ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်ဒေသထွက်သကြားပြောင်းပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

             ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ ထိုမှထွက်ရှိသော သကြားပြောင်းများကို ပြည်မြို့ရှိဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။ သကြားပြောင်းများကို လူအများသည် သရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍စားသုံးကြသဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်ပြီး ပြောင်းဖူးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသည့်ပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများက ပြောင်းခင်းများသို့ဆင်း၍ ဝယ်ယူကြသလို ရွှေတောင်မြို့မှ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ယခုအခါ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် သကြားပြောင်းတစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် သကြားပြောင်းဈေးမှာ အဖူးကြီးတစ်ဖူးလျှင် (၃၅၀-၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် သကြားပြောင်း ဈေးမှာမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီ အသစ်များစတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော ပေါက်၊ ရေစကြို၊ ကမ္မ၊ ရေပြာနှင့် ဆိပ်ဖြူနယ်မှ မိုးစိုက်(ဥစိုက်)များ အများဆုံးစိုက်ပျိုးကြပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ရေစကြိုမြို့မှ မိုးစိုက်(ဥစိုက်)များ ဒီဇင်ဘာလဆန်းမှ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ကြက်သွန်နီကုန်ဝယ်ဒိုင်သို့အသစ်များသာမက ယောဒေသထွက်ကြက်သွန်နီအဟောင်းများ လည်းဝင်ရောက်လျက်ရှိကြောင်း ၊ ယခုတစ်ပတ်၏ယော ကြက်သွန်နီ  အ‌ဟောင်းဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၁၀၀) အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင်ကျပ် (၂၄၀၀)၊ ကြက်သွန်နီအသစ် ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အလတ်စ တစ်ပိဿာ လျှင် ကျပ်(၂၀၀၀)၊ အနိမ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်မှု ကုန်ချိန်မှာ ပိဿာချိန်(၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်း ရန်ကုန်နှင့်  မြဝတီမြို့များသို့ တင်ပို့နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ စတင်အ‌ရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်၌ ဒီဇင်ဘာလ(ပထမပတ်)တွင် နှမ်းနက်စမုံ၊ နှမ်းဝါများ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲနီပြား၊ အခြားပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းနက်စမုံ၊ နှမ်းဝါ၊နှမ်းညိုများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေး အချက်အချာကြသော နေရာဒေသ တစ်ခုလည်းဖြစ်ပြီး နယ်ပေါင်းစုံမှ သီးနှံများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခုဒီဇင်ဘာလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်သို့ ယောဒေသမှထွက်ရှိသော နှမ်းနက် စမုံ၊ နှမ်းဝါများ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ ယခုတစ်ပတ် ၏  နှမ်းနက်စမုံမှာ အမျိုးအစားကိုလိုက်၍ တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀ မှ ၂၂၂၀၀၀)၊ နှမ်းဝါ တစ်တင်းလျှင် ကျပ်(၁၀၅၀၀၀)ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ နှမ်းနက်စမုံ (၅၀၀)အိတ်၊ နှမ်းဝါ(၃၀၀) အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ဒေသထွက်ပန်းဂေါ်ဖီဈေးကွက်

            ပြည်မြို့နယ်ရှိ ဈေးကွက်များတွင် ဒေသထွက်ပန်းဂေါဖီမျိုးများ စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသများတွင် စိုက်ပျိုးပြီး ရက် (၉၀)အကြာ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်းသိရပါသည်။ ပြည်မြို့နယ်အနေဖြင့် ပန်းဂေါ်ဖီကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးသည့်ကျေးရွာများမှာ မှော်ဇာကျေးရွာ၊ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် ပေါင်းတလည်မြို့ရှိ ခွေးရဲကျေးရွာတို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောပန်းဂေါ်ဖီများကို ပြည်မြို့အတွင်းရှိ ဈေးများအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပန်းဂေါ်ဖီဈေးနှုန်းများမှာ ပေါ်စအချိန်တွင် တစ်ပွင့်လျှင် (၂၀၀၀-၂၅၀၀)ကျပ် ဖြင့်ဈေးကောင်းရ၍ ယခုအချိန်ဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းတွင်  ပုတီးကုန်း၊ သဲကုန်း၊ ရွှေတောင်မြို့များမှ ပန်းဂေါ်ဖီများဝင်ရောက်လာသဖြင့် အထွက်လှိုင်လာသောကြောင့် တစ်ပွင့်လျှင် (၁၅၀၀-၁၈၀၀)ကျပ်ဖြင့်သာ ရောင်းဝယ်လျက်ရှိ၍ ဈေးအနည်းငယ်ကျဆင်းလာခဲ့သဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးကြရမည်ဖြစ်ကြောင်းသိရှိရသည်။

DOCA(ပဲခူး)

ပြည်မြို့၏ကန်စွန်းဥဈေးကွက်

            ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥများ ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥနှင့် ကိုးရီးယားကန်စွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှင့် ကိုးရီးယားကန်စွန်းဥ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ကိုးရီးယားကန်စွန်းဥမှာ မြန်မာကန်စွန်း ဥထက်အရသာပိုချိုပြီး အလုံးအရွယ်အစားမှာလည်းကြီးသောကြောင့် မြန်မာကန်စွန်းဥထက် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းရောင်းချနေသည့်ဟင်းကပေါင်းသီး

            ဟင်းကပေါင်းပင်မှာ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ ကြက်ဟင်းခါးသီးပင်နှင့် အမျိုးအစား တူညီပါသည်။ ဟင်းကပေါင်းပင်မှာ စိုက်ပျိုးထားသည့် အပင်အမျိုးအစားမဟုတ်ပါပဲ ရာသီပေါ်စားစရာ သဘာဝစစ်စစ်အပင်မျိုးဖြစ်ပါသည်။ အသီး၏ပုံပန်းသဏ္ဍာန်မှာ ပိန္နဲသီးအကင်းနှင့်တူပါသည်။ ကြက်ဟင်းခါးသီးကဲ့သို့ပင် အထဲတွင်အစေ့ကလေးများလည်းပါရှိပါသည်။ အသီးအခွံအရောင်မှာ စိမ်းဝါရောင်တောက်တောက် ရှိပါသည်။ ဟင်းကပေါင်းသီးပင်မှာ ကျေးလက်ဒေသများတွင် ခြုံပုတ်များပေါ်တွင် အများအပြား အလေ့ကျပေါက်သည့် အပင်အမျိုးအစားဖြစ်ပါသည်။ သဘာဝအလျှောက် အလေ့ကျပေါက်သည့်အပင်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ရောင်းချရာတွင် ဈေးနှုန်းမှာ အသီးလုံး ၅လုံးပါ အတွဲ တစ်စည်းလျှင် (၁၀၀၀-၁၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏မြေပဲဆန်ဈေး

              ပြည်ခရိုင်တွင်စိုက်ပျိုးလျှက်ရှိသော မိုးမြေပဲစိုက်ပျိုးဧကမှာ ယခုနှစ်တွင် ၄၁၃၁၉ဧက စိုက်ပျိုးပြီး ထွက်ရှိမှုမှာ ၃၆၃၆၁ ဧကခန့် ရိတ်သိမ်းနိုင်ခဲ့ပါသည်။ ပြည်ခရိုင်၏မြေပဲဆန်ဈေးမှာ လက်ကျန်နည်းနေပြီဖြစ်၍ ဈေးအနည်းငယ်မြင့်လျက်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆန်အဝင်နည်း၍ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝင်ရှိပါသည်။ မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာကို ၈၄၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်ဖြင့်အဝင်ရှိပြီး လုပ်ငန်းရှင်များနှင့်ရန်ကုန်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ်(၃၀၀)ခန့် အဝယ်ရှိပါသည်။ မြေပဲဆန်အဝင်မှာ တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ ရှိပြီး အရောင်းအဝယ်မှာ ဆီစက်သမားနှင့် ရွေးဆန်သမားများတစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မြေပဲဆီဆန် (အနီ) တစ်ပိဿာ လျှင် ၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်တွင် မြေပဲဆီဆန်နှင့် လုံးဆန်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၏ကျောက်ဖရုံသီး စိုက်ပျိုးထွက်ရှိမှု

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူတောင်သူ (၈)ဦးရှိပြီး ကျောက်ဖရုံစင်ပေါင်း (၈)စင်ရှိပါသည်။ ထို့ကြောင့် ကျောက်ဖရုံစိုက်ပျိုးထုတ်လုပ်မှုအား သိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၃.၁၂.၂၀၂၄) ရက်နေ့တွင်သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

          ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ထိုးတွင်းစဉ်ကျေးရွာတွင် ကျောက်ဖရုံသီး စိုက်ပျိုးသူ တောင်သူ ဦးဘိုနိုင်ဝင်း နှင့်တွေ့ဆုံ၍ မေးမြန်းရာ စင်တစ်စင်ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ် ခန့်ကုန်ကျပြီး ကျောက်ဖရုံစင်တစ်စင်လျှင် (၃)နှစ်ခန့် အသုံးပြုရပါသည်။ ထိုအပြင် အခြား မျိုးဖိုးနှင့် သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ၅၀၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ကျောက်ဖရုံသီးထွက်ပေါ်ချိန်တွင် တစ်လလျှင် (၄)ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ် လျှင် အနည်းဆုံးအလုံးရေ(၅၀)ခန့် ခူးဆွတ်ရရှိပါသည်။ ထို့ကြောင့်စင်တစ်စင်လျှင် အလုံးပေါင်း ၆၀၀ ကျော်ခူးဆွတ်ရရှိသည်ဟု သိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချသဖြင့် ဝင်ငွေအနေဖြင့်(၁၂)သိန်းကျပ်ခန့်ရရှိ၍ တောင်သူအသားတင် အမြတ်အနေ ဖြင့် (၇၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ပထမစတင်စိုက်ပျိုးသောနှစ်တွင် စင်ဘိုးကုန် ကျပြီး နောက်နှစ်များတွင် စင်ဘိုးကုန်ကျမှုမရှိသည့်အတွက် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်းသိရသည်။ ထွက်ရှိလာသော ကျောက်ဖရုံသီးများကို ရောင်းချသောဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့အနီးရှိ ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူများအား ရောင်းချလျက်ရှိသလို ဈေးကွက်များသို့လည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသေး(ခေါ်) ပဲနှောက်သီးနှံများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းသေး(ခေါ်) ပဲနှောက်သီးနှံများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)မှစ၍ ပဲနှောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ(ပထမပတ်)တွင် လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း (ခေါ်) ပဲနှောက်သီးနှံသည် တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်အတွင်း အများဆုံး စိုက်ပျိုးသည့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ပဲနှောက်သီးနှံများ အများဆုံးဝင်ရောက်  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

     ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စအချိန် ဩဂုတ်လ(ပထမ)ပတ်တွင် ပဲနှောက်သီးနှံ တစ်တင်းလျှင် ငွေကျပ်(၇၂၅၀၀-၇၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုနိုဝင်ဘာ (စတုတ္ထ)ပတ်တွင် ဈေးမြင့်တက်ပြီး ပဲနှောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် (၁၀၄၀၀၀ - ၁၀၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ သီးနှံပေါ်စနှင့် ယခုအချိန်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင် ငွေကျပ်(၃၂၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

တောင်ငူမြို့သို့ဝင်ရောက်လာသည့် ရှမ်းပြည်မှ ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီးများ

              တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့မှ ဝင်ရောက်လာသည့် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီးများ ရောင်းချလျက်ရှိနေပါသည်။ ပင်မှည့်သီးတွင် အနီသီးနှင့်အဝါသီးဟူ၍ နှစ်မျိုးရှိပါသည်။ ပင်မှည့်သီးကို သကြားနှင့်တို့စားနိုင်သကဲ့သို့ ဖျော်ရည်ပြုလုပ်၍လည်း သောက်သုံးနိုင်ကြောင်းသိရသည်။

              ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း မလိုအပ်သေအဆီများကို လျော့ကျစေပြီး အမောခံနိုင်၍ ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။ ပင်မှည့်သီးတွင်ပါဝင်သည့် သကြားဓါတ်သည် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ ပင်မှည့်သီးတွင် ပါဝင်သည့် ဗီတာမင်အေသည် ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာနှင့် နှလုံးရောဂါကို ကာကွယ်ပေးကြောင်း သိရှိရသည်။

              ပင်မှည့်သီးကို ယခင်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ရောင်းချရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ပင်မှည့်သီးကို အနှစ်ထုတ်ယူ၍ ထုပ်ပိုးပြီး တစ်ထုတ်လျှင် ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် စသည်ဖြင့် အလေးချိန်ကိုလိုက်၍ ရောင်းချကြောင်း သစ်သီးအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပျဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း