ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ရှမ်းပြည်ထွက် ကန်စွန်းဥ နှင့် ပဲမြစ်စျေးနှုန်း

              တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်‌ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် ကန်စွန်းဥနှင့် ပဲမြစ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

              ပဲမြစ်ကို ပြုတ်၍ ဆီဆမ်းပြီး သားရေစာအဖြစ် စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။ ပဲမြစ်အကြီး၊ အသေး ပေါ်မူတည်၍ (၁)ပိဿာလျှင် ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချကြောင်း ဈေးသည်များထံမှ သိရပါသည်။

              ကန်စွန်းဥကို ပြုတ်၍သော်လည်းကောင်း ၊မီးဖုတ်၍သော်လည်းကောင်း၊ အခြောက်လှန်းပြီး ဆီနှင့်ကြော်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ကန်စွန်းဥကို ပြုတ်၍ ဆီဆမ်းပြီး သားရေစာ အဖြစ် စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။

              ကန်စွန်းဥတွင် ရွှေဝါနှင့် ငချိပ်ဟူ၍ (၂)မျိုးရှိသော်လည်း ယခုအခါ ရွှေဝါကန်စွန်းဥ (၁)မျိုး တည်းသာ ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ‌ရောင်းချပါကြောင်း ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ငရုတ်သီးစိမ်းများစျေးကွက်

           တောင်ငူမြို့အနီးတဝိုက်ကျေးရွာများရှိ စိုက်ပျိုး‌ရေးလုပ်ကိုင်သော ရွာအများစုသည် သခွား၊ ပြောင်း၊ ဘူးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ ပဲအမျိုးမျိုး နှင့် ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ငရုတ်ကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည်။

          ငရုတ်သီးစိမ်းများကို တစ်လလျှင် (၂)ကြိမ်ခူးယူရပြီး မှည့်နေသော ငရုတ်သီးများကို အခြောက်လှန်းကာ ပွဲရုံများသို့ လက်လီလက်ကား ရောင်းချလျက် ရှိပါသည်။ ငရုတ်သီးကို ကုလားအော်၊ မိုးထောင်သီး နှင့် ကျောက်စိမ်းသီး ဟူ၍ (၃)မျိုး ရှိပါသည်။

          တောင်ငူမြို့ ဝါးတီးကျေးရွာအုပ်စုရှိ ငရုတ်ခင်းပိုင်ရှင်များက ငရုတ်သီးစိမ်း(ကုလားအော်သီး) တစ်ပိဿာ လျှင် ၉၀၀၀ ကျပ်ဖြင့် ‌ရောင်းချပြီး၊ မိုးထောင်သီး တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှင့်၊ ကျောက်စိမ်းသီး တစ်ပိဿာ လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

          ငရုတ်သီးသည် အသုပ်အမျိုးမျိုးပြုလုပ်ရာတွင် အစို (သို့မဟုတ်) အခြောက်ပါ မပါမဖြစ် အသုံးပြုရပြီး လူငယ် အများစုကြိုက်နှစ်သက်သည့်အတွက် ရောင်းအားကောင်းကြောင်း ငရုတ်ပိုင်ရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

           တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ) အမှတ်တံဆိပ် ဘိလပ်မြေမှာ ‌ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၆၀၀၀/-ကျပ်ရှိရာမှ မတ်လတွင် တစ်အိတ်လျှင် ၁၇၀၀၀/- ကျပ်ဖြစ်ပြီး တစ်အိတ်လျှင် (၉၀၀၀/-)ကျပ်အထိဈေးနှုန်း ကျဆင်းပါသည်။

          Alpha နှင့် Apache အမှတ်တံဆိပ်ဘိလပ်မြေများမှာ ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၃၀၀၀/-ကျပ်ရှိရာမှ မတ်လအတွင်း ၁၆၅၀၀/-ကျပ်ဖြစ်ပြီး တစ်အိတ်လျှင် (၆၅၀၀/-)ကျပ် ဈေးနှုန်းကျသွား ပါသည်။

          Max အမှတ်တံဆိပ်ဘိလပ်မြေမှာ ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၁၀၀၀/- ကျပ်ရှိရာမှ မတ်လ အတွင်း ၁၆၀၀၀/-ကျပ် ဖြင့်ရောင်းချပြီး  တစ်အိတ်လျှင် ၅၀၀၀/-ကျပ်ဈေးနှုန်း ကျဆင်းပြီး ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြသောကြောင့် ရောင်းအား ပိုကောင်းကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

ကြံ နှင့် သကြားဈေးအနည်းငယ်ကျဆင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြံကြိတ်ရာသီ ကုန်ဆုံးတော့မည်ဖြစ်၍ ယခင်လများက ရွှေညောင်မြို့နယ်ရှိ မြဘုရင်သကြားစက်ရုံမှ စက်ရုံအရောက် ကြံတစ်တန်လျှင် ( ၂၀၀၀၀၀/-)နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုလတွင်တော့  ကြံဝယ်ယူမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့်  ဒေသတွင်း တစ်ပိုင်တစ်နိုင် စက်ရုံငယ်များမှာတော့ ကြံလက်ကျန်များအား တစ်တန်လျှင် (၁၅၀၀၀၀/- မှ ၁၈၀၀၀၀/-)ဈေးဖြင့် ဝယ်ယူ လျက်ကြောင်း သိရှိရပါသည်။

ယခင်လတွင် သကြား တစ်ပိဿာ(၅၀၀၀/-) နှင့် သကာရည် ၁ပေပါလျှင်( ၂၈၀၀၀၀/-) ဈေးရရှိ သော်လည်း ယခုလတွင် သကြား တစ်ပိဿာ(၄၈၀၀/-) နှင့် သကာရည်  ၁ ပေပါလျှင် ( ၂၅၀၀၀၀/-) ဈေးရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကြံသကာ တစ်ပိဿာ(၄၀၀၀/-)၊ တင်လဲရည် တစ်ပိဿာ(၉၀၀/-)ဖြင့် ဈေးတည်ငြိမ်နေကြောင်း နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့် သကြားများကို  ရန်ကုန်မြို့သို့လည်းကောင်း၊ ကြံသကာများကို မိတ္ထီလာမြို့သို့လည်းကောင်း အများဆုံးတင်ပို့ရောင်းချလျက်

ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ပဲဈေးအတက်အကျရှိ

           တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်း ပဲသစ်များပေါ်နေပြီဖြစ်ရာ ယခင်အပတ်က မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ် လျှင် ၁၄၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၃၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

          ပဲတီစိမ်းမှာ ယခင်အပတ်က (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၅၉၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၉၀၀၀ ကျပ် ဈေးတက်ပါသည်။ ပဲလွန်းဖြူမှာ ဖြူးမြို့နယ်တွင် အရောင်းအဝယ်မရှိကြောင်း ဖြူးမြို့ ရွှေခြင်္သေ့မင်းပွဲရုံ မှ သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မှ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ

           တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ် ရှိရာမှ ယခုလ တွင် ၁၅၀၀၀၀၀ ကျပ် ဖြစ်ပြီး ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

          ယခင်လက ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ဆန်ကွဲကြီးတစ်အိတ် လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။ ဖွဲနုမှာ ယခင်လက ၂၂၅၀၀ ကျပ်မှ ယခုလတွင် ၂၄၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၅၀၀ ကျပ် ဈေးတက်ပါသည်။

          တောင်သူလယ်သမားအများစုမှာ စပါးကိုပွဲစားများထံသို့တိုက်ရိုက်ရောင်းချပြီး တောင်သူအချို့မှာ စပါးကိုစက်အရောက်သယ်ယူ၍ ကြိတ်ခွဲပြီးမှ ထွက်ရှိလာသော ဆန်နှင့်ဆန်ထွက် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ပိုရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇလွန်မြို့၏ ထိုင်းကျောက်စိမ်းပန်း စိုက်ပျိုး‌ရောင်းဝယ်မှု

       ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ထိုင်းကျောက်စိမ်းပန်းကို ရာသီချိန်ဘုရားပန်းအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသူဦးမြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းရာတွင် ထိုင်း ကျောက် စိမ်းစိုက်ပျိုးရာတွင် ပန်းမျိုးကို တောင်ကြီးမြို့မှ မျိုးတစ်ပင်လျှင် ၂၀/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုး ကြောင်း သိရှိရပါသည်။ တိုကျောက်စိမ်းပန်းစိုက်ပျိုးရာတွင် ပျိုးပင်များကို ၁၅ ရက်ကြာ ပြန်လည် ပြုစုရပြီး၊ အပင်သန် ကြီးထွားမှုပေါ် မူတည်၍ တစ်ပင်နှင့် တစ်ပင်ကြား (၆ လက်မ)ခြားကာ စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အညွှန့်များဖြတ်ပြီးနောက် မီးအလင်းရောင် (၁)လ ထွန်းကာ ပန်းပင်များ ကြီးထွားစေရေး၊ အပွင့်လှပရေးနှင့် ပိုးမွှားများ ကျရောက်မှုမရှိစေရေး ပြုစုထိန်းသိမ်းရပါသည်။  ကုန်ကျစရိတ်အနေဖြင့် ဒဿမ ၂၀ ဧကတွင် အပင်ရေ ၅၀၀၀ စိုက်ပျိုးထား ပြီး ၁၀၀၀၀၀၀/- ကျပ် ကုန်ကျကြောင်းသိရှိရပါသည်။ မိုးရာသီကာလတွင် စိုက်ပျိုးပါက အပင်သက် တမ်း(၄)လအကြာတွင် အပွင့်များပွင့်ကာ ခူးဆွတ်နိုင်ပြီး ယခုနှစ် နွေဦးကာလအမှီ စိုက်ပျိုးသော အပင်များမှာ သက်တမ်း(၅)လခွဲ ကြာမြင့်ကြောင်း သိရှိရပါသည်။ ယခုအခါ စတင်ခူးဆွတ်သော ပန်း များကို  တစ်စီးလျှင် ၂၀၀၀/- ကျပ်ဖြင့် ရောင်းချရပြီး ၁၅ ရက်ခြား တစ်ကြိမ်ခူးဆွတ်ကာ  ဒေသတွင်း နှင့် အခြားမြို့နယ်များမှ ခြံတိုက်ရိုက်လက္ကား ဝယ်ယူကြောင်း၊ ယခုအခါ ပန်းများ စတင်ခူးဆွတ်နေပြီး ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း စိုက်ပျိုးသူဦးမြင့်ဇော်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း မတ်လ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ မတ်ပဲ(စာပါးစပ်)အမျိုးအစား တစ်တင်းလျှင် ၉၄၅၀၀/- ကျပ်၊ မတ်ပဲ TBL9 အမျိုးအစား တစ်တင်းလျှင် ၉၃၅၀၀/- ကျပ်၊ ပဲတီစိမ်း(စီပြောင်) တစ်တင်းလျှင် ၁၀၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)တစ်တင်းလျှင် ၁၁၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(နီ) တစ်တင်းလျှင် ၁၂၃၀၀၀/- ကျပ်၊ ပဲလွမ်း(ဖြူ)တစ်တင်းလျှင် ၇၂၅၀၀/-ကျပ်၊ ပဲလွမ်းနီ တစ်တင်းလျှင် ၇၃၀၀၀/- ကျပ်၊ ပဲပုတ် တစ်တင်းလျှင် ၁၂၂၀၀၀/-ကျပ်နှင့် ဘိုကိတ်ပဲတစ်တင်းလျှင် ၇၂၅၀၀/- ကျပ် ဈေးနှုန်းတို့ဖြင့် ဟင်္သာတဈးကွက်သို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခင်လနှင့် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက မတ်ပဲနှင့်ပဲလွမ်းနီ ဈေးနှုန်းမှာ  အနည်းငယ်မြင့်တက်လာပြီး ကျန်ပဲအမျိုးအစားများမှာ ဈေးအနည်းငယ် ကျဆင်းလာကြောင်း  အင်္ဂပူမြို့နယ်တွင်း ဒေသခံ ကုန်သည်များနှင့် အဝယ်ဒိုင်များမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်၏ မတ်ပဲအသစ် ထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး  (၆၆၁၅၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ဇလွန်မြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၉ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၄ တင်းခန့်ရှိပါသည်။ မတ်ပဲစတင်စိုက်ပျိုးသော ကာလများတွင် မိုးရွာသွန်းမှုကြောင့် တချို့သော အပင်များပျက်စီးဆုံးရှုံးခြင်း၊ စိုက်ပျိုးမှုနောက်ကျ ခြင်းကြောင့် ဖြစ်ထွန်းမှု နည်းပါးခြင်း စသည့်အခြေအနေများကြောင့် ယခုနှစ်မတ်ပဲထွက်ရှိနှုန်းမှာ ယခင်နှစ်များထက် အထွက်နှုန်း နည်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ယခုအခါ မတ်ပဲအသစ်များ စတင်ထွက်ရှိပြီဖြစ်ရာ ဒေသတွင်း ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ဟင်္သာတဈေးကွက် သို့ ရက်ခြား၍  တင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇလွန်မြို့နယ်မှ တင်ပို့ရောင်းချရာ တွင် မတ်ပဲအသစ် တစ်တင်းလျှင် အရည်အသွေး အလိုက် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကြား ဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၄ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါ သည်။၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲ ဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင်  ၁၀၀၀၀၀ ကျပ် ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသော်လည်း ယခင်နှစ်များထက် အထွက်နှုန်း ကျဆင်းမှုကြောင့် ယခင်နှစ်ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်နည်းကြောင်းသိရှိရပါသည်။ မတ်ပဲသည် ဒေသ၏ ရာသီချိန်စိုက်ပျိုးသော ဆောင်းသီးနှံ ဖြစ်ခြင်းကြောင့် တောင်သူတို့အနေဖြင့် တစ်နှစ်ထက် တစ်နှစ် အထွက်နှုန်းကောင်းမွန်စေရေး ကြိုးစားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် နွေစပါးစိုက်ပျိုးမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်တွင်မိုးစပါးစိုက်ဧက(၂၅၃၃၈၉၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၅ခုနှစ်တွင် ဟင်္သာတခရိုင်၌ နွေစပါးစိုက်ဧက(၅၉၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး၊ လေးမျက်နှာမြို့နယ် တွင် (၁၇၅၃)ဧက လျာထားကာ (၁၆၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်း၊ နွေစပါးမျိုးအနေဖြင့်  ထိုင်းရက် (၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။

           ယခုအခါ နွေစပါးစိုက်တောင်သူများအနေဖြင့် မြေပြင်ထွန်ယက်စိုက်ပျိုးကြရာ သီးနှံထွက် ပေါ်ချိန် မိုးလွတ်လေလွတ် ရိတ်သိမ်းနိုင်ရန်အတွက် သက်ယဉ်စပါးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ နွေစပါး စိုက်ပျိုးမှု(၁)ဧက မျိုးအနေဖြင့် ၃ တင်းစိုက်ပျိုးရပြီး၊  မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေထွန်ယက်ခ အပါအဝင် ၂ သိန်းဝန်းကျင်ခန့်ကုန်ကျပါသည်။ နွေစပါးသည် နေရောင်ခြည်ကောင်းစွာ ရရှိသောကြောင့် အစေ့အဆံများ အောင်မြင်ဖြစ်ထွန်းကာ မိုးစပါးထက်အထွက်နှုန်း ပိုကြောင်းသိရှိ ရပါသည်။ နွေစပါးပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမို ရရှိမည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသူ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း