ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားဖိုဆောင်သီးနှံ ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနိုင်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုရေတိုဝင်ငွေရရှိစေရန်အတွက် ဈေးကွက်ခိုင်မာပြီး နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ရုံးပတီသီးကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ရုံးပတီသီးစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်သက်သာခြင်း၊ ပြုစုဂရုစိုက်ရလွယ်ကူခြင်းနှင့် ရာသီမရွေးစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံတောင်သူများအကြား ရေပန်းစားသော သီးနှံတစ်မျိုးဖြစ်သည်။ ရုံးပတီသီးကို ပုံမှန်အားဖြင့် တန်းကြား ၂ ပေခွဲ၊ ပင်ကြား ၁ ပေခွဲခန့် ထားရှိစိုက်ပျိုးကြပြီး စိုက်ပျိုးမှုစနစ်အပေါ်မူတည်၍ တစ်ဧကလျှင် ပျှမ်းမျှအပင်အရေအတွက် ၈၀၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးနိုင်ကြောင်း၊ မျိုးစေ့ဖိုး၊ မြေပြင်ခ၊ သဘာဝမြေဩဇာနှင့် သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်ကျပ် ၅ သိန်းမှ ၇သိန်းဝန်းကျင်ခန့် ကုန်ကျသဖြင့် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးစရိတ်သက်သာသော သီးနှံဖြစ်ကြောင်း သိရသည်။

          ရုံးပတီသီးသည် စိုက်ပျိုးပြီး ရက်ပေါင်း ၄၅ ရက်မှ ၅၀ အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး နှစ်ရက်ခြားတစ်ကြိမ် ပုံမှန်ဆွတ်ခူးရောင်းချရသည်။ ပြုစုပျိုးထောင်မှု ကောင်းမွန်ပါက တစ်ဧကလျှင် ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀ကျော်ထိ ထွက်ရှိနိုင်ကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကလျှင် အသားတင်အကျိုးအမြတ် ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်ကျင်အထိ ရရှိနိုင်ကြောင်း သိရသည်။ "ရုံးပတီသီးက အရင်းအနှီးနည်းနည်းနဲ့ စိုက်လို့ရတဲ့အပြင် စောစောလည်း ဆွတ်ခူးရောင်းချရတယ်။ နှစ်ရက်တစ်ခါ နေ့တိုင်းလိုလို ပိုက်ဆံဝင်နေတော့ မိသားစုစားဝတ်နေရေးအတွက် တကယ့်ကို အထောက်အကူပြုတဲ့ သီးနှံပါပဲ" ဟု ကန့်ဘလူမြို့နယ်မှ ရုံးပတီသီးစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ အကျိုးအမြတ်ရရှိနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရာသီမရွေး ဈေးကွက်ဝင်ပြီး စားသုံးမှုများပြားသည့် ခရမ်းစိုက်ပျိုးခြင်းကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြရာ ယခုနှစ်တွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေတိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          ခရမ်းစိုက်ပျိုးရာတွင် ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို အဓိကထား ရွေးချယ်စိုက်ပျိုးကြသည်။ ခရမ်းကို ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ကန့်ဘလူဒေသတွင် ဆောင်းစိုက်နှင့် မိုးကြိုစိုက်အဖြစ် အများဆုံးစိုက်ပျိုးကြသည်။ အတန်းလိုက် စနစ်တကျ စိုက်ပျိုးပါက တစ်ဧကလျှင် ခရမ်းပင်အနည်းဆုံး (၂၅၀၀) မှ (၃၅၀၀) ဝန်းကျင်အထိ ဝင်ဆံ့ စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ခရမ်းစိုက်ပျိုးထုတ်လုပ်မှုတွင် တစ်ဧကလျှင် မျိုးစေ့ဖိုး၊ မြေပြုပြင်ခိုင်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးနှင့် လုပ်အားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ် (၁၅) သိန်းမှ (၂၀) သိန်းဝန်းကျင် ထိရှိသည်။ စိုက်ပျိုးပြီးနောက် အစိုဓာတ်မပြတ်စေရန် ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ခြင်းတို့ကို စနစ်တကျ ဂရုစိုက်ပြုစုရကြောင်း သိရသည်။

         ခရမ်းပင်များသည် ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၆၀) မှ (၇၅) ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး အပင်သက်တမ်း () လမှ () လအထိ ရေရှည်ခူးဆွတ်ရောင်းချနိုင်သည်။ ကန့်ဘလူဒေသ ခရမ်းစိုက်ခင်းများ၏ အထွက်နှုန်းမှာ ပုံမှန်အားဖြင့် တစ်ဧကလျှင် ပိဿာချိန် (၅၀၀၀) မှ (၇၀၀၀) ကျော်အထိ ထွက်ရှိကြောင်း တောင်သူများထံမှ သိရသည်။ လက်ရှိ ကန့်ဘလူဒေသတွင်းတွင် ခရမ်းသီးတစ်ပိဿာလျှင် အရည်အသွေးအလိုက် လက္ကားစျေး ကျပ် ၆၀၀ မှ ၈၀၀ ဝန်းကျင်အထိ ရရှိနေသဖြင့် အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းကျော် အထိရရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

         ကန့်ဘလူမြို့နယ်ထွက် ခရမ်းသီးများသည် အခြားဒေသမှဝင်ရောက်လာသော ခရမ်းသီးများထက် ပိုမိုလတ်ဆတ်ပြီး စျေးနှုန်းချိုသာသဖြင့် ဒေသတွင်းစားသုံးသူများနှင့် ကုန်သည်များအကြား ရေပန်းစားလျက်ရှိရာ ခရမ်းစိုက်ပျိုးခြင်းသည် ဒေသခံတောင်သူများအတွက် စီးပွားရေးအရ အားကိုးရသည့် သီးနှံတစ်မျိုးဖြစ်လာနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ အသေးစားဝေဖာလုပ်ငန်း

        မိတ္ထီလာမြို့နယ်၌ လူမှု့ဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် အသေးစားစက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြသည့်အနက် မိတ္ထီလာ  စက်မှုဇုန်၌ မြင့်မြင့်ကြည်ဝေဖာစားသောက်ကုန်လုပ်ငန်းမှ ဝေဖာမုန့်များ ထုတ်လုပ်လျက်ရှိပါသည်။

     အဆိုပါဝေဖာလုပ်ငန်းမှ လိုအပ်သောကုန်ကြမ်းဆန်ဆလပ်များကို မိတ္ထီလာမြို့ ဆန်ပွဲရုံများမှ ဝယ်ယူထုတ်လုပ်လျက်ရှိကြောင်း၊ ၎င်းဝေဖာလုပ်ငန်းတွင် လုပ်သား(၄)ဦီးဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိပြီး ဝေဖာမုန့်ကို အနံအရသာမျိုးစုံမထည့်မီအဆင့်ကို ကလေးများစာချင့်စဖွယ် ပုံစံမျိုးစုံ ဖြင့် ထုတ်လုပ်လျက်ရှိပါသည်။

        ထုတ်လုပ်မှုအနေဖြင့် ဝေဖာကိုအနံအရသာမျိုးစုံမထည့်မီအဆင့်သာ ထုတ်လုပ်ပြီး ပြန်လည် ရောင်းချသူများမှ မိမိကြိုက်နှစ်သက်သည့် ချောကလပ်၊ စားတော်ပဲသီ၊နို့၊မြေပဲ စသည့် အနံအရသာ ကိုထည့်သွင်းပြီး ဈေးကွက်ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်းသိရပါသည်။ တစ်လလျှင် ကုန်ကြမ်း ဆန်ဆလပ်အိတ်(၁၀၀)ကုန်ပြီး ဆန်တစ်အိတ်လျှင် ကုန်ချော(၂၇)ပိဿာထွက်ရှိကြေင်း၊ ဈေးနှုန်းအနေဖြင့် ကုန်ချောတစ်ပိဿာလျှင်လက်ကားဈေး (၄၀၀၀)ကျပ်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ ညောင်လေး ပင်မြို့များသို့တင်ပို့ရောင်းချလျက်ရှိပါသည်။

    သွင်းကုန်အစားထိုး အသေးစားစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာ အဆိုပါ လုပ်ငန်း များအား တိုးမြင့်ထုတ်လုပ်နိုင် ရေးတွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုက်ရ ပါသည်။

DOCA(မန္တလေး)     

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်အခြေအနေ

              မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲ များကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များမှလည်း ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းထွက် ရှိမှုမရှိ၍ ပဲနီလေးနှင့်စားတော်ပဲကို မန္တလေးမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

                မိတ္ထီလာဈေးကွက်၌ ဇွန်လ ပထမပတ်တွင် ပဲလွန်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲ ပဲနီလေး၊စားတော်ပဲ၊ကုလားပဲခြမ်းဈေးနှုန်းများမှာ ပဲလွန်းပြာတစ်တင်းလျှင်(၆၅၀၀၀)ကျပ် ၊ ပဲလွမ်း ပြာတစ်ပြည်လျှင် (၄၅၀၀) ကျပ်၊ ပဲလိပ်ပြာ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲကြားတစ်တင်း လျှင် (၆၅၀၀၀) ကျပ်၊ ပဲကြားတစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ စွန်တာနီပဲတစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်၊ တစ် ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင်(၉၀၀၀)ကျပ် ၊ကုလားပဲခြမ်းတစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့်စားတော်ပဲတစ်တင်းလျှင်(၁၇၅၀၀၀)ကျပ်၊တစ်ပြည်လျှင်(၉၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲ၊ ပဲနီလေး၊ ကုလားပဲခြမ်းများမှာအရောင်းအဝယ်အေးသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ စားတော်ပဲတစ်တင်း လျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာ ရခြင်းမှာ ဈေးကွက် အဝင်နည်းလာခြင်းကြောင်ဖြစ်သည်ဟုသိရှိရပါသည်။

         ပဲလွန်းပြာ၊စားတော်ပဲ၊ စွန်တာနီပဲကို ပဲပြုတ်လုပ်ငန်း၊ မုန့်လုပ်ငန်းများ၊ ပဲလိပ်ပြာနှင့် ပဲကြား ကို ပဲလှော်လုပ်ငန်း ပဲကြော်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြောင်းသိရပါသည်။

DOCA(မန္တလေး)     

“ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

                       မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် တစ်ခု အပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊သရက်နှင့် ငှက်ပျောစသည့်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ငှက်ပျော သီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ငှက်ပျောစိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၇၅၀)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၀၈၁)ဧက၊ စုစုပေါင်း (၃၁၁၃)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း ၊ ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင် အပင်(၈၀၀) စိုက်ပျိုးရကြောင်း ၊ တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာစိုက်ပျိုးရပြီး(၉-၁၀)လအကြာတွင် ငှက်ပျောဖူးများစတင် ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ ကျောက်ဆည် ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင် ခန့်ကုန်ကျကြောင်း သိရှိရပါသည် ။ ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီး လျှင် (၄၅၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၂၅၀၀/-)ကျပ်၊လက်ဖျား(၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် သိန်း(၇၀) ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည် မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ စျေးကွက် အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့လည်း ရောင်းချ လျှက်ရှိပါကြောင်း၊ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ စဉ်ဆက်မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များပြုလုပ်မှု နေ့စဉ်များပြားပြီး အခါကြီးရက်ကောင်းရက်မြတ်များတွင် ပိုမိုများပြားသဖြင့် ငှက်ပျောသီး ရောင်းအားအလွန်ကောင်းမွန်လျှက်ရှိပါကြောင်း၊ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်း ငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သဖြင့် စီးပွားဖြစ်စိုက်ပျိုး လာကြကြောင်း၊ ငှက်ပျောပင် စိုက်ပျိုးရာတွင် (၁)နှစ်နီးပါးအချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်းဝင်အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောပင် ပေါက်က‌လေးများပါ ရောင်းချရသည့်အတွက် တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖီးကြမ်းငှက်ပျော မျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)         

“ ပြောင်းဖူးစိုက်ပျိုးမှုနှင့်ဈေးနှုန်းအခြေအနေ”

                 မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက်ပြောင်းဖူးသီးနှံကိုလည်းစီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ပြောင်းဖူး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည် မြို့နယ်တွင်(၄၁၃၇)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၅၂၁)ဧက၊မြစ်သားမြို့နယ်တွင်(၃၂၀၀)ဧက၊စုစုပေါင်း (၇၈၅၈)ဧကစိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ဆောင်းပြောင်းဖူးများ အားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊(၁)ဧက စိုက်ပျိုမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်အထိကုန်ကျကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့်ပြောင်းဖူး စုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ပြောင်းဖူးဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား (၃၀၀)ကျပ်၊လက်လီ(၅၀၀/-)ကျပ်၊ပြောင်းဖူးပြုတ်တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်း ဝယ်လျက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက် ကြောင်း၊အိမ်ရှင်မ များမှပြောင်းဖူးကို သရေစာအဖြစ်စားသုံးကြသလို ပြောင်းဖူးကြော်၊ပြောင်းဖူးသုပ် ၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကိုပွဲစားများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ တဆင့် ရန်ကုန် ၊ မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၈၅၀၀၀၀/)ကျပ်ခန့် မြတ်ကြောင်း၊ ပြောင်းဖူး စိုက်‌ပျိုးသော တောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ 

DOCA(မန္တလေး)         

 

“ပဲစဉ်းငုံစျေးနှုန်းအနည်းငယ်မြင့်တက်”

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၄၅၈)ဧက ၊ မြစ်သား မြို့နယ်တွင် (၃၀၂)ဧက၊ စုစု‌ပေါင်း (၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်ငုံများအာလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း၊စျေးနှုန်းအနေဖြင့် မေလနောက်ဆုံးအပတ်တွင် တစ်တင်းလျှင် (၉၀၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်တင်းလျှင် (၉၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း ၊ ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀၀/)ကျပ်ကျော်မြတ်ခဲ့ကြောင်း ၊ ပဲစဉ်းငုံစိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှသိရှိရပါသည်။

 DOCA(မန္တလေး)         

“ခရမ်းသီးစျေးနှုန်းစျေးကွက်”

                   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း၊ ခရမ်းသီးနှံကို ကျောက်ဆည်မြို့နယ် သံချပ်ကုန်း၊ရွာပုလဲနှင့်အုတ်ဖိုကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် ခရမ်းသီး အလုံးသေးမျိုးနှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည် ။ ခရမ်းပင် စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး(၂-၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊(၄)ရက် ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာ ကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအတွင် (၁၀၀၀၀၀၀/-) ကျပ်ကုန်ကျကြောင်း၊စတင်ခူးဆွတ်ချိန်မှဖျက်သိမ်းချိန်အထိခရမ်းသီးထွက်ရှိမှုစုစုပေါင်း(၉၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့်(၃၅၀၀/-) ကျပ်၊ လက်လီ‌တစ်ပိဿာလျှင်(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ခရမ်းသီးကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

 DOCA(မန္တလေး)         

“ရုံးပတီသီးစျေးနှုန်းများမြင့်တက်လျက်ရှိ”

                မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုး လာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ရုံးပတီသီးကို သံချပ်ကုန်း၊ အုတ်ဖို နှင့် ရွာပုလဲကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုး နှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း ၊ ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက်ဈေးနှုန်း အတက်အကျရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့်(၈၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့ လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေးနှင့် အေးမြကြည်လင် ဈေးများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ရုံးပတီသီးစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။   DOCA(မန္တလေး)                                                                          

“တိုင်ထောင်ပဲတောင့်ရှည်ဈေးနှုန်းများအနည်းငယ်မြင့်တက်”

              မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ ပဲ၊ ပြောင်း ၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် တိုင်ထောင်ပဲတောင့်ရှည်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ တိုင်ထောင်ပဲတောင့်ရှည် သီးနှံကို မျိုးအနေဖြင့် အစိမ်းရောင် နှင့် ကတ္တီပါရောင်ဟူ၍ (၂)မျိုးရှိရာ အစိမ်းရောင်မျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း ၊ တိုင်ထောင်ပဲတောင့်ရှည်သီးနှံသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်ကြောင်း (၁)ဧကကုန်ကျ စရိတ်အနေဖြင့် တိုင်ထောင် ဝါး ၊ မျိုး ၊ သွင်းအားစုနှင့်လုပ်သားခ အပါအဝင်စုစုပေါင်း (၆၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ‌(၂၆၀) ခန့်ထွက်ရှိကြောင်း ၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်၊ လက်လီဈေး (၈၀၀၀/-) ကျပ်  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ခူးဆွတ်ရာတွင် (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ် အနေဖြင့် (၉၀၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း