလိုကွာဟရခြင်းမှာ မိုးရာသီ ဝါတွင်းကာလဖြစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း