ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်နာနတ်သီးဈေးနှုန်းဈေးကွက်

                   နာနတ်သီး(အင်္ဂလိပ်အမည်-pineapple) သည်စားသုံးရန် ကောင်းမွန်သည့်အသီးဖြစ်သည့်အပြင် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ များပါဝင်ပြီး အလှအပအတွက်လည်း အလွန်ကောင်းမွန်သည့် အသီးဖြစ် ပါသည်။ နာနတ်သီးတွင် ပါဝင်သောအမျှင်ဓာတ်များသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါသည်။ နာနတ်သီးကို အဓိကအားဖြင့် ရှမ်းပြည်နယ်မှထွက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမှ ထွက်ရှိသည့် အသီးသည် ဈေးကွက်တွင် အလွန်ကျယ်ပြန့်စွာ ရောင်းချလျက်ရှိပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရှမ်းပြည်မြောက်ပိုင်း သီပေါနှင့်ကျောက်မဲဒေသထွက် နာနတ်သီးများကို  SPS ညီညွှတ်စွာဖြင့် နှစ်နိုင်ငံကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်မြောက်ပိုင်း မှနာနတ်သီးများကို မန္တလေးသို့ အဓိက ဝင်ရောက်လျက်ရှိပြီး ထိုမှတစ်ဆင့် မြန်မာပြည်အောက်ပိုင်းနှင့် အညာဒေသများသို့ တစ်ဆင့်ဖြန့်ဖြူးလျက် ရှိပါသည်။ နာနတ်သီးကို မန္တလေးသီရိမာလာဈေး အပါအဝင် သစ်သီးဝလံ ပွဲရုံများသို့ ရှမ်းနာနတ်သီး များ အများအပြားဝင်ရောက်လျက်ရှိပါသည်။ နာနတ်သီးများကို ဆိုဒ်နှင့်အရွယ်အစားအစားပေါ် မူတည်၍ ကွဲ ပြားလျက်ရှိပါသည်။ ယခုအခါ အကြီးဆိုဒ် တစ်လုံးလျှင် ပျှမ်းမျှ ဈေးနှုန်း (၄၀၀၀-၅၀၀၀)ကြား၊ အလတ်ဆိုဒ် တစ်လုံးလျှင်(၂၀၀၀-၃၀၀၀)ကြား ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCa(မန္တလေး)

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေ၊ ဇွန်၊ ဇူလိုင်လအတွင်း အုန်းသီးအလုံးရေ ၁၀၈၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့

         ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လတစ်လတာ ကာလအတွင်း အုန်းသီးအလုံးရေ   ၆၅၀၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်၌ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပြောပြချက်အရ  သိရသည်။

         ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလ အတွင်းက   အုန်းသီးအလုံးရေ   ၃၅၀၀၀၀ ခန့်သာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး  ဇူလိုင်လ ၁ ရက်မှ ၁၀ ရက် အတွင်း အုန်းသီးအလုံးရေ ၈၅၀၀၀ ခန့် တင်ပို့ ရောင်းချခဲ့ရကြောင်း သိရသည်။

       ''ဓနုဖြူမြို့နယ်ကနေ  လယ်ယာထွက်ကုန်တွေရော ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချကြောင်း ဓနုဖြူမြို့နယ်တွင် အုန်းစိုက်ပျိုးဧက ၁၀၁၀ ဧက ရှိပြီး ပြည်တွင်းမှာ  အုန်းသီးဝယ်လိုအား ကောင်းနေတယ်လို့ သိရပါတယ်။ အုန်းဆီ ၁လုံးလျှင် လက်ကားဈေး ၂၅၀၀-၃၀၀၀ကျပ် လက်ရှိအုန်းသီးဈေးက စိုက်ပျိုးသူတွေ အဆင်ပြေတဲ့ ဈေးနှုန်းဖြစ်ပါတယ် ရောင်းချသူထံမှ သိရသည်။

        ဓနုဖြူမြို့နယ်မှ အုန်းသီးအခြောက်၊   အုန်းသီး အစိမ်း၊ အုန်းသီးအနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ စသည်တို့ကို  ကုန်တင်ယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့်  တင်ပို့ရောင်းချနေ ကြောင်း၊  အဆိုပါဒေသထွက် အုန်းသီးများ ဈေးကောင်းရရှိလာခြင်း၊  ဝယ်လိုအားကောင်းလာခြင်းတို့ကြောင့် အုန်းခြံလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များနှင့်  ကုန်တင်ယာဉ် အငှားလိုက်သူများ  အဆင်ပြေနေကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

 

မအူပင်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များတွင် စားအုန်းဆီများ စနစ်တကျဖြန့်ဖြူးရောင်းချလျက်ရှိ

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များတွင် ပြည်သူများထံ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးစရိတ်များအပါအဝင် သက်ဆိုင်ရာသတ်မှတ်ဈေးနှုန်းဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း သိရသည်။

           ပန်းတနော်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၌ စားအုန်းဆီခွဲတမ်း ၄,၀၇၀ ပိဿာရရှိခဲ့ပြီး ရရှိသည့်ဆီအားလုံးကို ရောင်းချပေးနိုင်ခဲ့သည်။ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၃၀ ကျပ်ဖြစ်ပြီး ပြည်သူများထံ တစ်ပိဿာလျှင် ၇,၉၃၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချခဲ့သည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း စားအုန်းဆီ ၄,၀၇၀ ပိဿာ ထပ်မံရရှိခဲ့ပြီး ယခင်လက်ကျန်အပါအဝင် စုစုပေါင်း ၄,၂၉၀ ပိဿာကို ပြည်သူများထံ ၇,၉၃၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။

         ညောင်တုန်းမြို့နယ်တွင် စားအုန်းဆီ ၃,၃၀၀ ပိဿာ ခွဲတမ်းရရှိခဲ့ပြီး ရရှိသည့်ဆီအားလုံးကို ပြည်သူများထံ ရောင်းချပေးခဲ့သည်။ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၃၀ ကျပ်ဖြစ်ပြီး ပြည်သူများထံ တစ်ပိဿာလျှင် ၇,၈၀၅ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချခဲ့သည်။

          ဓနုဖြူမြို့နယ်တွင် စားအုန်းဆီ ၂,၇၅၀ ပိဿာ ခွဲတမ်းရရှိခဲ့ပြီး ရရှိသည့်ဆီအားလုံးကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချခဲ့သည်။ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၃၀ ကျပ်ဖြစ်ပြီး ပြည်သူများထံ တစ်ပိဿာလျှင် ၇,၉၃၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

           ထို့ပြင် မြို့နယ်များသို့ ရောက်ရှိလာသော စားအုန်းဆီများကို ရရှိသည့်နေ့တွင် စာရင်းများ စနစ်တကျပြုစု၍ နောက်တစ်ရက်တွင် ပြည်သူများထံ အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ 7 ရက်နေ့မှ 23 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂2၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၆-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၆ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၄-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၄ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

“နွေစပါးများစတင်ရိတ်သိမ်းလျက်ရှိ”

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မတ်လကုန် ဧပြီလဆန်းမှစတင်၍ နွေစပါးများစတင်စိုက်ပျိုးလျက် ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် နွေစပါး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၅၅၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၇၁၈)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၀၁၁၀) ၊ စုစုပေါင်း(၂၄၃၈၇)ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် နွေစပါးများ စတင်ရိတ်သိမ်း နေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင် (၁၇၆၄)ဧက  ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေစပါး စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးမှာ မနောသုခမျိုးဖြစ်ကြောင်း ၊  အထွက်နှုန်းအနေဖြင့်(၈၅-၉၀)တင်းခန့် ထွက်ရှိကြောင်း ၊

             ယခုလက်ရှိ စပါးပေါက်ဈေးအနေဖြင့် ဧရာပဒေသာ(အဟောင်း) တစ်တင်းလျှင် (၃၂၀၀၀ - ၃၅၀၀၀) ကျပ် ၊ မနောသုခ(အဟောင်း)တစ်တင်းလျှင်(၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဧရာပဒေသာ(အဟောင်း)ဆန် တစ်အိတ်လျှင်(၁၄၀၀၀၀-၁၄၅၀၀၀)ကျပ် ၊ မနောသုခ(အဟောင်း)ဆန် တစ်အိတ်လျှင်(၈၀၀၀၀-၈၅၀၀၀)ကျပ်၊မနောသုခနွေစပါး(အသစ်)တစ်တင်းလျှင်(၁၆၀၀၀-၁၇၀၀၀)ကျပ်၊မနောသုခ(အသစ်) ဆန်တစ်အိတ်လျှင်(၆၀၀၀၀-၆၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက် အနေဖြင့် ပွဲစားများမှ စပါးစိုက်ပျိုးသည့် ကျေးရွာများသို့ တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊ နွေစပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုး အမြတ်အနေဖြင့်(၅၆၀၀၀၀/-) ကျပ်ခန့်ရရှိကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။

DOCA(ရှမ်း)

 

 

“ရှမ်းပြည်နယ်မြောက်ပိုင်း၏ ရွှေကဲ့သို့တန်ဖိုးရှိသော ရာသီစာရေပြောင်းဖူးဈေးကွက်”

          ရေပြောင်းဖူး (သို့မဟုတ်) စပါးဥ သီးနှံသည် ရှမ်းပြည်နယ်မြောက်ပိုင်း တောင်သူများအတွက် ရာသီအလိုက် တွက်ခြေကိုက်ပြီး မိသားစုဝင်ငွေ တိုးပွားစေသော ဒေသထွက် အဖိုးတန်သီးနှံတစ်ခု ဖြစ်ပါသည်။ ၎င်းကို တရုတ်-မြန်မာ နယ်စပ်ဒေသများနှင့် ရှမ်းမြောက်တောင်တန်းဒေသများတွင် ရာသီစာအဖြစ်သာမက စီးပွားဖြစ်ဈေးကွက်ဝင်ကုန်စည်တစ်ခုအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ် လာကြသည်။

        ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း စသည့် မြို့နယ်များရှိ ရေရရှိမှု ကောင်းမွန်သော စိမ့်စမ်းမြေများနှင့် စိုက်ခင်းများတွင် ရေပြောင်းဖူးကို အဓိက စိုက်ပျိုးကြသည်။ နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လ မိုးရာသီကာလများတွင် ပေါ်ဦးပေါ်ဖျား အပြိုင်အဆိုင် စတင်ထွက် ရှိသည်။ ရေပြောင်းဖူးသည် ရိုးရိုးပြောင်းဖူးများကဲ့သို့ အစေ့အဆံကို စားသုံးခြင်းမဟုတ်ဘဲ Wild rice ခေါ် စပါးရိုင်းပင်၏ နုညံ့ချိုဆိမ့်သော အဖြူရောင် ပင်စည်အတွင်းသားကိုသာ စားသုံးရခြင်းဖြစ်၍ လတ်ဆတ်မှုရှိရန် အလွန်အရေးကြီးသည်။

      ရေပြောင်းဖူးသည် ဒေသတွင်း စားသုံးမှုအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် မြို့ကြီးများသို့ပါ ကွန်ရက်ချိတ်ဆက် စီးဆင်းလျက်ရှိသည်။ လားရှိုးမြို့မဈေးကြီးနှင့် ဒေသတွင်း ပျံကျဈေးများတွင် ပေါ်ဦးပေါ်ဖျားအချိန်၌ ဈေးကောင်းရလေ့ရှိသည်။ စားသုံးသူများသည် ၎င်းကို သုပ်စားခြင်း၊ အသားများနှင့် ရောကြော်စားခြင်းများ ပြုလုပ်ရန် နေ့စဉ်ဝယ်ယူကြသဖြင့် ဝယ်လိုအား အမြဲရှိ နေသည်။ နမ့်ခမ်းနှင့် မူဆယ် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုများ လည်းရှိသည်။ တရုတ်နိုင်ငံတွင် ၎င်းကို "ကောပိုင်" (Jiaobai) ဟုခေါ်ဆိုပြီး ဟင်းလျာအဖြစ် အလွန် လူကြိုက်များသဖြင့် အရည်အသွေးနှင့် လတ်ဆတ်မှုအပေါ် မူတည်ကာ ယွမ်ငွေဖြင့် စျေးကောင်းပေး ဝယ်ယူကြသည်။

         ကားလမ်းကြောင်းများမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့ကြီးများရှိ ရှမ်းရိုးရာစားသောက်ဆိုင် များနှင့် ဟင်းသီးဟင်းရွက်ပွဲရုံများသို့ အအေးခန်းစနစ် သို့မဟုတ် လေဝင်လေထွက်ကောင်းသော စနစ်များဖြင့် တင်ပို့ရောင်းချကြသည်။

       ရေပြောင်းဖူးသည် စိုက်ပျိုးရက် သက်တမ်းတိုပြီး ဂရုစိုက်ရလွယ်ကူခြင်းကြောင့် စိုက်ပျိုး တောင်သူများအတွက် အကျိုးအမြတ် များပြားစေသည်။ ပြောင်းဖူးစိမ်းနှင့် သကြားပြောင်းများ ကဲ့သို့ပင် ရေပြောင်းဖူးသည်လည်း စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ထက် ပြန်လည်ရရှိသော ဝင်ငွေက သာလွန်သဖြင့် တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှသည် ဧကအလိုက် တိုးချဲ့စိုက်ပျိုးလာကြ သည်။

        ဈေးကွက်အလားအလာကောင်းမွန်သော်လည်း တာရှည်ခံမှု အားနည်းသောကြောင့် နုတ်ယူ ပြီးနောက် အခွံခွာထားပါက အသားပုပ်လွယ်သဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် စနစ်တကျထုပ်ပိုးရန် လိုအပ်သည်။ လက်ရှိဒေသတွင်း အခြေအနေများနှင့် သယ်ယူစရိတ် မြင့်မား မှုများကြောင့် အချို့အချိန်များတွင် ဝယ်သူပွဲစားများ စိုက်ခင်းအထိ လာရောက်နိုင်မှု နည်းပါးခြင်းတို့ ကြုံတွေ့နေရသည်။

           ရှမ်းပြည်နယ်မြောက်ပိုင်း၏ ရေပြောင်းဖူးဈေးကွက်သည် ဒေသခံတောင်သူများအတွက် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုနေသည့် သီးနှံဖြစ်သည်။ အကယ်၍ နည်းပညာစနစ်တကျဖြင့် တာရှည်ခံအောင် ထုပ်ပိုးနိုင်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ပြည်တွင်းတင်မက ပြည်ပအထိပါ ယခုထက်မက ပိုမိုကျယ်ပြန့်လာမည့် အလားအလာရှိသော စိုက်ပျိုးရေးစီးပွားရေးကဏ္ဍတစ်ခုပင် ဖြစ်ပါသည်။

DOCA(ရှမ်း)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ပဲအမျိုးအစားအလိုက် ဈေးနှုန်းစာရင်းနှင့် ပဲလက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်ဒုတိယပတ် ပဲလက်ကျန်နှင့်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲ ထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်  ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ ဇူလိုင်လလည်မှာ ကျောက်ဆည်တွင် နှမ်းအထွက် နှုန်းနည်းပါးမည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၆ ခုနှစ်အတွက် လက်ကျန်တန်ချိန် (၁၆၀၀) ဝန်းကျင်ရှိကြောင်းနှင့် ဇူလိုင်လ ပထမတွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ် တွင် ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၅၀၀ ကျပ်ခန့်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၅၀၀၀ ကျပ်၊ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၅၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၅၄၀၀၀၀ ကျပ်၊ ပဲပုတ် ၂၀၂၆ ခုနှစ် အတွက် လက်ကျန်တန်ချိန် (၁၆၀၀)ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၆၃၀၀) ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ် စျေးနှုန်း

        ဂေါ်ဖီထုပ်ကို မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပြီး အစားအသောက်များတွင် ပါဝင်သော အစားအသောက်တစ်ဦးဖြစ်သည်။ ဂေါ်ဖီထုပ်ကို ဟင်းချိုချက်သောက်ခြင်း၊ အသားတစ်မျိုးမျိုးဖြင့်ရောကြော်ခြင်း၊ အသုပ်ထဲထည့်စားခြင်း၊ အစိမ်းကြော်ကြော်ခြင်း၊ ကော်ပြန့်ကြော်စသော မုန့်ပဲသရေစာများတွင်လည်း အဆာပလာအနေဖြင့် ထည့်သွင်းခြင်းနှင့် ငပိရည်တို့စရာ အတို့အမြုပ်အဖြစ်လည်း အမျိုးမျိုး စားသုံးကြသည်။ ဂေါ်ဖီထုပ်ကို အေး၍စိုစွက်သောဒေသများတွင် စိုက်ပျိုးမှုသက်တော်သောသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး၊ ဟဲဟိုးနှင့် ပင်းတယဒေသတို့တွင် အဓိကစိုက်ပျိုးကြသည်။ ဂေါ်ဖီထုပ်ကို ရေမတင်နိုင်သော နုန်းမြေ၊ မြေနုမြေမွနှင့် ရေစီးရေလာကောင်းမွာပြီး ရေသွင်းရေထုတ် လွယ်ကူသောနေရာများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ဂေါ်ဖီထုပ်တွင် အဟာရဓာတ်များစွာ ပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီထုပ်ပင်များကို မျိုးကွဲများဖြစ်ထွန်းအောင်ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ဂေါ်ဖီထုပ်သည် ထုတ်လုပ်မှုနှင့် သိုလောင်သိမ်းဆည်းရာတွင်လွယ်ကူပြီး ရာသီဥတုအခြေအနေနှင့် မြေအခြေအနေကို လိုက်လျောညီထွေမှုရှိသည့်အပြင် ဟင်းသီးဟင်းရွက်တွင် ပါဝင်သော အာဟာရဓာတ်မြင့်မားမှုကြောင့် ဝယ်လိုအားများပြီး ဈေးကွက်ကြီးမား၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သော လူကြိုက်များသည့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ ဂေါ်ဖီထုပ်တွင် အစာချေစနစ်ကို အားဖြည့်ပေးသည့် ရေဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပါသည်။ ဂေါ်ဖီထုပ်သည် သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဖော်လက်အက်စစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်၊ ဘီတာမင်ဓာတ်နှင့် သံဓာတ်စသော အာဟာရဓာတ်များစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူပြစေသည်။ အချဥ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကိုစားပေးခြင်းဖြင့် ကိုယ်ခန္ဓာအတွက် အကျိုးပြုဘက်တီးရီးယား ကြွယ်ဝသောကြောင့် အစာချေစနစ်ကျန်းမာစေသလို အခြားသော ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေပါသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချ နေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုတ်လျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ခန့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း