ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်း ကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၈၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၂၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှ မြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​“ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးနှုန်းစျေးကွက်”

        မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေးတို့တွင် ရောင်းချလျှက်ရှိသည့် ကြက်ဥ၊ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းရှိ ကြက်ခြံ၊ ဘဲခြံနှင့်ငုံးခြံများမှ ဝယ်ယူရောင်းချလျှက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့ များမှလည်း ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ယခင်လတွင် ကြက်ဥ(၁)ပိဿာ လျှင် လက်ကားစျေး(၉၆၅၀/-)ကျပ် ၊ လက်လီစျေး(၉၉၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံး လျှင် အကြီး(၄၀၀/-)ကျပ်၊ အလတ်(၃၅၀/-)ကျပ်၊ အသေး(၃၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၆၀၀/-)ကျပ်၊အလတ်(၅၅၀/-)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၂၀၀/-)ကျပ်၊ငုံးဥအလုံး (၁၀၀) လျှင်(၈၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး  ယခုလတွင် ကြက်ဥ(၁)ပိဿာလျှင် လက်ကားစျေး (၁၀၅၀၀/-)ကျပ် ၊ လက်လီစျေး(၁၀၈၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၄၅၀-၅၀၀) ကျပ်၊ အလတ်(၄၀၀/-)ကျပ်၊ အသေး(၃၅၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ် ၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-) ကျပ် စျေးနှုန်းများများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ကြက်ဥနှင့်ငုံးဥစျေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လျှက်ရှိပြီး ဘဲဥစျေးနှုန်းမှာ ပြောင်းလဲမှုမရှိ ကြောင်း  ကြက်ဥ ၊ ဘဲဥနှင့်ငုံးဥ ရောင်းချသည့်ဆိုင် များမှသိရှိရပါသည်။

DOCA (မန္တလေး)

 

ကျွန်းလှမြို့နယ်၌ ပဲစဉ်းငုံဈေးနှုန်းကျဆင်းလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ ပထမပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင်(၇၉၅၀၀) ကျပ် ၊ပဲစဉ်းငုံဖြူ()တင်းလျှင် (၇၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံ()တင်းလျှင်(၁၅၀၀မှ ၂၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများ ကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“တိုင်ထောင်ပဲထောင့်ရှည်စိုက်ပျိုး မိသားစုဝင်ငွေတိုး”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း၌ရှိသော တောင်သူများသည် စပါးနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသော်လည်း ဝယ်လိုအားရှိပြီး နေ့စဉ်ဝင်ငွေရရှိရေး အတွက်  သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် တိုင်ထောင် ပဲထောင့်ရှည် စိုက်ပျိုးရောင်းချသူများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရှိ ရပါသည်။ ပဲထောင့်ရှည်စိုက်ပျိုးမှုအနေဖြင့် တိုင်ထောင်ဝါး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲထောင့်ရှည် မျိုးအနေဖြင့် အစိမ်းရောင်မျိုး၊ ကတီပါရောင်ဟူ၍ နှစ်မျိုးရှိရာ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်မျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်သောကြောင့် ရာသီ မရွေး၊ အချိန်မရွေးစိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၆၀၀)ပိဿာခန့် ထွက်ရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၃၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ပဲထောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးအနေဖြင့် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ် သွင်းရပြီး၊ လက်လီရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ နေ့စဉ်ခူးဆွတ်ပြီး ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ပဲထောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရပါသည်။

DOCA (မန္တလေး)

 

 

ဆီထွက်သီးနှံ နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဩဂုတ်လ ဒုတိယပတ်အတွင်း နေကြာ()တင်းလျှင် (၅၇၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၃၄၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိရာ ယခုပတ်အတွင်း နေကြာသီးနှံ ဈေးနှုန်းမြင့်တက်လာသော်လည်း နှမ်းနက်နှင့်နှမ်းဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းသွား ကြောင်းဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှု

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (..၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၉၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၅၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၅၀၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၉၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၆၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၄၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၅၅ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၅၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင် (၄၄၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသော ကြောင့် မြေနေရာသီးသန့်မလိုကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

“ဝင်ငွေတိုးတက် ဂေါရခါး အသီး၊အရွက်”

          ပြင်ဦးလွင်မြို့သည် ဥယျာဉ်ခြံမြေနှင့်နှစ်ရှည်သီးနှံ ပန်းမာလ်များ အများဆုံးစိုက်ပျိုးနိုင်တဲ့ မြို့လေးဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့် ဥယျာဉ်ခြံမြေများတွင် ဂေါရခါးညွန့်နှင့်ဂေါရခါးသီးများကို အိမ်တိုင်း၊ခြံတိုင်တွင် ဝင်လိုက်တာနှင့်တွေ့မြင်ရမှာဖြစ်ပါသည်။ အိမ်အတွက် မီးဖိုချောင်စရိတ်ကာမိ သလိုသန့်ရှင်းလတ်ဆက် အသီးအရွက်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားရပြီး ပိုလျှံလျှင်လည်း ပြန်လည်ရောင်းချနိုင်ပြီး မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိကြလို့ နှစ်စဉ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ဂေါရခါးသီးကို စင်တင်စိုက်ပျိုးကြပြီး ဂေါရခါးအညွန့်ကို မြေပြင်တွင်စိုက်ပျိုးပြီး အညွန့်ထွက်ချိန် ၁ ပေ လောက်တွင် ဖြတ်ယူပြီး ဈေးကွက်အတွင်းရောင်းချကြပါသည်။ ဈေးနှုန်း ဈေးကွက်အနေဖြင့် ပွဲရုံဖြတ်ဈေး အညွန့်(၁)ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ဂေါရခါးသီး(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ၊ လက်လီရောင်းဈေး အညွန့်(၁)ပိဿာလျှင်(၄၀၀၀-၄၂၀၀)ကျပ် ၊ ဂေါရခါးသီး (၁)ပိဿာလျှင်(၄၂၀၀-၄၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။

DOCA (မန္တလေး)

ကျွန်းလှမြို့နယ်၌ ကုလားပဲဈေးနှုန်း အနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၄၅၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင် (၇၇၅၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၁၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၈၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်ပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၂၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၂၀၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် (V7)(၁)တင်း လျှင်(၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကျွန်းလှမြို့ နယ်မှထွက်ရှိသော ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

“ပြင်ဦးလွင်မြို့နယ်၏ဝိုင်ထုတ်လုပ်မှုအခြေအနေနှင့်ဈေးနှုန်းဈေးကွက်”

      ပြင်ဦးလွင်မြို့နယ်တွင် ဝိုင်လုပ်ငန်းရှင်ဦးရေ(၁၆)ဦးလုပ်ကိုင်လျှက်ရှိပြီး ထုတ်ကုန်များမှာ မက်မန်းဝိုင်၊စတော်ဘယ်ရီဝိုင်၊နာနတ်ဝိုင်၊စပျစ်ဝိုင်၊ဂျင်းဝိုင်၊ပိုးစာဝိုင် နှင့် ပင်မှည့်ဝိုင်တို့ကို ထုတ်လုပ် ၍စျေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ ဝိုင်အမျိုးအစားအလိုက် အရည်အသွေးနှင့်ထုတ်ပိုးမှု အရ မက်မန်းဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် လက်ရှိရောင်းစျေးနှုန်းမှာ (၈၀၀၀-၁၆၀၀၀)ကျပ် ၊ စတော်ဘယ်ရီဝိုင်(၀.၇၅)ပုလင်းတစ်လုံးလျှင်(၇၀၀၀-၁၅၀၀၀)ကျပ်၊ နာနတ်ဝိုင်(၀.၇၅)ပုလင်းတစ်လုံး လျှင်(၇၀၀၀-၁၅၀၀၀)ကျပ်  ၊ စပျစ်ဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၅၀၀)ကျပ် ၊ ဂျင်းဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၇၀၀၀-၁၅၀၀၀)ကျပ် ၊ ပိုးစာဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၅၀၀)ကျပ်နှင့်ပင်မှည့်ဝိုင်(၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၀၀၀)ကျပ်ဖြင့် စျေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ဝိုင်လုပ်ငန်းသည် အခြားလုပ်ငန်းများကဲ့သို့ရက်အနည်းငယ်ဖြင့်ထုတ်လုပ်၍ မရဘဲ အနည်းဆုံး စတင်ဝိုင်စိမ်သည့်အချိန်မှစတင်၍ တစ်နှစ်ကြာမြင့်မှသာ စတင်ထုတ်ယူရခြင်း ဖြစ်ပါသည်။နှစ်ကြာလေ အရည်အသွေးပိုကောင်းလေဖြစ်ပါသည်။ ဝိုင်ဈေးကွက်အနေဖြင့် ပြည်တွင်း ဈေးကွက်ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပြီး ပြင်ဦးလွင်မြို့နယ်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား အပြန်ခရီးအတွက် လက်ဆောင်ပစ္စည်းအနေဖြင့် တွင်ကျယ်စွာရောင်းဝယ်လျှက်ရှိပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း